YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 19

19
အစ္စရေးအမျိုးသားတို့ သိနာတောကန္တာရသို့ရောက်ရှိခြင်း
1အစ္စရေး​အမျိုးသား​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် သုံး​လ​မြောက်​သော​နေ့​၌ သိနာ​တောကန္တာရ​သို့​ရောက်လာ​ကြ​၏​။ 2ထိုသို့ ရေဖိဒိမ်​အရပ်​မှ ထွက်ခွာ​လာ​၍ သိနာ​တောကန္တာရ​သို့​ရောက်လာ​သော​အစ္စရေး​လူမျိုး​တို့​သည် ထို​တောကန္တာရ​ရှိ သိနာ​တောင်​ရှေ့​၌ စခန်းချ​ကြ​၏​။ 3မောရှေ​သည် ဘုရားသခင်​ထံသို့​တက်သွား​ရာ ထာဝရဘုရား​သည် သူ့​အား တောင်​ပေါ်မှ ခေါ်​တော်မူ​လျက် “​သင်​သည် ယာကုပ်​အမျိုးအနွယ်​၊ အစ္စရေး​အမျိုးသား​တို့​အား 4‘​ငါ​သည် အီဂျစ်​လူမျိုး​တို့​ကို စီရင်​ခဲ့​ပုံ​၊ သင်​တို့​ကို လင်းယုန်​၏​တောင်ပံ​များ​ပေါ်​တင်​၍ ငါ့​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​ပုံ​တို့​ကို သင်​တို့​ကိုယ်တိုင်​သိမြင်​ခဲ့​ကြ​၏​။ 5ယခု သင်​တို့​သည် ငါ့​စကား​ကို​သေချာ​စွာ​နားထောင်​၍ ငါ​၏​ပဋိညာဉ်​ကို​စောင့်ထိန်း​လျှင် လူမျိုး​တကာ​တို့​တွင် သင်​တို့​သည် ငါ​ပိုင်​တော်မူ​ရာ​ဘဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်မည်​။ အကယ်စင်စစ် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို ငါ​ပိုင်​၏​။ 6သင်​တို့​သည် ငါ့​အဖို့ နိုင်ငံ​တော်​၏​ယဇ်ပုရောဟိတ်​များ​၊ သန့်ရှင်း​သော​လူမျိုး​တော်​ဖြစ်​ကြ​မည်​’​ဟု ဆင့်ဆို​ရ​မည်​။ ဤသည်ကား အစ္စရေး​အမျိုးသား​တို့​အား သင်​ပြောဆို​ရ​မည့်​စကား​များ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။
7မောရှေ​သည် ပြန်လာ​၍ လူ​တို့​ထဲမှ သက်ကြီးဝါကြီး​တို့​ကို ခေါ်​ပြီးလျှင် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော ထို​စကား​အလုံးစုံ​တို့​ကို သူ​တို့​ရှေ့မှောက်​၌ ပြန်ပြော​၏​။ 8လူ​အပေါင်း​တို့​က “​ထာဝရဘုရား​မိန့်ဆို​တော်မူ​သမျှ​တို့​ကို အကျွန်ုပ်​တို့​ပြု​ပါ​မည်​”​ဟု တညီတညွတ်တည်း​ပြန်ဖြေ​ကြ​၏​။ မောရှေ​သည်​လည်း လူ​တို့​၏​စကား​များ​ကို ထာဝရဘုရား​ထံ ပြန်လျှောက်​လေ​၏​။
9ထာဝရဘုရား​က မောရှေ​အား “​သင်​နှင့်​ငါ​ပြော​သော​စကား​ကို လူ​တို့​ကြား​၍ သင့်​ကို အစဉ်အမြဲ​ယုံ​ကြ​စေရန် ငါ​သည် သင့်​ထံသို့​မိုးတိမ်​တိုက်​ဖြင့်​ကြွလာ​မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည်​လည်း လူ​တို့​၏​စကား​များ​ကို ထာဝရဘုရား​ထံ ကြားလျှောက်​လေ​၏​။ 10တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​လူ​တို့​ထံသို့​သွား​၍ ယနေ့​နှင့်​မနက်ဖြန်​တွင် သူ​တို့​ကို သန့်ရှင်း​စေ​လော့​။ သူ​တို့​၏​အဝတ်အစား​များ​ကို​လည်း လျှော်​စေ​လော့​။ 11သူ​တို့​သည် တတိယ​နေ့​၌ အဆင်သင့်​ရှိ​နေ​ရ​မည်​။ အကြောင်းမူကား တတိယ​နေ့​၌ ထာဝရဘုရား​သည် လူ​အပေါင်း​တို့​၏​မျက်မှောက်​၊ သိနာ​တောင်​ပေါ်သို့ ကြွဆင်း​တော်မူ​မည်​။ 12သင်​သည် လူ​တို့​အတွက် တောင်​ပတ်ပတ်လည် နယ်နိမိတ်စည်း​သတ်မှတ်​ပေး​၍ ‘​တောင်​ပေါ်သို့​မ​တက်​၊ တောင်​၏​နယ်နိမိတ်​ကို မ​ထိ​ရန် သတိပြု​လော့​’​ဟု မှာကြား​ရ​မည်​။ ဤ​တောင်​ကို​ထိ​သော​သူ​တိုင်း မုချ​အသတ်​ခံရ​မည်​။ 13ထို​သူ​ကို လက်​ဖြင့်​မ​ထိ​ဘဲ စင်စစ်​ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ သို့မဟုတ် မြား​နှင့်​ပစ်သတ်​ရ​မည်​။ လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ အသက်​မ​ရှင်​ရ​။ သိုးချို​ကို သံရှည်ဆွဲ​၍​မှုတ်​မှသာ လူ​တို့​သည် ဤ​တောင်​သို့​လာ​ကြ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
14ထို့နောက် မောရှေ​သည် တောင်​ပေါ်မှ လူ​တို့​ထံသို့ ဆင်းလာ​၍ လူ​တို့​ကို​သန့်ရှင်း​စေ​၏​။ သူ​တို့​သည်​လည်း မိမိ​တို့​၏​အဝတ်အစား​များ​ကို​လျှော်​ကြ​၏​။ 15မောရှေ​က လူ​တို့​အား “​တတိယ​နေ့​၌ အသင့်ပြင်ဆင်​ထား​ကြ​လော့​။ မိန်းမ​ကို​မ​ချဉ်းကပ်​ကြ​နှင့်​”​ဟု ဆို​လေ​၏​။ 16တတိယ​နေ့ နံနက်​ရောက်​သောအခါ တောင်​ပေါ်၌ ထူထပ်​သော​မိုးတိမ်​နှင့်တကွ မိုးချုန်းသံ​များ​၊ လျှပ်စီးလက်​ခြင်း​များ​ဖြစ်၍ အလွန်​ကျယ်လောင်​သော​တံပိုးမှုတ်သံ​မြည်​လေ​၏​။ ထိုအခါ စခန်း​ထဲ​ရှိ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။ 17မောရှေ​သည်​လည်း လူ​တို့​ကို ဘုရားသခင်​နှင့်​တွေ့ဆုံ​စေရန် စခန်း​ထဲမှ ခေါ်ထုတ်​လာ​သဖြင့် သူ​တို့​သည် တောင်​ခြေ​၌​ရပ်​နေ​ကြ​၏​။ 18ထာဝရဘုရား​သည် သိနာ​တောင်​ပေါ်သို့ မီး​ဖြင့်​ကြွဆင်း​တော်မူ​သောကြောင့် တစ်တောင်လုံး​မီးခိုး​ထွက်​လေ​၏​။ မီးခိုး​သည် မီးပြင်းဖို​၏​မီးခိုး​ကဲ့သို့​တက်​၏​။ တောင်​တစ်တောင်လုံး​သည်​လည်း ပြင်းထန်​စွာ​တုန်လှုပ်​လေ​၏​။ 19တံပိုးမှုတ်သံ​သည် ပို၍​ပို၍​ကျယ်လာ​သောအခါ မောရှေ​မေးလျှောက်​၍ ဘုရားသခင်​သည် အသံ​ဖြင့် ဖြေကြား​တော်မူ​၏​။
20ထာဝရဘုရား​သည် သိနာ​တောင်​ထိပ်​သို့ ကြွဆင်း​တော်မူ​ပြီး မောရှေ​အား တောင်​ထိပ်​သို့​တက်​ရန် ခေါ်​တော်မူ​သဖြင့် မောရှေ​သည် တက်သွား​လေ​၏​။ 21ထာဝရဘုရား​က မောရှေ​အား “​သင်​သည် ဆင်းသွား​၍ လူ​တို့​ကို​သတိပေး​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် ထာဝရဘုရား​ကို ဖူးမြင်​ရန် စည်း​ကို​ကျော်ဝင်​ကြ​သဖြင့် များစွာ​သော​သူ​တို့​သည် သေကျေပျက်စီး​ကြ​လိမ့်မည်​။ 22ထာဝရဘုရား​ထံသို့ ချဉ်းကပ်​သော​ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိကိုယ်မိမိ သန့်ရှင်း​စေ​ရ​မည်​။ သို့မဟုတ်လျှင် ထာဝရဘုရား​သည် သူ​တို့​ကို​ဒဏ်ခတ်​တော်မူ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
23ထိုအခါ မောရှေ​က ထာဝရဘုရား​အား “​ကိုယ်တော်​က အကျွန်ုပ်​တို့​အား ‘​တောင်​ကို​နယ်နိမိတ်စည်း​သတ်မှတ်​၍ သန့်ရှင်း​စေ​လော့​’​ဟူ၍ သတိပေး​မိန့်မှာ​ခဲ့​သောကြောင့် လူ​တို့​သည် သိနာ​တောင်​ပေါ်သို့​မ​တက်​နိုင်​ကြ​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။ 24ထာဝရဘုရား​က​လည်း “​သွား​လော့​။ ဆင်းသွား​လော့​။ သင်​သည် အာရုန်​ကို သင်​နှင့်အတူ​တက်လာ​စေ​ရ​မည်​။ သို့သော် ယဇ်ပုရောဟိတ်​များ​နှင့်​လူ​တို့​ကို စည်းကျော်ဝင်​၍ ငါ​ထာဝရဘုရား​ထံသို့​မ​တက်လာ​စေ​နှင့်​။ တက်လာ​လျှင် သူ​တို့​ကို ဒဏ်ခတ်​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။ 25ထို့ကြောင့် မောရှေ​သည် လူ​တို့​ထံသို့​ဆင်းသွား​၍ သူ​တို့​အား​ပြောကြား​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 19: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။