ထွက်မြောက်ရာ 18:13-27
ထွက်မြောက်ရာ 18:13-27 Judson Bible (JBMLE)
နက်ဖြန်နေ့၌ မောရှေသည်၊ လူများကို တရားစီရင်ခြင်းငှာ ထိုင်လေ၏။ နံနက်မှစ၍ညဉ့်ဦးတိုင်အောင်၊ လူများတို့သည် မောရှေရှေ့မှာနေကြ၏။ မောရှေသည် လူများတို့အားပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများတို့အား ပြုသောအမှုအဘယ်သို့နည်း။ သင်သည် တစ်ယောက်တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ညဉ့်ဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟုဆို၏။ မောရှေကလည်း၊ ဤသူတို့သည် ဘုရားသခင်၏အယူတော်ကိုခံလို၍ ကျွန်ုပ်ထံသို့လာသောကြောင့် ဤသို့ဖြစ်၏။ သူတို့သည်အမှုရှိလျှင် အကျွန်ုပ်ထံသို့လာ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ်ရ၏။ ဘုရားသခင်၏ပညတ်တရားများကိုသင်ချရ၏ဟု ယောက္ခမအား ပြောလျှင်၊ ယောက္ခမက၊ သင်ပြုသောအမှုသည် မတော်မသင့်ဖြစ်၏။ သင်မှစ၍ သင်၌ပါသော ဤလူများတို့သည် အမှန်အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌အလွန်လေး၏။ တစ်ယောက်တည်း မတတ်နိုင်သောအမှုဖြစ်၏။ ငါ့စကားကိုနားထောင်လော့။ ငါအကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့်မည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သောအမှု၌ လူများတို့၏အမှုကိုစောင့်လျက် ဘုရားသခင်အထံတော်သို့ဝင်၍ လျှောက်ရမည်။ သူတို့အားလည်း ပညတ်တရားတော်များကို သင်ချရမည်။ သူတို့သွားရာလမ်း၊ ပြုရသောအမှုကိုလည်းပြရမည်။ ထိုမှတစ်ပါး ဘုရားသခင်ကိုကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အရာ၌ ခန့်ထားရမည်။ ထိုသူတို့သည်ခပ်သိမ်းသောအချိန်၌ လူများတို့ကို တရားစီရင်ကြစေ။ ကြီးသောအမှု၌ သင်၏အယူကိုခံကြစေ။ ငယ်သောအမှုကို အလိုလိုစီရင်ကြစေ။ သို့ဖြစ်လျှင် သူတို့သည်ဝိုင်းညီ၍ အမှုထမ်းသဖြင့် သင်သည်သက်သာလိမ့်မည်။ ထိုသို့ ဘုရားသခင်အခွင့်နှင့်ပြုလျှင် သင်သည်ခိုင်ခံ့လိမ့်မည်။ ဤလူအပေါင်းတို့သည် မိမိနေရာပြည်သို့ ငြိမ်ဝပ်စွာသွားကြလိမ့်မည်ဟု ပြောဆို၏။ မောရှေသည်လည်း ယောက္ခမ၏စကားကိုနားထောင်၍ စကားရှိသည်အတိုင်း ပြုလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲကရွေးကောက်၍ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အသီးအသီး ခေါင်းအရာ၌ခန့်ထားလေ၏။ ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကိုတရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကိုခံကြ၏။ လွယ်သောအမှုကို အလိုလိုစီရင်ကြ၏။ ထိုနောက် မောရှေသည် ယောက္ခမသွားရသောအခွင့်ကိုပေး၍၊ သူသည် မိမိနေရာသို့သွားလေ၏။
ထွက်မြောက်ရာ 18:13-27 Common Language Bible (BCL)
နောက်တစ်နေ့တွင်မောရှေသည်လူတို့၏ အမှုအခင်းများကို နံနက်ချိန်မှစ၍ မိုးချုပ်သည့်တိုင်အောင်စီရင်ရသည်။- လူတို့အတွက်မောရှေဆောင်ရွက်ရသမျှကို ယေသရောမြင်ရသောအခါမောရှေအား``သင် သည်ဤလူတို့အတွက်မည်သည့်အမှုကိစ္စကို ဆောင်ရွက်ပေးနေပါသနည်း။ အဘယ်ကြောင့် တစ်ယောက်တည်းဆောင်ရွက်နေပါသနည်း။ လူ အပေါင်းတို့သည်သင့်ထံ၌တစ်နေကုန်ရပ် လျက်စောင့်နေကြပါသည်တကား'' ဟုဆို လေ၏။ မောရှေက``သူတို့သည်ဘုရားသခင်၏ အလိုတော်ကိုသိလို၍ ကျွန်ုပ်ထံသို့လာ ကြပါ၏။- လူနှစ်ဦး၌အငြင်းအခုံဖြစ်ပွားလျှင် ကျွန်ုပ် ၏အဆုံးအဖြတ်ကိုခံယူရန်ကျွန်ုပ်ထံသို့ လာကြပါသည်။ ကျွန်ုပ်သည်သူတို့အားဘုရားသခင်၏အမိန့်နှင့်ပညတ်တော်များကိုလိုက် နာရန် ပြောပြရပါသည်'' ဟုဖြေကြားလေ ၏။ ထိုအခါယေသရောကမောရှေအား``သင် ပြုလုပ်နေပုံမှာမတော်မသင့်ပါ။- သင်နှင့်တကွဤသူအားလုံးတို့သည်ပင် ပန်းနွမ်းရိကြလိမ့်မည်။ ဤတာဝန်သည်သင့် အတွက်ကြီးလွန်းလှ၏။ သင်တစ်ဦးတည်း ထမ်းဆောင်နိုင်မည်မဟုတ်။- ငါသည်သင့်အားအကြံကောင်းပေးပါမည်။ ဘုရားသခင်သည်သင်နှင့်အတူရှိပါစေ သော။ သင်၏တာဝန်မှာလူတို့၏အငြင်းပွား မှုများကို သူတို့၏ကိုယ်စားဘုရားသခင် ထံတော်သို့တင်လျှောက်ပေးခြင်းမှာကောင်း ပေသည်။- သင်သည်သူတို့အားဘုရားသခင်၏အမိန့် နှင့်ပညတ်တော်များကိုသင်ကြားပေး၍ သူ တို့မည်ကဲ့သို့လိုက်နာကျင့်သုံးရမည်ကို ရှင်းလင်းပေးခြင်းမှာလည်းကောင်းပေ သည်။- သို့ရာတွင်သင်သည်လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့ကိုခေါင်းဆောင်နိုင် မည့်အရည်အချင်းရှိသူများကိုရွေးချယ် ခန့်ထားသင့်ပါသည်။ ထိုသူတို့သည်ဘုရား ကိုကြောက်ရွံ့၍ရိုးသားဖြောင့်မတ်လျက် အဂတိမလိုက်စားတတ်သူများဖြစ်ရ ကြမည်။- သူတို့ကိုအမြဲတမ်းတရားသူကြီးများ အဖြစ် လူတို့၏အမှုအခင်းများကိုစီရင် စေရမည်။ သူတို့သည်ခက်ခဲသောအမှုများ ကိုသင့်ထံသို့တင်ပြ၍ သေးငယ်သောအမှု များကိုသူတို့ကိုယ်တိုင်စီရင်ဆုံးဖြတ်စေ ရမည်။ ဤနည်းအားဖြင့်သူတို့သည် သင်၏ တာဝန်ကိုခွဲဝေထမ်းဆောင်ကြသော ကြောင့်သင့်အတွက်သက်သာလိမ့်မည်။- ထာဝရဘုရားမိန့်တော်မူသည်နှင့်အညီ ဤနည်းအတိုင်းဆောင်ရွက်လျှင် သင်သည်ပင် ပန်းနွမ်းရိလိမ့်မည်မဟုတ်။ ဤလူအပေါင်း တို့သည်လည်းအမှုအခင်းများပြီးပြတ် လျက် မိမိတို့နေအိမ်သို့ပြန်နိုင်ကြလိမ့် မည်'' ဟုအကြံပေးသည်။ မောရှေသည်ယေသရောအကြံပေးသည့် အတိုင်း လိုက်နာဆောင်ရွက်လေ၏။- သူသည်ဣသရေလအမျိုးသားအပေါင်း တို့အထဲမှ အရည်အချင်းပြည့်စုံသူတို့ကို ရွေး၍လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့တွင်ခေါင်းဆောင်များအဖြစ် ခန့်ထားလေ၏။- ထိုသူတို့သည်လူများကိုတရားစီရင်ရန် အမြဲတမ်းတရားသူကြီးများအဖြစ် ဆောင်ရွက်ရသည်။ သူတို့သည်ခက်ခဲသော အမှုများကိုမောရှေထံသို့တင်ပြ၍ သေး ငယ်သောအမှုများကိုကိုယ်တိုင်ဆုံးဖြတ် ကြ၏။ ထိုနောက်ယေသရောသည် မောရှေအားနှုတ် ခွန်းဆက်သ၍ မိမိ၏နေရပ်သို့ပြန်သွား လေသည်။
ထွက်မြောက်ရာ 18:13-27 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
နောက်တစ်နေ့၌ မောရှေသည် လူတို့ကိုတရားစီရင်ရန် ထိုင်၍ လူတို့သည် နံနက်အချိန်မှ နေဝင်ချိန်တိုင်အောင် မောရှေရှေ့၌ ရပ်နေကြ၏။ လူတို့အတွက် မောရှေဆောင်ရွက်ပေးသမျှတို့ကို သူ၏ယောက္ခမယေသရောတွေ့မြင်လျှင် “လူတို့အတွက် သင်မည်သို့ ဆောင်ရွက်ပေးနေသနည်း။ အဘယ်ကြောင့် သင်တစ်ယောက်တည်းထိုင်၍ လူအပေါင်းတို့သည် နံနက်အချိန်မှ နေဝင်ချိန်တိုင်အောင် သင့်ရှေ့၌ရပ်နေကြရသနည်း”ဟု ဆို၏။ မောရှေကလည်း သူ၏ယောက္ခမအား “လူတို့သည် အကျွန်ုပ်ထံသို့လာ၍ ဘုရားသခင်အား မေးလျှောက်လိုကြသောကြောင့်ဖြစ်ပါ၏။ သူတို့၌ အမှုအခင်းရှိသောအခါ အကျွန်ုပ်ထံသို့လာကြပါ၏။ အကျွန်ုပ်သည်လည်း သူတို့တစ်ဦးနှင့်တစ်ဦးကြား တရားစီရင်ပေး၍ ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်တရားများကိုလည်း သူတို့အား သွန်သင်ပေးရပါ၏”ဟု ပြန်ပြောလေ၏။ ထိုအခါ မောရှေ၏ယောက္ခမက “သင် ဤသို့ပြုခြင်းသည် အဆင်မပြေပေ။ သင်နှင့်တကွ ဤလူတို့သည် အမှန်တကယ်ပင်ပန်းကြလိမ့်မည်။ သင့်အတွက် ဤအမှုသည် ကြီးလေးသောကြောင့် သင်တစ်ယောက်တည်း မဆောင်ရွက်နိုင်။ ယခု ငါ့စကားကို နားထောင်လော့။ သင့်ကို ငါအကြံပေးမည်။ ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ သင်သည် ဘုရားသခင်၏ရှေ့တော်၌ လူတို့၏ကိုယ်စားဖြစ်၍ ဘုရားသခင်ထံသို့အမှုအခင်းများကို တင်သွင်းရမည်။ ပြဋ္ဌာန်းချက်များ၊ ဥပဒေသများနှင့်ပတ်သက်၍ သူတို့အား သတိပေးရမည်။ သူတို့သွားရမည့်လမ်း၊ လုပ်ဆောင်ရမည့်အလုပ်ကို သူတို့အားသိစေရမည်။ လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။ သူတို့သည် လူတို့ကို အချိန်မရွေး စီရင်ပေးကြစေ။ ကြီးသောအမှုရှိသမျှကို သင့်ထံသို့တင်သွင်း၍ သေးငယ်သောအမှုရှိသမျှကို သူတို့ကိုယ်တိုင်စီရင်ပေးကြစေ။ ဤသို့ သူတို့သည် သင့်ဝန်ကို ကူထမ်းပေးသဖြင့် သင့်အတွက် ဝန်ပေါ့လိမ့်မည်။ သင်သည် ဤသို့ပြုမည်၊ ဘုရားသခင်သည်လည်း ဤသို့ ခွင့်ပြုမည်ဆိုလျှင် သင်သက်သာလိမ့်မည်။ ဤလူအပေါင်းတို့သည်လည်း မိမိတို့နေအိမ်သို့ ငြိမ်းချမ်းစွာပြန်သွားရလိမ့်မည်”ဟု ဆိုလေ၏။ မောရှေသည်လည်း မိမိယောက္ခမ၏စကားကိုနားထောင်၍ ပြောသမျှအတိုင်းပြုလေ၏။ အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူများကိုရွေးချယ်၍ သူတို့ကို လူတို့၏အကြီးအမှူးများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်အပ်ထားလေ၏။ ထိုသူတို့သည်လည်း လူတို့အား အချိန်မရွေး စီရင်ပေးကြ၏။ ခက်ခဲသောအမှုကို မောရှေထံသို့တင်သွင်း၍ သေးငယ်သောအမှုရှိသမျှကို သူတို့ကိုယ်တိုင် စီရင်ကြ၏။ ထို့နောက် မောရှေသည် သူ၏ယောက္ခမအား ပြန်ခွင့်ပြု၍ သူသည် နေရင်းပြည်သို့ပြန်သွားလေ၏။