ယာကုပ်သည် မိမိဖခင်တည်းခိုနေထိုင်ရာပြည်ဖြစ်သည့် ခါနာန်ပြည်၌ နေထိုင်၏။ ယာကုပ်၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ ယောသပ်သည် အသက်တစ်ဆယ့်ခုနစ်နှစ်ရှိသောအခါ မိမိအစ်ကိုတို့နှင့်အတူ သိုးဆိတ်တို့ကိုထိန်းကျောင်း၏။ ယောသပ်သည် အသက်ငယ်သေးသဖြင့် ဖခင်၏မယားဖြစ်သော ဗိလဟာနှင့်ဇိလပတို့၏သားတို့နှင့်အတူနေ၍ သူတို့၏မကောင်းသတင်းကို ဖခင်အားပြောလေ့ရှိ၏။ အစ္စရေးသည် ယောသပ်ကို အသက်ကြီးမှရသောကြောင့် သားအားလုံးထက် သူ့ကိုပို၍ချစ်သဖြင့် ရောင်စုံသင်တိုင်းကို သူ့အတွက်ချုပ်ပေး၏။ ဖခင်က သူ့ကို ညီအစ်ကိုအားလုံးထက်ပို၍ချစ်ကြောင်း သူ့အစ်ကိုတို့သိမြင်သောအခါ သူ့ကိုမုန်း၍ သူ့အားချိုသာစွာမပြောဆိုနိုင်ကြချေ။ ယောသပ်သည် အိပ်မက်မက်၍ သူ့အစ်ကိုတို့အားပြောပြသောအခါ သူတို့သည် သူ့ကိုပို၍ပင်မုန်းကြ၏။ ယောသပ်က သူတို့အား “အကျွန်ုပ်မက်သော အိပ်မက်ကို ပြောပြမည်။ နားထောင်ကြပါ။ အကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းများစည်းနေကြရာ အကျွန်ုပ်၏ကောက်လှိုင်းစည်းသည် ထ၍ မတ်တတ်ရပ်လေ၏။ ထိုအခါ အစ်ကိုတို့၏ကောက်လှိုင်းစည်းများသည် ဝိုင်းလာ၍ အကျွန်ုပ်၏ကောက်လှိုင်းစည်းရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ဆိုလေ၏။ သူ့အစ်ကိုတို့ကလည်း “သင်သည် ငါတို့ကို အမှန်ပင်စိုးစံမည်လော။ ငါတို့ကို အမှန်ပင်အုပ်စိုးမည်လော”ဟု ဆို၍ သူ၏အိပ်မက်ကြောင့်လည်းကောင်း၊ သူ၏စကားတို့ကြောင့်လည်းကောင်း သူ့ကိုပို၍ပင်မုန်းကြ၏။ တစ်ဖန် ယောသပ်သည် ထပ်၍အိပ်မက်မက်ပြန်သဖြင့် မိမိအစ်ကိုတို့အား “အကျွန်ုပ်သည် ထပ်၍အိပ်မက်မက်ပြန်၏။ နေ၊ လနှင့် ကြယ်တစ်ဆယ့်တစ်လုံးတို့သည် အကျွန်ုပ်ရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ပြောပြလေ၏။ ထိုသို့ သူသည် မိမိဖခင်နှင့်အစ်ကိုတို့အားပြောပြသောအခါ ဖခင်က “သင်မက်သောအိပ်မက်ကား မည်သို့နည်း။ စင်စစ် ငါနှင့် သင့်မိခင်၊ သင့်အစ်ကိုတို့သည် သင့်ရှေ့သို့လာ၍ မြေမှာပျပ်ဝပ်ရမည်လော”ဟု ဆိုလျက် သူ့ကိုဆုံးမလေ၏။ အစ်ကိုတို့သည် သူ့ကိုမနာလိုဖြစ်ကြ၏။ ဖခင်မူကား ထိုအကြောင်းအရာကို စိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။ ထို့နောက် ယောသပ်၏အစ်ကိုတို့သည် ရှေခင်မြို့အနီးတွင် ဖခင်၏သိုးဆိတ်တို့ကို ထိန်းကျောင်းရန်ထွက်ခွာသွားကြ၏။ အစ္စရေးက ယောသပ်အား “သင်၏အစ်ကိုတို့သည် ရှေခင်မြို့အနီး၌ သိုးဆိတ်တို့ကိုထိန်းကျောင်းနေသည်မဟုတ်လော။ လာပါ။ သင့်ကို သူတို့ထံသို့ ငါစေလွှတ်မည်”ဟု ဆိုလျှင် သူက “ဟုတ်ကဲ့ပါ”ဟု ဆို၏။ ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး ကွင်းပြင်၌ လှည့်လည်နေစဉ် လူတစ်ယောက်က သူ့ကိုတွေ့၍ “ဘာကိုရှာနေသနည်း”ဟု သူ့အားမေးလေ၏။ သူကလည်း “အကျွန်ုပ်၏အစ်ကိုတို့ကို ရှာနေပါသည်။ သူတို့သည် သိုးဆိတ်တို့ကို အဘယ်မှာထိန်းကျောင်းနေသည်ကို အကျွန်ုပ်အားပြောပြပါ”ဟု ဆိုလျှင် ထိုလူက “သူတို့သည် ဤနေရာမှထွက်သွားကြပြီ။ ‘ဒေါသန်အရပ်သို့ ငါတို့သွားကြစို့’ဟု သူတို့ပြောဆိုနေကြသည်ကို ငါကြားသည်”ဟု ဆို၏။ ထို့ကြောင့် ယောသပ်သည် မိမိအစ်ကိုတို့နောက်သို့လိုက်သွားရာ ဒေါသန်အရပ်၌ သူတို့ကိုတွေ့လေ၏။ ယောသပ်သည် အစ်ကိုတို့ထံသို့မရောက်မီ အစ်ကိုတို့သည် သူ့ကို အဝေးမှလှမ်းမြင်၍ သူ့ကိုသတ်ရန်တိုင်ပင်လျက် “ကြည့်ပါ။ အိပ်မက်ဆရာလာနေပြီ။ လာကြ။ သူ့ကိုသတ်ပြီး တွင်းတစ်ခုခုထဲသို့ပစ်ချလိုက်ကြစို့။ ‘သားရဲတိရစ္ဆာန်သည် သူ့ကိုကိုက်စားပြီ’ဟု ငါတို့ပြောကြမည်။ ထိုအခါ သူ၏အိပ်မက်မည်သို့ဖြစ်လာမည်ကို ငါတို့ကြည့်ကြမည်”ဟု အချင်းချင်းပြောဆိုကြ၏။ ရုဗင်သည်ကြားလျှင် “သူ့ကိုမသတ်ဘဲနေကြစို့”ဟု ဆိုလျက် ယောသပ်ကို သူတို့လက်ထဲမှကယ်နုတ်၏။ တစ်ဖန် ရုဗင်က “သွေးမသွန်းကြနှင့်။ တောကန္တာရရှိ ဤတွင်းထဲသို့ သူ့ကိုပစ်ချကြစို့။ သူ့ကို ကိုယ်ထိလက်ရောက်မပြုမိစေနှင့်”ဟု ဆို၏။ ဤသို့ဆိုခြင်းမှာ ယောသပ်ကို သူတို့လက်မှကယ်နုတ်၍ ဖခင်ထံသို့ပြန်ပို့ရန်အတွက်ဖြစ်၏။ ယောသပ်သည် အစ်ကိုတို့ထံသို့ရောက်လာသောအခါ သူတို့သည် ယောသပ်ဝတ်ဆင်ထားသောရောင်စုံသင်တိုင်းကို ချွတ်ပြီးလျှင် သူ့ကိုခေါ်သွား၍ တွင်းထဲသို့ပစ်ချလိုက်ကြ၏။ ထိုတွင်းသည် ရေမရှိသောတွင်းလွတ်ဖြစ်၏။ ထို့နောက် သူတို့သည် အစားအစာစားသောက်ရန် ထိုင်လိုက်ကြစဉ် ဣရှမေလလူမျိုး ခရီးသွားလူတစ်စုသည် နံ့သာမျိုးများ၊ လိမ်းဆေးများနှင့် မုရန်စေးများကို ကုလားအုတ်များပေါ်တင်ဆောင်လျက် ဂိလဒ်ပြည်ဘက်မှ အီဂျစ်ပြည်သို့ဆင်းသွားနေသည်ကို လှမ်းမြင်ရ၏။ ယုဒက မိမိညီအစ်ကိုတို့အား “ငါတို့သည် ညီကိုသတ်ပြီး သတ်ကြောင်းကိုဖုံးကွယ်ထားလျှင် မည်သည့်အကျိုးရှိမည်နည်း။ လာကြ။ သူ့ကို ဣရှမေလလူမျိုးတို့ထံ ရောင်းလိုက်ကြစို့။ သူသည် ငါတို့၏ညီ၊ ငါတို့၏သွေးသားဖြစ်သောကြောင့် သူ့ကို ကိုယ်ထိလက်ရောက်မပြုမိစေနှင့်”ဟု ဆို၏။ ညီအစ်ကိုတို့သည်လည်း သူ့ကိုနာခံကြ၏။ မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။ ရုဗင်သည် တွင်းသို့ပြန်လာသောအခါ တွင်းထဲ၌ယောသပ်မရှိသဖြင့် မိမိ၏အဝတ်ကို ဆုတ်ဖြဲပြီးလျှင် ညီတို့ထံသို့ပြန်လာ၍ “သူငယ်မရှိတော့ပါတကား။ ငါမည်သို့ပြုရပါမည်နည်း”ဟု ဆိုလေ၏။ သူတို့သည် ယောသပ်၏သင်တိုင်းကိုယူ၍ ဆိတ်သငယ်အထီးတစ်ကောင်ကိုသတ်ပြီးလျှင် ဆိတ်သွေးထဲ၌ ထိုသင်တိုင်းကိုနှစ်လေ၏။ ထို့နောက် ထိုရောင်စုံသင်တိုင်းကို ယူ၍ ဖခင်ထံသို့ယူဆောင်လာကြကာ “အကျွန်ုပ်တို့သည် ဤသင်တိုင်းကိုတွေ့ရှိပါသည်။ အဖေ့သား၏သင်တိုင်းဟုတ်၊ မဟုတ်ကြည့်ပါ”ဟု ဆိုကြ၏။ ဖခင်သည် ထိုသင်တိုင်းကိုမှတ်မိသဖြင့် “ငါ့သား၏သင်တိုင်းဖြစ်၏။ သူ့ကို သားရဲတိရစ္ဆာန်ကိုက်စားလေပြီ။ ယောသပ်သည် အမှန်ပင် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းခံရပြီတကား”ဟု ပြောဆိုလေ၏။ ယာကုပ်သည် မိမိအဝတ်ကိုဆုတ်ဖြဲ၍ ခါး၌လျှော်တေအဝတ်ကိုစည်းကာ မိမိသားအတွက် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်းလေ၏။ သူ၏သားသမီးအပေါင်းတို့သည် သူ့ကို ကြိုးစား၍နှစ်သိမ့်ကြ၏။ သို့သော် သူသည် နှစ်သိမ့်ခြင်းကိုငြင်းဆန်လျက် “အကယ်စင်စစ် ငါသည် ငါ့သားရှိရာမရဏာနိုင်ငံသို့ ငိုကြွေးမြည်တမ်းလျက် ဆင်းသွားတော့မည်”ဟု ဆို၏။ ထိုသို့ ယောသပ်၏ဖခင်သည် သားကြောင့်ငိုကြွေးလေ၏။ အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
ကမ္ဘာဦးကျမ်း 37 ကိုဖတ်ပါ။
နားထောင်ပါ။ ကမ္ဘာဦးကျမ်း 37
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 37:1-36
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ