YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 20:13-38

တမန်တော် 20:13-38 Judson Bible (JBMLE)

ငါ​တို့​သည် ပေါ​လု​အ​ရင် သင်္ဘော​သို့​သွား၍၊ အဿု​မြို့၌ သူ့​ကို​ခံ​ယူ​မည်​အ​ကြံ​နှင့် ထို​မြို့​သို့ လွှင့်​ကြ၏။ ပေါ​လု​သည်​ထို​မြို့​သို့ ကုန်း​ကြောင်း​သွား​မည်​အ​ကြံ​ရှိ၍ ထို​သို့​စီ​ရင်​လေ၏။- အဿု​မြို့၌ သူ​သည် ငါ​တို့​နှင့်​တွေ့​မိ​လျှင်၊ သူ့​ကို​ခံ​ယူ၍ မိ​တု​လင်​မြို့​သို့​သွား​ကြ၏။- ထို​မြို့​မှ​လွှင့်​ပြန်​လျှင် နက်​ဖြန်​နေ့၌ ခိ​အု​ကျွန်း​နား​မှာ လျှောက်​သွား၍ နောက်​တစ်​နေ့၌ သာ​မု​ကျွန်း​သို့ ရောက်​သ​ဖြင့်၊ တ​ရော​ဂု​လိ​အ​ငူ​စွန်း၌ နေ​ကြ၏။ နောက်​တစ်​နေ့၌​လည်း မိ​လက်​မြို့​သို့​ရောက်​ကြ၏။- ပေါ​လု​သည် ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​မ​လွန်​မီ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​နိုင်​လျှင်​ရောက်​ခြင်း​ငှာ ကြိုး​စား​သည်​ဖြစ်၍ အာ​ရှိ​ပြည်၌ တာ​ရှည်​စွာ​မ​နေ​လို​သ​ဖြင့် ဧ​ဖက်​မြို့​မှာ မ​ဆိုက်​ဘဲ လွှင့်​သွား​မည်​ဟု စိတ်​ပြဋ္ဌာန်း​လျက်​ရှိ​နှင့်​သ​တည်း။ မိ​လက်​မြို့​သို့​ရောက်​မှ ပေါ​လု​သည် ဧ​ဖက်​မြို့​သို့ စေ​လွှတ်၍ သင်း​အုပ်​များ​ကို ခေါ်​လေ၏။- သူ​တို့​သည် ရောက်​ကြ​သော​အ​ခါ၊ ပေါ​လု​က၊ ငါ​သည် အာ​ရှိ​ပြည်​သို့​ရောက်​သော နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် သင်​တို့​ရှေ့​မှာ အ​ဘယ်​သို့ ကျင့်​နေ​သည်​ကို သင်​တို့​သိ​ကြ၏။- အ​လွန်​နှိမ့်​ချ​သော​စိတ်​ရှိ​လျက်၊ မျက်​ရည်​ကျ​လျက်၊ ယု​ဒ​လူ​တို့၏ မ​ကောင်း​သော​အ​ကြံ​အား​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ငါ​ဆောင်​ရွက်​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။- သင်​တို့​အ​ကျိုးပြုစုရာ တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ထိမ်​မ​ဝှက်။ လူ​စု​ဝေး​ရာ၌​လည်း​ကောင်း၊ အိမ်​များ၌​လည်း​ကောင်း၊ သင်​တို့​အား​ဟော​ပြော၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​သ​ဖြင့်၊- ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နောင်​တ​ရ​ခြင်း​တ​ရား​ကို​လည်း​ကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​တို့​အား သက်​သေ​ခံ​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။ ယ​ခု​မှာ​ငါ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ၏။ ထို​မြို့၌ အ​ဘယ်​အ​မှု​ရောက်​မည်​ကို မ​သိ။- သို့​သော်​လည်း ချည်​နှောင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​အ​မှု​တို့​သည် ငါ့​ကို​ဆိုင်း​လင့်​သည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ခပ်​သိမ်း​သော​မြို့​တို့၌ ငါ့​အား သက်​သေ​ခံ​တော်​မူ၏။- သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊- ယ​ခု​မူ​ကား၊ ငါ​လှည့်​လည်၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​ရာ၊ သင်​တို့​ရှိ​သ​မျှ​သည် နောက်​တစ်​ဖန် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု​ငါ​သိ၏။- ထို​ကြောင့်၊ လူ​အ​ပေါင်း​တို့၏​အ​သွေး​နှင့် ငါ​ကင်း​လွတ်​သည်​ဟု ယ​နေ့၌ သင်​တို့​အား ငါ​သက်​သေ​ခံ၏။- ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို သင်​တို့​အား အ​ကုန်​အ​စင် ဟော​ပြော​ပြ​သ​ခြင်း​အ​မှု​ကို ငါ​သည်​မ​လွှဲ​မ​ရှောင်​ဘဲ ပြု​ခဲ့​ပြီ။ ထို​ကြောင့် သင်​တို့​သည် ကိုယ်​ကို သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​သည် မိ​မိ​အ​သွေး​နှင့် ဝယ်​တော်​မူ​သော​အ​သင်း​တော်​ကို လုပ်​ကျွေး​စေ​ခြင်း​ငှာ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​ကို အ​အုပ်​အ​ချုပ် ခန့်​ထား​တော်​မူ​သော သိုး​စု​တစ်​စု​လုံး​ကို​လည်း သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ငါ​မ​ရှိ​သည်​နောက်၊ ကြမ်း​တမ်း​သော တော​ခွေး​တို့​သည် သိုး​များ​ကို မ​သ​နား​ဘဲ သင်​တို့​အ​ထဲ​သို့​ဝင်​မည်​ကို​လည်း​ကောင်း၊- တ​ပည့်​တော်​များ​ကို​သွေး​ဆောင်​ခြင်း​ငှာ၊ မှား​သော​စ​ကား​ကို ပြော​တတ်​သော​လူ​တို့​သည် သင်​တို့​အ​ထဲ၌​လည်း ပေါ်​လာ​မည်​ကို​လည်း​ကောင်း ငါ​သိ၏။- ထို​ကြောင့် စောင့်​ရှောက်၍​နေ​ကြ​လော့။ ငါ​သည်​သုံး​နှစ်​ပတ်​လုံး နေ့​ည​မ​ပြတ်​လူ​အ​ပေါင်း​တို့​ကို မျက်​ရည်​နှင့်​တ​ကွ ဆုံး​မ၍ နေ​ကြောင်း​ကို အောက်​မေ့​ကြ​လော့။ ညီ​အစ်​ကို​တို့၊ ယ​ခု​ငါ​သည်​သင်​တို့​ကို ဘု​ရား​သ​ခင်၌ အပ်​နှံ၏။ သင်​တို့​ကို တည်​ဆောက်​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​နှင့် အ​တူ သင်​တို့​အား အ​မွေ​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ တတ်​နိုင်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​တ​ရား၌​လည်း သင်​တို့​ကို​ငါ​အပ်​နှံ၏။- သူ့​ရွှေ​ငွေ အ​ဝတ်​တန်​ဆာ​တို့​ကို ငါ​သည်​တပ်​မက်​ခြင်း​မ​ရှိ​ပြီ။- ဤ​လက်​တို့​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​အ​ပေါင်း​အ​ဖော်​တို့​ကို​လည်း​ကောင်း၊ လုပ်​ကျွေး​ပြီ​ဟု သင်​တို့​သည် ကိုယ်​တိုင်​သိ​ကြ၏။- ထို​သို့​သင်​တို့​သည်​လည်း အ​လုပ်​လုပ်၍ အား​နည်း​သော သူ​တို့​ကို မ​စ​ရ​မည်​ကို​လည်း​ကောင်း၊ အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အ​ရာ​ထက် စွန့်​ကြဲ​ခြင်း အ​ရာ​သည်​သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သော စ​ကား​တော်​ကို အောက်​မေ့​ရ​မည်​ကို​လည်း​ကောင်း၊ အ​ရာ​ရာ၌ သင်​တို့​အား ငါ​ပြ​သ​ပြီ​ဟု၊- ပေါ​လု​ဆို​ပြီး​လျှင်၊ ဒူး​ထောက်၍ ထို​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဆု​တောင်း​လေ၏။- ထို​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ငို​ကြွေး၍၊ ပေါ​လု၏​လည်​ပင်း​ကို ဖက်​ယမ်း​လျက် သူ့​ကို​နမ်း​ကြ၏။- နောက်​တစ်​ဖန် သူ၏​မျက်​နှာ​ကို မ​မြင်​ရ​ဟူ​သော စ​ကား​ကြောင့် သာ၍​ကြေ​ကွဲ​သော​စိတ်​နှင့် ပေါ​လု​ကို သင်္ဘော​သို့ ပို့​လိုက်​ကြ၏။

တမန်တော် 20:13-38 Common Language Bible (BCL)

ကျွန်ုပ်​တို့​သည်​သင်္ဘော​သို့​အ​လျင်​သွား​၍​အ​ဿု မြို့​သို့​လွှင့်​ကြ​၏။ အ​ဿု​မြို့​သို့​ရောက်​မှ​ပေါ​လု အား​သင်္ဘော​စီး​စေ​ရန်​ဖြစ်​၏။ ပေါ​လု​သည်​ထို မြို့​သို့​ကုန်း​ကြောင်း​ဖြင့်​သွား​ရန်​စီ​စဉ်​ထား ခြင်း​ဖြစ်​ပေ​သည်။- ကျွန်ုပ်​တို့​သည်​သူ့​ကို​အ​ဿု​မြို့​တွင်​တွေ့​ဆုံ​၍ သူ့​အား သင်္ဘော​ပေါ်​သို့​ခေါ်​တင်​ပြီး​လျှင်​မိ​တု လင်​မြို့​သို့​လွှင့်​ကြ​၏။- နောက်​တစ်​နေ့​၌​ခိ​အု​ကျွန်း​အ​နီး​သို့​ရောက် ကြ​၏။ နောက်​တစ်​ရက်​ကြာ​သော်​သာ​မု​ကျွန်း သို့​ရောက်​၍ နောက်​တစ်​ရက်​အ​ကြာ​တွင်​မိ​လက် မြို့​သို့​ရောက်​ကြ​၏။- ပေါ​လု​သည်​အာ​ရှ​နယ်​တွင်​အ​ချိန်​မ​ကုန်​စေ လို​သ​ဖြင့် ဧ​ဖက်​မြို့​အ​နီး​မှ​ဖြတ်​၍​သင်္ဘော လွှင့်​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​၏။ ဖြစ်​နိုင်​ပါ​က ပင်​တေ​ကုတ္တေ​ပွဲ​တော်​အ​မီ​ယေ​ရု​ရှ​လင်​မြို့ သို့​ရောက်​ရှိ​ရန် သူ​သည်​အ​လျင်​အ​မြန်​ခ​ရီး ပြု​လျက်​နေ​၏။ သို့​ရာ​တွင်​ပေါ​လု​သည်​ဧ​ဖက်​မြို့​အ​သင်း​တော် လူ​ကြီး​တို့​အား မိ​မိ​နှင့်​လာ​ရောက်​တွေ့​ဆုံ​ရန် မိ​လက်​မြို့​မှ​လူ​လွှတ်​အ​ကြောင်း​ကြား​လိုက်​၏။- ထို​သူ​တို့​ရောက်​ရှိ​ကြ​သော​အ​ခါ​ပေါ​လု​က ``ငါ သည်​အာ​ရှ​နယ်​သို့​ရောက်​သည့်​နေ့​မှ​စ​၍ သင်​တို့ နှင့်​အ​တူ​ရှိ​နေ​သည့်​အ​ချိန်​ကာ​လ​တစ်​လျှောက် လုံး​တွင် မည်​သို့​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို​သင် တို့​အ​သိ​ပင်​ဖြစ်​၏။- ယု​ဒ​အ​မျိုး​သား​တို့​၏​မ​သ​မာ​သော​အ​ကြံ အ​စည်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် ရှိ​ချိန်​တွင် ငါ​သည်​မျက်​ရည်​ကျ​လျက်​စိတ် နှ​လုံး​နှိမ့်​ချ​ကာ သ​ခင်​ဘု​ရား​၏​အ​စေ​ခံ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ခဲ့​၏။- လူ​ပ​ရိ​သတ်​ရှေ့​တွင်​လည်း​ကောင်း၊ သင်​တို့ အိမ်​များ​တွင်​လည်း​ကောင်း ငါ​ဟော​ပြော​သွန် သင်​သော​အ​ခါ​သင်​တို့​အား​အ​ကျိုး​ရှိ​စေ မည့်​စ​ကား​များ​ကို​အ​ဘယ်​အ​ခါ​၌​မျှ ချန်​လှပ်​၍​မ​ထား​ခဲ့။- နောင်​တ​ရ​၍​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း ကပ်​ကြ​စေ​ရန်​နှင့် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ကို ယုံ​ကြည်​ကြ​စေ​ရန် ငါ​သည်​ယု​ဒ​အ​မျိုး​သား များ​အား​လည်း​ကောင်း၊ ဂ​ရိ​အ​မျိုး​သား​အား လည်း​ကောင်း​လေး​နက်​စွာ​သ​တိ​ပေး​ခဲ့​၏။- ယ​ခု​မှာ​ငါ​သည်​ဝိ​ညာဉ်​တော်​၏​အ​မိန့်​ကို နာ​ခံ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ​မည်။ ထို မြို့​တွင်​အ​ဘယ်​သို့​ဖြစ်​မည်​ကို​ငါ​မ​သိ။- သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က `သင်​သည်​ချည် နှောင်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​လိမ့်​မည်' ဟူ ၍​မြို့​တိုင်း​တွင် ငါ့​အား​ကြို​တင်​သ​တိ​ပေး သည်​ကို​သာ​လျှင်​ငါ​သိ​၏။- သို့​သော်​ငါ့​အ​တွက်​သတ်​မှတ်​ထား​သည့်​အ​လုပ် တာ​ဝန်​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ပေး​အပ် တော်​မူ​သည့်​အ​မှု​တော်​ကို​လည်း​ကောင်း၊ ပြီး​ဆုံး အောင်​ဆောင်​ရွက်​နိုင်​မှု​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ် သ​ဖြင့် ငါ​သည်​မိ​မိ​၏​အ​သက်​ကို​နှ​မြော ခြင်း​မ​ရှိ။ ကိုယ်​တော်​ပေး​အပ်​တော်​မူ​သည့် အ​မှု​တော်​ကား ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ​ညာ ရန်​ပင်​ဖြစ်​သ​တည်း။'' ``ငါ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း ကို သင်​တို့​ထံ​သို့​လှည့်​လည်​ဟော​ပြော​ကြေ​ညာ ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​အ​နက်​အ​ဘယ်​သူ​မျှ ငါ့​မျက်​နှာ​ကို​နောက်​တစ်​ဖန်​မြင်​ရ​ကြ​လိမ့် မည်​မ​ဟုတ်​ကြောင်း​ကို​ငါ​သိ​၏။- သို့​ဖြစ်​၍​သင်​တို့​အ​နက်​တစ်​ဦး​တစ်​ယောက် သည် အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​ပါ​မူ​ငါ​၏​တာ​ဝန် မ​ဟုတ်​ကြောင်း ယ​နေ့​သင်​တို့​ကို​အ​လေး​အ​နက် ငါ​ပြော​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​ကြံ​အ​စည်​တော်​ကို သင်​တို့​အား​အ​ကုန် အ​စင်​ဖော်​ပြ​ပြီး​သော​ကြောင့်​ဖြစ်​၏။- သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ကို​ကိုယ်​လည်း ကောင်း၊ သင်​တို့​လက်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ပေး​အပ်​ထား​သည့်​သိုး​စု​ကို​လည်း​ကောင်း​စောင့် ရှောက်​ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​သင်း တော်​ကို​သိုး​ထိန်း​သ​ဖွယ်​စောင့်​ထိန်း​ကြည့်​ရှု​ကြ လော့။ ကိုယ်​တော်​သည်​မိ​မိ​သား​တော်​အ​သေ​ခံ သော​အား​ဖြင့် ထို​အ​သင်း​တော်​ကို​မိ​မိ​ပိုင်​ဆိုင် ရာ​ဖြစ်​စေ​တော်​မူ​သည်။- ငါ​မ​ရှိ​သည့်​နောက်​လူ​အ​ချို့​တို့​သည်​သင်​တို့ ထံ​သို့​ဝင်​ရောက်​၍ ရက်​စက်​ကြမ်း​ကြုတ်​သော ဝံ​ပု​လွေ​များ​ကဲ့​သို့​သိုး​များ​ကို​မ​ညှာ​ဘဲ ပြု​မူ​ကြ​မည်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။- သင်​တို့​အ​ထဲ​မှ​အ​ချို့​သော​သူ​တို့​သည်​လိမ် လည်​ပြော​ဆို​ကာ​ယုံ​ကြည်​သူ​များ​ကို သူ​တို့ နောက်​သို့​ဆွဲ​ဆောင်​သွား​သည့်​အ​ချိန်​ကာ​လ ရောက်​ရှိ​လာ​လိမ့်​မည်။- သို့​ဖြစ်​၍​သ​တိ​နှင့်​နေ​ကြ​လော့။ ငါ​သည်​သင် တို့​အ​ပေါင်း​အား​သုံး​နှစ်​ပတ်​လုံး​နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​လျက်​ဆုံး​မ​သွန်​သင်​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။'' ``ယ​ခု​သင်​တို့​အား​ဘု​ရား​သ​ခင်​၏​လက် တော်​သို့​လည်း​ကောင်း၊ ကျေး​ဇူး​တော်​တ​ရား သို့​လည်း​ကောင်း​ငါ​အပ်​နှံ​ပါ​၏။ ထို​ကျေး​ဇူး တော်​တ​ရား​သည်​သင်​တို့​ကို​တည်​ဆောက်​၍ ကိုယ်​တော်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​အ​တွက် လျာ​ထား​သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​သင် တို့​အား​ခံ​စား​စေ​လိမ့်​မည်။- ငါ​သည်​သူ​တစ်​ပါး​၏​ရွှေ​ငွေ​အ​ဝတ်​အ​စား ကို​လို​ချင်​တပ်​မက်​ခြင်း​မ​ရှိ​ခဲ့။- ငါ​သည်​ဤ​လက်​များ​ဖြင့်​အ​လုပ်​လုပ်​၍ ငါ နှင့်​အ​ပေါင်း​ဖော်​များ​၏​လို​အပ်​သည်​များ ကို​ဖြည့်​တင်း​ခဲ့​ကြောင်း​သင်​တို့​ကိုယ်​တိုင် သိ​ကြ​၏။- ငါ​၏​နည်း​တူ​သင်​တို့​သည်​လည်း​ခပ်​သိမ်း​သော အ​ခြေ​အ​နေ​တွင် အ​လုပ်​ကို​ကြိုး​စား​၍​လုပ် ပြီး​လျှင် နွမ်း​ပါး​သူ​တို့​ကို​ကူ​ညီ​မ​စ​ကြ​ရန် ငါ​ပြ​သ​ခဲ့​ပြီ။ သ​ခင်​ယေ​ရှု​က `စွန့်​ကြဲ​ခြင်း သည်​အ​စွန့်​ကြဲ​ခံ​ခြင်း​ထက်​ပို​၍​မင်္ဂ​လာ​ရှိ​၏' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။ ထို​နောက်​ပေါ​လု​သည်​ဒူး​ထောက်​၍​ထို​သူ​တို့ နှင့်​အ​တူ​ဆု​တောင်း​လေ​သည်။- သူ​တို့​သည်​ပေါ​လု​ကို​ဖက်​ယမ်း​လျက် ငို​ယို ကာ​နမ်း​ရှုပ်​၍​နှုတ်​ဆက်​ကြ​၏။- ပေါ​လု​သည်​မိ​မိ​အား​နောက်​တစ်​ဖန်​တွေ့​မြင် ရ​တော့​မည်​မ​ဟုတ်​ဟု​ဆို​သ​ဖြင့် ထို​သူ​တို့​သည် အ​ထူး​ဝမ်း​နည်း​ကြ​၏။ ထို့​နောက်​ပေါ​လု​အား သင်္ဘော​သို့​လိုက်​ပို့​ကြ​၏။

တမန်တော် 20:13-38 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​သည် ပေါလု​ကို အဿု​မြို့​၌​သင်္ဘော​ပေါ်​ခေါ်တင်​ရန် စီစဉ်​လျက် သင်္ဘော​ဆီသို့ ဦးစွာ​သွား​ပြီးလျှင် ထို​မြို့​သို့ ရွက်လွှင့်​ကြ​၏။ ဤသို့​စီစဉ်​ခြင်းမှာ ပေါလု​သည် ကုန်းကြောင်း​သွား​ရန်​စီစဉ်​ထား​၍ ထိုသို့​မှာကြား​ခဲ့​သောကြောင့်​ဖြစ်​၏။ သူ​သည် အဿု​မြို့​တွင် ငါ​တို့​နှင့်​ဆုံ​သောအခါ ငါ​တို့​သည် သူ့​ကို သင်္ဘော​ပေါ်​ခေါ်တင်​၍ မိတုလင်​မြို့​သို့ သွား​ကြ​၏။ ထို​မြို့​မှ တစ်ဖန်​ရွက်လွှင့်​ကြ​ပြီး နောက်တစ်နေ့​တွင် ခိအု​ကျွန်း​၏​တစ်ဖက်​သို့ ရောက်​ကြ​၏။ ထိုမှ တစ်​နေ့​ကြာ​သော် သာမု​ကျွန်း​သို့​ဝင်​၍ နောက်တစ်နေ့​တွင် မိလက်​မြို့​သို့​ရောက်​ကြ​၏။ ဤသို့​ခရီး​ပြု​ခြင်းမှာ ပေါလု​သည် အာရှ​ပြည်​တွင် အချိန်​မ​ကုန်​စေရန် ဧဖက်​မြို့​၌​မ​ဆိုက်​ဘဲ​ရွက်လွှင့်​သွား​မည်​ဟု ဆုံးဖြတ်​ထား​သောကြောင့်​ဖြစ်​၏။ သူ​သည် ဖြစ်နိုင်​လျှင် ပင်တေကုတ္တေ​ပွဲ​နေ့​တွင် ဂျေရုဆလင်​မြို့​သို့​ရောက်​လို​သည်​ဖြစ်၍ ခရီး​ကို​လျင်မြန်​စွာ​ပြု​နေ​၏။ ထို့ကြောင့် ပေါလု​သည် မိလက်​မြို့​မှ ဧဖက်​မြို့​သို့ လူ​လွှတ်​၍ အသင်းတော်​အကြီးအကဲ​များ​ကို​ခေါ်​လေ​၏။ သူ​တို့​ရောက်လာ​ကြ​သောအခါ ပေါလု​က “ငါ​သည် အာရှ​ပြည်​၌ ပထမ​ဦးဆုံး​ခြေချ​သည့်​နေ့​မှစ၍ သင်​တို့​နှင့်အတူ​ရှိ​ခဲ့​သည့်​ကာလ​တစ်လျှောက် မည်ကဲ့သို့​အသက်ရှင်​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။ ငါ​သည် အလွန်​စိတ်​နှိမ့်ချ​ခြင်း၊ မျက်ရည်​ကျ​ခြင်း​နှင့် ဂျူး​လူမျိုး​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကြောင့်​ကျရောက်​သော စုံစမ်း​နှောင့်ယှက်​ခြင်း​တို့​ကြား​မှ သခင်​ဘုရား​ကို အစေခံ​ခဲ့​၏။ ငါ​သည် သင်​တို့​အတွက် အကျိုး​ရှိ​မည့်​အရာ​ရှိသမျှ​ကို တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ သင်​တို့​အား​ဖော်ပြ​လျက် လူ​အများ​ရှေ့၌​ဖြစ်စေ၊ တစ်အိမ်​ပြီး​တစ်အိမ်​ဖြစ်စေ သွန်သင်​ကာ ဘုရားသခင်​ရှေ့​တော်​၌​နောင်တရ​ခြင်း​၊ ငါ​တို့​၏​သခင်​ယေရှု​ကို​ယုံကြည်​ခြင်း​အကြောင်း​တို့​ကို ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး နှစ်မျိုးစလုံး​တို့​အား သက်သေခံ​ခဲ့​၏။ ယခု ငါ​သည် ဝိညာဉ်​တော်​၏​နှောင်ဖွဲ့​ခြင်း​ကို​ခံရ​၍ ဂျေရုဆလင်​မြို့​သို့ သွား​နေ​ခြင်း​ဖြစ်​၏။ ထို​မြို့​တွင် မည်သည့်​အရာ​နှင့်​ငါ​ကြုံတွေ့​ရ​မည်​ကို ငါ​မ​သိ။ သို့သော် အချုပ်အနှောင်​နှင့် ဆင်းရဲ​ဒုက္ခ​များ​သည် ငါ့​ကို​စောင့်​နေ​ကြောင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​က မြို့​တိုင်း​၌ ငါ့​အား​သက်သေခံ​တော်မူ​သည်​ကို ငါ​သိ​၏။ သို့ရာတွင် ငါ​သည် မိမိ​ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​သက်သေခံ​ရန် သခင်​ယေရှု​ထံမှ ငါ​ရရှိ​သော​အမှု​တော်​လုပ်ငန်း​ကို ပြီးမြောက်​စေ​နိုင်​ရန်​အတွက်​ဆိုလျှင် ငါ့​အသက်​ကို​ပင် ငါ​ပဓာန​မ​ထား​ပေ။ ယခု​မူကား နိုင်ငံ​တော်​အကြောင်း​ကို သင်​တို့​အားလုံး​အလယ်​၌ လှည့်လည်​ဟောပြော​ခဲ့​သော​ငါ​၏​မျက်နှာ​ကို သင်​တို့​မြင်​ရ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။ သို့ဖြစ်၍ ငါ​သည် အားလုံး​၏​သွေး​နှင့်​ကင်းရှင်း​ကြောင်း ယနေ့​ပင် သင်​တို့​အား ငါ​သက်သေခံ​၏။ အကြောင်းမူကား ငါ​သည် တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​အကြံအစည်​တော်​ကို သင်​တို့​အား အကုန်အစင်​ဖော်ပြ​ခဲ့​ပြီ။ သင်​တို့​သည် မိမိတို့ကိုယ်ကို​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ဂရုစိုက်​ကြ​လော့။ ကိုယ်တော်​၏​သွေး​တော်​နှင့်​ဝယ်ယူ​ထား​သော ဘုရားသခင်​၏​အသင်းတော်​ကို သင်​တို့​အုပ်ထိန်း​စေရန် ထို​သိုးစု​ကို​ကြီးကြပ်​သူ​အဖြစ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင်​တို့​ကို​ခန့်အပ်​ထား​တော်မူ​၏။ ငါ​ထွက်ခွာ​သွား​သည့်​နောက် ကြမ်းကြုတ်​သော​ဝံပုလွေ​များ​သည် သင်​တို့​အထဲသို့​ဝင်လာ​၍ သိုးစု​ကို ညှာတာ​လိမ့်မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။ သင်​တို့​အထဲမှ​လည်း တပည့်​တော်​များ​ကို မိမိ​တို့​ဘက်​သို့​ဆွယ်​ရန် ဖောက်ပြန်​လမ်းလွဲ​သော​အရာ​များ​ကို ပြောဆို​သော​သူ​အချို့​တို့ ပေါ်လာ​ကြ​လိမ့်မည်။ ထို့ကြောင့် ငါ​သည် သင်​တို့​တစ်ဦးစီ​ကို သုံး​နှစ်​ပတ်လုံး နေ့​ည​မ​ပြတ် မျက်ရည်​ဖြင့် သတိပေး​ဆုံးမ​ခဲ့​သည်​ကို အောက်မေ့​လျက် သတိ​ဝီရိယ​ရှိ​ကြ​လော့။ ယခု သင်​တို့​ကို ဘုရားသခင်​၌​လည်းကောင်း၊ ကိုယ်တော်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သော နှုတ်ကပတ်တော်​၌​လည်းကောင်း ငါ​အပ်နှံ​၏။ နှုတ်ကပတ်တော်​သည် သင်​တို့​ကို တည်ဆောက်​မြှင့်တင်​လျက် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​အပေါင်း​တို့​နှင့်အတူ အမွေ​တော်​ကို​ရရှိ​စေ​နိုင်စွမ်း​ရှိ​၏။ ငါ​သည် မည်သူ​၏​ရွှေ၊ ငွေ၊ အဝတ်​တန်ဆာ​ကို​မျှ တပ်မက်​ခြင်း​မ​ရှိ​ခဲ့​ပေ။ ငါ​သည် ဤ​လက်​များ​ဖြင့် ငါ​မှစ၍ ငါ​နှင့်အတူ​ရှိ​သော​သူ​တို့​၏​လိုအပ်​ချက်​များ​အတွက် လုပ်ဆောင်​ခဲ့​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။ ထိုသို့​ကြိုးစား​လုပ်ဆောင်​၍ အားနည်း​သော​သူ​တို့​ကို ကူညီမစ​သင့်​ကြောင်း​နှင့်‘ပေးကမ်း​ခြင်း​သည် ရယူ​ခြင်း​ထက် သာ၍​မင်္ဂလာရှိ​သည်’​ဟု သခင်​ယေရှု​ကိုယ်တော်​တိုင် မိန့်​တော်မူ​သည့်​စကား​ကို သတိရ​သင့်​ကြောင်း အရာရာ​၌ သင်​တို့​အား ငါ​ပြသ​၏”​ဟု ဆို​လေ​၏။ ပေါလု​သည် ဤသို့​ဆို​ပြီးနောက် ဒူး​ထောက်​လျက် ထို​သူ​အပေါင်း​တို့​နှင့်အတူ ဆုတောင်း​လေ​၏။ သူ​တို့​အားလုံး​သည် အလွန်​ငိုကြွေး​လျက် ပေါလု​ကို​ဖက်​၍ နမ်း​ကြ​၏။ အထူးသဖြင့် သူ​၏​မျက်နှာ​ကို မြင်တွေ့​ရ​တော့မည်​မ​ဟုတ်​ဟု ပေါလု​ပြော​သည့်​စကား​ကြောင့် သူ​တို့​သည် ဝမ်းနည်း​ကြေကွဲ​ကြ​၏။ ထို့နောက် သူ့​ကို သင်္ဘော​ဆီသို့ လိုက်ပို့​ကြ​၏။