YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 18

18
1ဘုရားသခင်​က မောရှေ​နှင့် မိမိ​၏​လူမျိုး​တော်​အစ္စရေး​တို့​အား ပြု​ပေး​ခဲ့​သော​အရာ​အားလုံး​နှင့် ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့​အား အီဂျစ်​ပြည်​မှ မည်သို့​ထုတ်ဆောင်​လာ​ခဲ့​သည်​ကို မောရှေ​၏​ယောက္ခမ မိဒျန်​ယဇ်ပုရောဟိတ်​ယေသရော ကြားသိ​ရ​၏​။
2မောရှေ​သည် မိမိ​မယား​ဇိပေါရ​ကို ပြန်လွှတ်​လိုက်​သည်​ဖြစ်၍ မောရှေ​၏​ယောက္ခမ​ယေသရော​သည် ဇိပေါရ​နှင့် 3သူ​၏​သား​နှစ်​ယောက်​ကို ခေါ်ထား​၏​။ မောရှေ​က “​ငါ​သည် တစ်ပါးအမျိုးသား​ပြည်​၌ ဧည့်သည်​ဖြစ်​ရ​ပြီ​”​ဟု ဆို​လျက် သား​တစ်​ယောက်​၏​အမည်​ကို ဂေရရှုံ#18:3 “ဧည့်သည်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု မှည့်ခေါ်​ထား​၏​။ 4နောက်သား​တစ်​ယောက်​၏​အမည်​မှာ “​ငါ့​အဖ​၏​ဘုရားသခင်​သည် ငါ့​ကို​ကူညီမစ​သော​အရှင်​ဖြစ်၍ ငါ့​ကို ဖာရော​မင်းကြီး​၏​ဓားဘေး​မှ ကယ်နုတ်​တော်မူ​ပြီ​”​ဟု ဆို​လျက် ဧလျေဇာ#18:4 “ငါ့အဖ၏ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​မှည့်ခေါ်​ထား​၏​။
5မောရှေ​၏​ယောက္ခမ​ယေသရော​သည် မောရှေ​၏​မယား​နှင့်​သား​တို့​ကို ဘုရားသခင်​၏​တောင်​တော်​ရှိ မောရှေ​စခန်းချ​ရာ တောကန္တာရ​သို့ ခေါ်ဆောင်​လာ​ပြီး 6ယေသရော​က “​သင်​၏​ယောက္ခမ ငါ​ယေသရော​သည် သင့်​မယား​၊ သင့်​သား​နှစ်​ယောက်​တို့​နှင့်အတူ သင့်​ထံသို့​လာ​နေ​ပြီ​”​ဟု မောရှေ​ထံ ပြောကြား​စေ​၏​။
7ထို့ကြောင့် မောရှေ​သည် မိမိ​ယောက္ခမ​ကို​ကြိုဆို​ရန်​ထွက်လာ​၍ သူ့​ရှေ့​၌​ပျပ်ဝပ်​ပြီး သူ့​အား​နမ်း​လေ​၏​။ သူ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး သာကြောင်းမာကြောင်း​မေးမြန်း​ပြီးလျှင် တဲ​ထဲသို့​ဝင်​ကြ​၏​။ 8ထို့နောက် မောရှေ​က ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​အတွက် ဖာရော​မင်းကြီး​နှင့်​အီဂျစ်​လူမျိုး​တို့​အပေါ် ပြု​တော်မူ​ခဲ့​သမျှ​ကို​လည်းကောင်း​၊ လမ်းခရီး​၌ သူ​တို့​ကြုံတွေ့​ရ​သော​အခက်အခဲ​အလုံးစုံ​တို့​ကို​လည်းကောင်း​၊ သူ​တို့​အား ထာဝရဘုရား​ကယ်နုတ်​တော်မူ​ခဲ့​ကြောင်း​ကို​လည်းကောင်း မိမိ​ယောက္ခမ​အား ပြောပြ​လေ​၏​။
9ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ ကယ်နုတ်​တော်မူ​၍ သူ​တို့​အတွက် ကိုယ်တော်​ပြု​တော်မူ​ခဲ့​သည့် ကောင်းမြတ်​သော​အရာ​ရှိသမျှ​တို့​ကြောင့် ယေသရော​သည် ဝမ်းသာအားရ​ဖြစ်​၏​။ 10ထို့ကြောင့် ယေသရော​က “​သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ​လည်းကောင်း​၊ ဖာရော​မင်းကြီး​၏​လက်​မှ​လည်းကောင်း ကယ်နုတ်​တော်မူ​သော​အရှင်​၊ အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​၏​လက်​အောက်​မှ ကယ်နုတ်​တော်မူ​သော​အရှင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ 11သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ဖိနှိပ်ညှဉ်းဆဲ​သော​အမှုအရာ​ကြောင့် ထာဝရဘုရား​သည် ဘုရား​ရှိသမျှ​တို့​ထက် ကြီးမြတ်​တော်မူ​ကြောင်း​ကို ယခု​ငါ​သိ​ပြီ​”​ဟု ဆို​၏​။
12ထို့နောက် မောရှေ​၏​ယောက္ခမ​ယေသရော​သည် ဘုရားသခင်​ထံ မီးရှို့ရာယဇ်​နှင့် ယဇ်ကောင်​များ​ကို ယူဆောင်​လာ​၏​။ အာရုန်​နှင့်​အစ္စရေး​လူမျိုး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ဘုရားသခင်​ရှေ့​တော်​၌ မောရှေ​၏​ယောက္ခမ​နှင့်အတူ အစားအစာ​စားသောက်​ရန် လာ​ကြ​၏​။
13နောက်တစ်နေ့​၌ မောရှေ​သည် လူ​တို့​ကို​တရားစီရင်​ရန် ထိုင်​၍ လူ​တို့​သည် နံနက်အချိန်​မှ နေဝင်ချိန်​တိုင်အောင် မောရှေ​ရှေ့​၌ ရပ်​နေ​ကြ​၏​။ 14လူ​တို့​အတွက် မောရှေ​ဆောင်ရွက်​ပေး​သမျှ​တို့​ကို သူ​၏​ယောက္ခမ​ယေသရော​တွေ့မြင်​လျှင် “​လူ​တို့​အတွက် သင်​မည်သို့ ဆောင်ရွက်​ပေး​နေ​သနည်း​။ အဘယ်ကြောင့် သင်​တစ်ယောက်တည်း​ထိုင်​၍ လူ​အပေါင်း​တို့​သည် နံနက်အချိန်​မှ နေဝင်ချိန်​တိုင်အောင် သင့်​ရှေ့​၌​ရပ်​နေ​ကြ​ရ​သနည်း​”​ဟု ဆို​၏​။
15မောရှေ​က​လည်း သူ​၏​ယောက္ခမ​အား “​လူ​တို့​သည် အကျွန်ုပ်​ထံသို့​လာ​၍ ဘုရားသခင်​အား မေးလျှောက်​လို​ကြ​သောကြောင့်​ဖြစ်​ပါ​၏​။ 16သူ​တို့​၌ အမှုအခင်း​ရှိ​သောအခါ အကျွန်ုပ်​ထံသို့​လာ​ကြ​ပါ​၏​။ အကျွန်ုပ်​သည်​လည်း သူ​တို့​တစ်ဦး​နှင့်​တစ်ဦး​ကြား တရားစီရင်​ပေး​၍ ဘုရားသခင်​၏​ပြဋ္ဌာန်းချက်​များ​နှင့်​တရား​များ​ကို​လည်း သူ​တို့​အား သွန်သင်​ပေး​ရ​ပါ​၏​”​ဟု ပြန်ပြော​လေ​၏​။
17ထိုအခါ မောရှေ​၏​ယောက္ခမ​က “​သင် ဤသို့​ပြု​ခြင်း​သည် အဆင်​မ​ပြေ​ပေ​။ 18သင်​နှင့်တကွ ဤ​လူ​တို့​သည် အမှန်တကယ်​ပင်ပန်း​ကြ​လိမ့်မည်​။ သင့်​အတွက် ဤ​အမှု​သည် ကြီးလေး​သောကြောင့် သင်​တစ်ယောက်တည်း မ​ဆောင်ရွက်​နိုင်​။ 19ယခု ငါ့​စကား​ကို နားထောင်​လော့​။ သင့်​ကို ငါ​အကြံပေး​မည်​။ ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်မူ​ပါစေသော​။ သင်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​တို့​၏​ကိုယ်စား​ဖြစ်​၍ ဘုရားသခင်​ထံသို့​အမှုအခင်း​များ​ကို တင်သွင်း​ရ​မည်​။ 20ပြဋ္ဌာန်းချက်​များ​၊ ဥပဒေသ​များ​နှင့်​ပတ်သက်၍ သူ​တို့​အား သတိပေး​ရ​မည်​။ သူ​တို့​သွား​ရ​မည့်​လမ်း​၊ လုပ်ဆောင်​ရ​မည့်​အလုပ်​ကို သူ​တို့​အား​သိ​စေ​ရ​မည်​။ 21လူ​အပေါင်း​တို့​ထဲမှ အရည်အချင်း​ရှိ​သော​သူ​၊ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​၊ သစ္စာရှိ​သော​သူ​၊ မတရား​သော​အကျိုးစီးပွား​ကို​မုန်း​သော​သူ​တို့​ကို ရွေးချယ်​၍ သူ​တို့​ကို လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ်​အဖြစ် ခန့်ထား​ရ​မည်​။ 22သူ​တို့​သည် လူ​တို့​ကို အချိန်မရွေး စီရင်​ပေး​ကြ​စေ​။ ကြီး​သော​အမှု​ရှိသမျှ​ကို သင့်​ထံသို့​တင်သွင်း​၍ သေးငယ်​သော​အမှု​ရှိသမျှ​ကို သူ​တို့​ကိုယ်တိုင်​စီရင်​ပေး​ကြ​စေ​။ ဤသို့ သူ​တို့​သည် သင့်​ဝန်​ကို ကူထမ်း​ပေး​သဖြင့် သင့်​အတွက် ဝန်ပေါ့​လိမ့်မည်​။ 23သင်​သည် ဤသို့​ပြု​မည်​၊ ဘုရားသခင်​သည်​လည်း ဤသို့ ခွင့်ပြု​မည်​ဆိုလျှင် သင်​သက်သာ​လိမ့်မည်​။ ဤ​လူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​နေအိမ်​သို့ ငြိမ်းချမ်း​စွာ​ပြန်သွား​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။
24မောရှေ​သည်​လည်း မိမိ​ယောက္ခမ​၏​စကား​ကို​နားထောင်​၍ ပြော​သမျှ​အတိုင်း​ပြု​လေ​၏​။ 25အစ္စရေး​လူမျိုး​အပေါင်း​တို့​ထဲမှ အရည်အချင်း​ရှိ​သော​သူ​များ​ကို​ရွေးချယ်​၍ သူ​တို့​ကို လူ​တို့​၏​အကြီးအမှူး​များ​အဖြစ် လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ် စသည်ဖြင့် ခန့်အပ်​ထား​လေ​၏​။ 26ထို​သူ​တို့​သည်​လည်း လူ​တို့​အား အချိန်မရွေး စီရင်​ပေး​ကြ​၏​။ ခက်ခဲ​သော​အမှု​ကို မောရှေ​ထံသို့​တင်သွင်း​၍ သေးငယ်​သော​အမှု​ရှိသမျှ​ကို သူ​တို့​ကိုယ်တိုင် စီရင်​ကြ​၏​။
27ထို့နောက် မောရှေ​သည် သူ​၏​ယောက္ခမ​အား ပြန်ခွင့်ပြု​၍ သူ​သည် နေရင်းပြည်​သို့​ပြန်သွား​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။