YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 20:13-38

တမန်တော်ဝတ္ထု 20:13-38 MSBU

ငါ​တို့​သည် ပေါလု​ကို အဿု​မြို့​၌​သင်္ဘော​ပေါ်​ခေါ်တင်​ရန် စီစဉ်​လျက် သင်္ဘော​ဆီသို့ ဦးစွာ​သွား​ပြီးလျှင် ထို​မြို့​သို့ ရွက်လွှင့်​ကြ​၏။ ဤသို့​စီစဉ်​ခြင်းမှာ ပေါလု​သည် ကုန်းကြောင်း​သွား​ရန်​စီစဉ်​ထား​၍ ထိုသို့​မှာကြား​ခဲ့​သောကြောင့်​ဖြစ်​၏။ သူ​သည် အဿု​မြို့​တွင် ငါ​တို့​နှင့်​ဆုံ​သောအခါ ငါ​တို့​သည် သူ့​ကို သင်္ဘော​ပေါ်​ခေါ်တင်​၍ မိတုလင်​မြို့​သို့ သွား​ကြ​၏။ ထို​မြို့​မှ တစ်ဖန်​ရွက်လွှင့်​ကြ​ပြီး နောက်တစ်နေ့​တွင် ခိအု​ကျွန်း​၏​တစ်ဖက်​သို့ ရောက်​ကြ​၏။ ထိုမှ တစ်​နေ့​ကြာ​သော် သာမု​ကျွန်း​သို့​ဝင်​၍ နောက်တစ်နေ့​တွင် မိလက်​မြို့​သို့​ရောက်​ကြ​၏။ ဤသို့​ခရီး​ပြု​ခြင်းမှာ ပေါလု​သည် အာရှ​ပြည်​တွင် အချိန်​မ​ကုန်​စေရန် ဧဖက်​မြို့​၌​မ​ဆိုက်​ဘဲ​ရွက်လွှင့်​သွား​မည်​ဟု ဆုံးဖြတ်​ထား​သောကြောင့်​ဖြစ်​၏။ သူ​သည် ဖြစ်နိုင်​လျှင် ပင်တေကုတ္တေ​ပွဲ​နေ့​တွင် ဂျေရုဆလင်​မြို့​သို့​ရောက်​လို​သည်​ဖြစ်၍ ခရီး​ကို​လျင်မြန်​စွာ​ပြု​နေ​၏။ ထို့ကြောင့် ပေါလု​သည် မိလက်​မြို့​မှ ဧဖက်​မြို့​သို့ လူ​လွှတ်​၍ အသင်းတော်​အကြီးအကဲ​များ​ကို​ခေါ်​လေ​၏။ သူ​တို့​ရောက်လာ​ကြ​သောအခါ ပေါလု​က “ငါ​သည် အာရှ​ပြည်​၌ ပထမ​ဦးဆုံး​ခြေချ​သည့်​နေ့​မှစ၍ သင်​တို့​နှင့်အတူ​ရှိ​ခဲ့​သည့်​ကာလ​တစ်လျှောက် မည်ကဲ့သို့​အသက်ရှင်​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။ ငါ​သည် အလွန်​စိတ်​နှိမ့်ချ​ခြင်း၊ မျက်ရည်​ကျ​ခြင်း​နှင့် ဂျူး​လူမျိုး​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကြောင့်​ကျရောက်​သော စုံစမ်း​နှောင့်ယှက်​ခြင်း​တို့​ကြား​မှ သခင်​ဘုရား​ကို အစေခံ​ခဲ့​၏။ ငါ​သည် သင်​တို့​အတွက် အကျိုး​ရှိ​မည့်​အရာ​ရှိသမျှ​ကို တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ သင်​တို့​အား​ဖော်ပြ​လျက် လူ​အများ​ရှေ့၌​ဖြစ်စေ၊ တစ်အိမ်​ပြီး​တစ်အိမ်​ဖြစ်စေ သွန်သင်​ကာ ဘုရားသခင်​ရှေ့​တော်​၌​နောင်တရ​ခြင်း​၊ ငါ​တို့​၏​သခင်​ယေရှု​ကို​ယုံကြည်​ခြင်း​အကြောင်း​တို့​ကို ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး နှစ်မျိုးစလုံး​တို့​အား သက်သေခံ​ခဲ့​၏။ ယခု ငါ​သည် ဝိညာဉ်​တော်​၏​နှောင်ဖွဲ့​ခြင်း​ကို​ခံရ​၍ ဂျေရုဆလင်​မြို့​သို့ သွား​နေ​ခြင်း​ဖြစ်​၏။ ထို​မြို့​တွင် မည်သည့်​အရာ​နှင့်​ငါ​ကြုံတွေ့​ရ​မည်​ကို ငါ​မ​သိ။ သို့သော် အချုပ်အနှောင်​နှင့် ဆင်းရဲ​ဒုက္ခ​များ​သည် ငါ့​ကို​စောင့်​နေ​ကြောင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​က မြို့​တိုင်း​၌ ငါ့​အား​သက်သေခံ​တော်မူ​သည်​ကို ငါ​သိ​၏။ သို့ရာတွင် ငါ​သည် မိမိ​ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​သက်သေခံ​ရန် သခင်​ယေရှု​ထံမှ ငါ​ရရှိ​သော​အမှု​တော်​လုပ်ငန်း​ကို ပြီးမြောက်​စေ​နိုင်​ရန်​အတွက်​ဆိုလျှင် ငါ့​အသက်​ကို​ပင် ငါ​ပဓာန​မ​ထား​ပေ။ ယခု​မူကား နိုင်ငံ​တော်​အကြောင်း​ကို သင်​တို့​အားလုံး​အလယ်​၌ လှည့်လည်​ဟောပြော​ခဲ့​သော​ငါ​၏​မျက်နှာ​ကို သင်​တို့​မြင်​ရ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။ သို့ဖြစ်၍ ငါ​သည် အားလုံး​၏​သွေး​နှင့်​ကင်းရှင်း​ကြောင်း ယနေ့​ပင် သင်​တို့​အား ငါ​သက်သေခံ​၏။ အကြောင်းမူကား ငါ​သည် တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​အကြံအစည်​တော်​ကို သင်​တို့​အား အကုန်အစင်​ဖော်ပြ​ခဲ့​ပြီ။ သင်​တို့​သည် မိမိတို့ကိုယ်ကို​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ဂရုစိုက်​ကြ​လော့။ ကိုယ်တော်​၏​သွေး​တော်​နှင့်​ဝယ်ယူ​ထား​သော ဘုရားသခင်​၏​အသင်းတော်​ကို သင်​တို့​အုပ်ထိန်း​စေရန် ထို​သိုးစု​ကို​ကြီးကြပ်​သူ​အဖြစ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင်​တို့​ကို​ခန့်အပ်​ထား​တော်မူ​၏။ ငါ​ထွက်ခွာ​သွား​သည့်​နောက် ကြမ်းကြုတ်​သော​ဝံပုလွေ​များ​သည် သင်​တို့​အထဲသို့​ဝင်လာ​၍ သိုးစု​ကို ညှာတာ​လိမ့်မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။ သင်​တို့​အထဲမှ​လည်း တပည့်​တော်​များ​ကို မိမိ​တို့​ဘက်​သို့​ဆွယ်​ရန် ဖောက်ပြန်​လမ်းလွဲ​သော​အရာ​များ​ကို ပြောဆို​သော​သူ​အချို့​တို့ ပေါ်လာ​ကြ​လိမ့်မည်။ ထို့ကြောင့် ငါ​သည် သင်​တို့​တစ်ဦးစီ​ကို သုံး​နှစ်​ပတ်လုံး နေ့​ည​မ​ပြတ် မျက်ရည်​ဖြင့် သတိပေး​ဆုံးမ​ခဲ့​သည်​ကို အောက်မေ့​လျက် သတိ​ဝီရိယ​ရှိ​ကြ​လော့။ ယခု သင်​တို့​ကို ဘုရားသခင်​၌​လည်းကောင်း၊ ကိုယ်တော်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သော နှုတ်ကပတ်တော်​၌​လည်းကောင်း ငါ​အပ်နှံ​၏။ နှုတ်ကပတ်တော်​သည် သင်​တို့​ကို တည်ဆောက်​မြှင့်တင်​လျက် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​အပေါင်း​တို့​နှင့်အတူ အမွေ​တော်​ကို​ရရှိ​စေ​နိုင်စွမ်း​ရှိ​၏။ ငါ​သည် မည်သူ​၏​ရွှေ၊ ငွေ၊ အဝတ်​တန်ဆာ​ကို​မျှ တပ်မက်​ခြင်း​မ​ရှိ​ခဲ့​ပေ။ ငါ​သည် ဤ​လက်​များ​ဖြင့် ငါ​မှစ၍ ငါ​နှင့်အတူ​ရှိ​သော​သူ​တို့​၏​လိုအပ်​ချက်​များ​အတွက် လုပ်ဆောင်​ခဲ့​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။ ထိုသို့​ကြိုးစား​လုပ်ဆောင်​၍ အားနည်း​သော​သူ​တို့​ကို ကူညီမစ​သင့်​ကြောင်း​နှင့်‘ပေးကမ်း​ခြင်း​သည် ရယူ​ခြင်း​ထက် သာ၍​မင်္ဂလာရှိ​သည်’​ဟု သခင်​ယေရှု​ကိုယ်တော်​တိုင် မိန့်​တော်မူ​သည့်​စကား​ကို သတိရ​သင့်​ကြောင်း အရာရာ​၌ သင်​တို့​အား ငါ​ပြသ​၏”​ဟု ဆို​လေ​၏။ ပေါလု​သည် ဤသို့​ဆို​ပြီးနောက် ဒူး​ထောက်​လျက် ထို​သူ​အပေါင်း​တို့​နှင့်အတူ ဆုတောင်း​လေ​၏။ သူ​တို့​အားလုံး​သည် အလွန်​ငိုကြွေး​လျက် ပေါလု​ကို​ဖက်​၍ နမ်း​ကြ​၏။ အထူးသဖြင့် သူ​၏​မျက်နှာ​ကို မြင်တွေ့​ရ​တော့မည်​မ​ဟုတ်​ဟု ပေါလု​ပြော​သည့်​စကား​ကြောင့် သူ​တို့​သည် ဝမ်းနည်း​ကြေကွဲ​ကြ​၏။ ထို့နောက် သူ့​ကို သင်္ဘော​ဆီသို့ လိုက်ပို့​ကြ​၏။