ကမ္ဘာဦးကျမ်း 38
38
ယုဒနှင့်တာမာ
1ထိုကာလတွင် ယုဒသည် မိမိညီအစ်ကိုတို့ထံမှထွက်သွား၍ ဟိရအမည်ရှိသော အဒုလံမြို့သားတစ်ယောက်နှင့်အတူနေထိုင်လေ၏။ 2ထိုအရပ်၌ ယုဒသည် ရှုအာအမည်ရှိသော ခါနာန်လူမျိုးတစ်ယောက်၏သမီးကိုတွေ့မြင်ပြီးလျှင် သူနှင့်စုံဖက်၍ သူ့ထံသို့ဝင်လေ၏။ 3ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွား၏။ ယုဒသည် ထိုသား၏အမည်ကို ဧရ ဟုမှည့်ခေါ်လေ၏။ 4ထိုမိန်းမသည် နောက်တစ်ဖန် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားရာ ထိုသား၏အမည်ကို ဩနန် ဟုမှည့်ခေါ်လေ၏။ 5နောက်တစ်ဖန်ထပ်၍ သားကိုမွေးဖွားရာ ထိုသား၏အမည်ကို ရှေလ ဟုမှည့်ခေါ်လေ၏။ ရှေလကိုမွေးဖွားသောအခါ ယုဒသည် ခေဇိပ်မြို့တွင် ရောက်နေ၏။
6ထို့နောက်တွင် ယုဒသည် မိမိ၏သားဦးဧရကို တာမာအမည်ရှိသောအမျိုးသမီးနှင့် စုံဖက်ပေးလေ၏။ 7ယုဒ၏သားဦးဧရသည် ထာဝရဘုရားမျက်မှောက်တော်၌ဆိုးသောသူဖြစ်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူ့ကိုကွပ်မျက်တော်မူ၏။ 8ထို့နောက် ယုဒက ဩနန်အား “သင့်အစ်ကို၏မယားထံသို့ဝင်လော့။ မတ်တစ်ယောက်၏တာဝန်ကိုဖြည့်ဆည်း၍ သင့်အစ်ကို၏မျိုးဆက်ကိုဖြစ်ထွန်းစေလော့”ဟု ဆိုလေ၏။ 9သို့သော် ဩနန်က ဤမျိုးဆက်သည် မိမိ၏မျိုးဆက်ဖြစ်မည်မဟုတ်ကြောင်း သိ၏။ ထို့ကြောင့် သူသည် မိမိအစ်ကို၏မယားထံသို့ဝင်သောအခါ မိမိအစ်ကိုအတွက် မျိုးဆက်မဖြစ်ထွန်းစေရန် သုက်ရည်ကို အပြင်သို့စွန့်ထုတ်၏။ 10သူပြုသောအမှုသည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသောအမှုဖြစ်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူ့ကိုလည်း ကွပ်မျက်တော်မူ၏။
11ယုဒက မိမိ၏သားရှေလသည်လည်း သူ၏အစ်ကိုများကဲ့သို့ သေမည်ကိုစိုးရိမ်သဖြင့် မိမိ၏ချွေးမတာမာအား “ရှေလကြီးပြင်းသည်အထိ သင့်ဖခင်၏အိမ်၌ မုဆိုးမအဖြစ်နှင့်နေလော့”ဟု ဆိုလေ၏။ ထို့ကြောင့် တာမာသည်သွား၍ မိမိဖခင်၏အိမ်၌နေထိုင်လေ၏။
12ကာလအတန်ကြာသော် ရှုအာ၏သမီးဖြစ်သော ယုဒ၏မယားသည် သေဆုံးလေ၏။ ယုဒသည် စိတ်သက်သာရာရပြီးမှ မိမိ၏မိတ်ဆွေအဒုလံမြို့သားဟိရနှင့်အတူ မိမိ၏သိုးမွေးညှပ်သမားတို့ရှိရာ တိမနတ်မြို့သို့တက်သွား၏။ 13ထိုအခါ တစ်စုံတစ်ဦးက တာမာအား “သင်၏ယောက္ခမသည် သိုးမွေးညှပ်ရန် တိမနတ်မြို့သို့သွားနေသည်”ဟု ကြားပြောလေ၏။ 14ရှေလကြီးပြင်းလာပြီဖြစ်သော်လည်း တာမာက မိမိကို ရှေလနှင့်မပေးစားကြောင်း သိမြင်သဖြင့် မိမိကိုယ်ပေါ်မှ မုဆိုးမအဝတ်ကိုချွတ်၍ မိမိကိုယ်ကိုခြုံပဝါဖြင့် ဖုံးအုပ်ခြုံရုံပြီးလျှင် တိမနတ်မြို့သို့သွားရာလမ်းရှိ ဧနိမ်မြို့အဝင်ဝ၌ ထိုင်နေ၏။ 15ယုဒသည် သူ့ကိုမြင်သောအခါ သူသည် မိမိ၏မျက်နှာကိုဖုံးထားသောကြောင့် ပြည့်တန်ဆာဟု ထင်မှတ်လေ၏။
16ယုဒသည် သူ့ကို မိမိ၏ချွေးမဖြစ်ကြောင်းမသိသောကြောင့် လမ်းဘေးရှိတာမာထံသို့လှည့်လာပြီး “လာပါ။ သင့်ထံသို့ ငါဝင်လို၏”ဟု ဆိုလေ၏။ ထိုအခါ တာမာက “သင်သည် ကျွန်မထံသို့ဝင်လျှင် ကျွန်မအား မည်သည့်အရာကိုပေးမည်နည်း”ဟု မေးလေ၏။
17ယုဒကလည်း “သိုးဆိတ်တို့ထဲမှ ဆိတ်သငယ်တစ်ကောင်ကိုပို့ပေးမည်”ဟု ဆိုသော် သူက “သင်မပို့ပေးမီ အာမခံပစ္စည်းကိုသာ ပေးထားပါ”ဟု ဆို၏။
18ယုဒက “သင့်အား မည်သည့်အာမခံပစ္စည်းကို ငါပေးရမည်နည်း”ဟု မေးလျှင် သူက “သင်၏တံဆိပ်၊ သင်၏ကြိုး၊ သင်ကိုင်ဆောင်သောတောင်ဝှေး”ဟု ဆို၏။ ယုဒသည်လည်း ထိုပစ္စည်းတို့ကို သူ့အားပေးပြီး သူ့ထံသို့ဝင်သဖြင့် သူသည် ယုဒနှင့်ကိုယ်ဝန်ရလေ၏။ 19တာမာသည် ထသွား၍ မိမိကိုယ်ပေါ်မှ ခြုံပဝါကိုချွတ်ပြီးလျှင် မုဆိုးမအဝတ်ကိုပြန်ဝတ်၏။
20ထို့နောက် ယုဒသည် ထိုမိန်းမလက်မှ အာမခံပစ္စည်းကိုပြန်ယူရန် ဆိတ်သငယ်တစ်ကောင်ကို မိမိ၏မိတ်ဆွေအဒုလံမြို့သားနှင့်ပို့လိုက်၏။ သို့ရာတွင် သူသည် ထိုမိန်းမကိုရှာမတွေ့သဖြင့် 21သူက ထိုအရပ်၌ရှိသောလူတို့အား “ဧနိမ်မြို့လမ်းဘေး၌ထိုင်လေ့ရှိသော ဗိမာန်ပြည့်တန်ဆာ#38:21 “ပြည့်တန်ဆာလုပ်ခြင်းဖြင့် မိစ္ဆာဒိဋ္ဌိဆိုင်ရာနတ်ဘုရားတို့ကိုအလုပ်အကျွေးပြုသောမိန်းမ”ဟူသောအဓိပ္ပာယ်ရှိ၏။ အချို့မူရင်းကျမ်း၌ “ဗိမာန်”မပါ။သည် အဘယ်မှာနည်း”ဟု မေး၏။ သူတို့ကလည်း “ဤအရပ်၌ ဗိမာန်ပြည့်တန်ဆာမရှိ”ဟု ပြန်ပြောကြ၏။ 22ထိုအခါ သူသည် ယုဒထံသို့ပြန်လာ၍ “ထိုမိန်းမကို ရှာမတွေ့ပါ။ ထိုအရပ်၌ရှိသောလူတို့ကလည်း ‘ဤအရပ်၌ ဗိမာန်ပြည့်တန်ဆာမရှိ’ဟူ၍ ဆိုကြပါသည်”ဟု ပြောလေ၏။ 23ထိုအခါ ယုဒက “ထိုပစ္စည်းတို့ကို သူယူထားပါလေစေ။ ထိုသို့မဟုတ်လျှင် ငါတို့သည် မထီမဲ့မြင်ပြုစရာဖြစ်လိမ့်မည်။ ကြည့်ပါ။ ငါသည် ဤဆိတ်သငယ်ကိုပို့လိုက်သော်လည်း သင်သည် သူ့ကိုရှာမတွေ့ခဲ့ချေ”ဟု ဆိုလေ၏။ 24သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
25တာမာကို အပြင်သို့ထုတ်လာကြသောအခါ သူက “ကျွန်မသည် ဤပစ္စည်းတို့ကိုပိုင်သောသူနှင့်ကိုယ်ဝန်ရပါ၏။ ဤတံဆိပ်၊ ဤကြိုး၊ ဤတောင်ဝှေးတို့သည် မည်သူ၏ပစ္စည်းဖြစ်သည်ကိုစစ်ကြည့်ပါ”ဟု သူ့ယောက္ခမထံစကားပါးလိုက်၏။
26ထိုပစ္စည်းတို့ကိုမှတ်မိသဖြင့် ယုဒက “သူသည် ငါ့ထက်ဖြောင့်မတ်မှန်ကန်၏။ ငါမူကား ငါ့သားရှေလကို သူနှင့်မပေးစားဘဲနေမိပြီ”ဟု ဆိုလေ၏။ ယုဒသည် သူနှင့် နောက်တစ်ဖန်မဆက်ဆံတော့ပေ။
27ထို့နောက် တာမာသည် သားဖွားချိန်ရောက်လေ၏။ သူ၏ဝမ်းထဲ၌ သားအမြွှာရှိ၏။ 28သားဖွားစဉ်တွင် ကလေးတစ်ယောက်သည် လက်ကိုထုတ်သဖြင့် ဝမ်းဆွဲက ကလေး၏လက်ကိုကိုင်၍ ကြိုးအနီဖြင့်ချည်လျက် “ဤကလေးသည် အလျင်မွေးလာ၏”ဟု ဆို၏။ 29သို့သော် ထိုကလေးသည် လက်ကိုပြန်ရုပ်လိုက်ရာ ကျန်တစ်ယောက်သည် သူ့ထက်အလျင်မွေးလာ၏။ ထိုအခါ ဝမ်းဆွဲက “သင်သည် မရမကထိုးဖောက်ထွက်လာပါသည်တကား”ဟု ဆိုလေ၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဖာရက်#38:29 “ထိုးဖောက်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟုမှည့်ခေါ်လေ၏။ 30ထို့နောက်မှ လက်၌ကြိုးအနီချည်ထားသောကလေးသည် မွေးလာ၏။ ထိုသား၏အမည်ကို ဇေရ ဟုမှည့်ခေါ်လေ၏။
လက်ရှိရွေးချယ်ထားမှု
ကမ္ဘာဦးကျမ်း 38: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative