တရားဟောရာ 28:1-12
တရားဟောရာ 28:1-12 Judson Bible (JBMLE)
ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည်ကျင့်စောင့်ခြင်းငှာ၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် လူမျိုးတကာတို့ထက် သင့်ကို ချီးမြှောက်တော်မူမည်။ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတ္တံ့သော ကောင်းချီးမင်္ဂလာများ ဟူမူကား။ သင်သည် မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာရှိလိမ့်မည်။ သားသမီးအားဖြင့်လည်းကောင်း၊ မြေအသီးအနှံအားဖြင့်လည်းကောင်း၊ တိရစ္ဆာန်ဖွားသော သားငယ်အားဖြင့်လည်းကောင်း၊ သိုးနွား အစီးအပွားအားဖြင့်လည်းကောင်း မင်္ဂလာရှိလိမ့်မည်။ ခြင်တောင်း၌လည်းကောင်း၊ မုန့်နယ်သောခွက်၌လည်းကောင်း မင်္ဂလာရှိလိမ့်မည်။ မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာရှိလိမ့်မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။ သင့်တစ်ဖက်၌ထသော ရန်သူတို့ကို သင့်မျက်မှောက်၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည်။ သူတို့သည် တစ်လမ်းတည်းဖြင့် သင်ရှိရာသို့လာသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သင့်ရှေ့မှပြေးကြလိမ့်မည်။ သင်၏ဘဏ္ဍာတိုက်၌လည်းကောင်း၊ သင်ပြုလေရာရာ၌လည်းကောင်း၊ ထာဝရဘုရားသည် သင့်အပေါ်မှာ မင်္ဂလာရောက်စေခြင်းငှာ မိန့်တော်မူမည်။ သင်၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင့်ကို ကောင်းချီးမင်္ဂလာပေးတော်မူမည်။ သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကိုစောင့်၍ လမ်းတော်သို့လိုက်လျှင်၊ ထာဝရဘုရားကျိန်ဆိုသည်အတိုင်း၊ သင့်ကိုကိုယ်တော်အဖို့ သန့်ရှင်းသောအမျိုး အစဉ်အမြဲဖြစ်စေတော်မူမည်။ သင်သည် ထာဝရဘုရား၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကိုခံရသည်ဟု လူမျိုးခပ်သိမ်းတို့သည် သိမြင်၍ သင့်ကိုကြောက်ရွံ့ကြလိမ့်မည်။ ထာဝရဘုရားသည် သင့်အားပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ ဥစ္စာပစ္စည်း၊ သားသမီး၊ တိရစ္ဆာန်အတိုးအပွား၊ မြေအသီးအနှံများကို ကြွယ်ဝစေတော်မူမည်။ ထာဝရဘုရားသည် အချိန်တန်မှ သင်၏ပြည်၌ မိုးရွာစေခြင်းငှာလည်းကောင်း၊ သင်ပြုလေရာရာ၌ ကောင်းချီးပေးခြင်းငှာလည်းကောင်း၊ ဘဏ္ဍာတော်တိုက်တည်းဟူသော မိုးကောင်းကင်ကိုဖွင့်တော်မူမည်။ သင်သည် လူမျိုးများတို့အား ချေးငှားရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့်အားချေးငှားရသောအခွင့် မရှိရ။
တရားဟောရာ 28:1-12 Common Language Bible (BCL)
သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်ကိုနာခံ၍ ယနေ့ငါဆင့်ဆို သမျှသောပညတ်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းစောင့်ထိန်းလျှင် ကိုယ်တော်သည်သင်တို့ အားကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ထက် ချီးမြှောက်တော်မူမည်။- သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုနာခံလျှင်ကိုယ်တော်သည် အောက်ပါကောင်းချီးမင်္ဂလာအပေါင်းတို့ ကို သင်တို့အားခံစားစေတော်မူမည်။ ``ထာဝရဘုရားသည် သင်တို့၏မြို့များနှင့် လယ်ယာများကိုကောင်းချီးပေးတော်မူမည်။ ``ထာဝရဘုရားသည် သင်တို့တွင်သားသမီး မြောက်မြားစွာထွန်းကားစေရန်လည်းကောင်း၊ အသီးအနှံပေါများစေရန်လည်းကောင်း၊ သိုး နွားမြောက်မြားစွာတိုးပွားစေရန်လည်း ကောင်းကောင်းချီးပေးတော်မူမည်။ ``ထာဝရဘုရားသည် သင်တို့၏ကောက်ပဲ သီးနှံ၊ ၎င်းမှရသောအစားအစာတို့ကို ကောင်းချီးပေးတော်မူမည်။ ``ထာဝရဘုရားသည် သင်တို့ပြုလေသမျှ တို့ကိုကောင်းချီးပေးတော်မူမည်။ ``ထာဝရဘုရားသည် သင်တို့အားတိုက်ခိုက် သောရန်သူများကိုနှိမ်နင်းတော်မူလိမ့်မည်။ သူတို့သည်တစ်လမ်းတည်းဖြင့်လာရောက် တိုက်ခိုက်သော်လည်း လမ်းအသွယ်သွယ်ဖြင့် ထွက်ပြေးရလိမ့်မည်။ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏လုပ်ငန်းကိုကောင်းချီးပေး၍ သင်တို့၏ကျီများကိုစပါးနှင့်ပြည့်စေ တော်မူမည်။ ကိုယ်တော်သည်မိမိပေးသနား တော်မူမည့်ပြည်တွင် သင်တို့အားကောင်းချီး ပေးတော်မူမည်။ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ၏အမိန့်ကိုနာခံ၍ ပညတ်ရှိသမျှကိုစောင့် ထိန်းလျှင် ကတိတော်အတိုင်းသင်တို့အား ကိုယ်တော်၏လူမျိုးတော်ဖြစ်စေမည်။- ထိုအခါသင်တို့သည်ထာဝရဘုရားရွေး ချယ်သောလူမျိုးတော်ဖြစ်ကြောင်းကို ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကသိမြင်သဖြင့် သင်တို့ကိုကြောက်ရွံ့ကြလိမ့်မည်။- ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်တွင် သင်တို့၌သားသမီး၊ သိုးနွား၊ တိရစ္ဆာန် မြောက်မြားစွာရရှိစေတော်မူလိမ့်မည်။ အသီးအနှံပေါများစေတော်မူလိမ့်မည်။- ကိုယ်တော်ရှင်သည်မိုးကောင်းကင်ကိုဖွင့်၍ ရာသီအလိုက်မိုးကိုရွာစေလျက်သင်လုပ် ဆောင်သမျှကိုအောင်မြင်စေတော်မူသဖြင့် သင်တို့သည်နိုင်ငံများစွာတို့အားချေးငှား ရလိမ့်မည်။ သို့ရာတွင်သင်တို့သည်မည်သည့် နိုင်ငံထံမှချေးယူရန်လိုမည်မဟုတ်။
တရားဟောရာ 28:1-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို သေချာစွာနားထောင်၍ ယနေ့သင့်အား ငါမှာကြားသော ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့ထက် သင့်ကိုချီးမြှင့်တော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်လျှင် သင့်အပေါ်သက်ရောက်မည့်ကောင်းချီးမင်္ဂလာ၊ သင်ခံစားရမည့် ကောင်းချီးမင်္ဂလာအပေါင်းကား ဤသို့ဖြစ်၏။ သင်သည် မြို့၌ ကောင်းချီးခံစားရမည်။ တော၌လည်း ကောင်းချီးခံစားရမည်။ သင့်သားသမီး၊ သင့်မြေ၏အသီးအနှံ၊ သင့်တိရစ္ဆာန်၏သားပေါက်များဖြစ်သည့် သင့်နွားသားပေါက်များ၊ သင့်သိုးဆိတ်သားပေါက်များသည် ကောင်းချီးခံစားရမည်။ သင့်တောင်း၊ သင့်မုန့်နယ်ခွက်သည် ကောင်းချီးခံစားရမည်။ သင်သွားသည်ဖြစ်စေ၊ လာသည်ဖြစ်စေ ကောင်းချီးခံစားရမည်။ ထာဝရဘုရားသည် သင့်ကိုပုန်ကန်ထကြွသောရန်သူတို့ကို သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်။ သူတို့သည် သင့်ထံသို့ လမ်းတစ်လမ်းတည်းဖြင့် လာကြသော်လည်း သင့်ထံမှ လမ်းခုနစ်သွယ်ဖြင့် ထွက်ပြေးကြရလိမ့်မည်။ ထာဝရဘုရားသည် သင်၏ကျီ၌လည်းကောင်း၊ သင်လုပ်ဆောင်လေရာရာ၌လည်းကောင်း ကောင်းချီးမင်္ဂလာ သက်ရောက်စေတော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်ကောင်းချီးခံစားရမည်။ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကိုစောင့်ထိန်း၍ ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်လျှင် သင့်အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကို မိမိအဖို့ သန့်ရှင်းသောလူမျိုးအဖြစ် တည်စေတော်မူမည်။ သင့်အပေါ် ထာဝရဘုရား၏နာမတော်တည်ကြောင်း မြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည် သိမြင်၍ သင့်ကိုကြောက်ရွံ့ကြလိမ့်မည်။ ထာဝရဘုရားက ထိုပြည်ကို သင့်အားပေးမည်ဟု သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင့်သားသမီး၊ သင့်တိရစ္ဆာန်၏သားပေါက်၊ သင့်မြေ၏အသီးအနှံဖြင့် သင့်ကို ထာဝရဘုရား ကောင်းစားစေတော်မူမည်။ ထာဝရဘုရားသည် ကြွယ်ဝသောမိုးကောင်းကင်ဘဏ္ဍာတိုက်ကို ဖွင့်ပေးတော်မူပြီး သင်၏ပြည်၌ မိုးကို သူ့အချိန်နှင့်သူရွာစေတော်မူ၍ သင်လုပ်ဆောင်လေရာရာတို့ကိုကောင်းချီးပေးတော်မူမည်။ သင်သည် လူမျိုးများစွာတို့အား ချေးငှားပေးရမည်။ ချေးယူရမည်မဟုတ်။