YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 8:7-15

၄ ဓမ္မရာဇဝင် 8:7-15 Judson Bible (JBMLE)

တစ်​ဖန် ဧ​လိ​ရှဲ​သည် ဒ​မာ​သက်​မြို့​သို့​သွား၏။ ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် နာ​နေ၏။ ဘု​ရား​သ​ခင်၏​လူ​ရောက်​ကြောင်း​ကို နား​တော်​လျှောက်​လေ​သော်၊ ဟာ​ဇေ​လ​ကို​ခေါ်၍၊ သင်​သည် လက်​ဆောင်​ကို​ဆောင်​လျက် ဘု​ရား​သ​ခင်၏​လူ​ကို ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်၊ ငါ​သည်​ဤ​အ​နာ​မှ ထ​မြောက်​မည်​လော​ဟု သူ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​လော့​ဟု စေ​လွှတ်​သည်​အ​တိုင်း၊ ဟာ​ဇေ​လ​သည် ကု​လား​အုတ်​လေး​ဆယ်​အ​ပေါ်​မှာ ဒ​မာ​သက်​ဥ​စ္စာ​များ​ကို​တင်၍၊ လက်​ဆောင်​ကို​ဆောင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏​လူ​ကို ခ​ရီး​ဦး​ကြို ပြု​ခြင်း​ငှာ​သွား၍ ရှေ့​တော်၌​ရပ်​လျက်၊ ကိုယ်​တော်၏​သား ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​က၊ ငါ​သည် ဤ​အ​နာ​မှ​ထ​မြောက်​ရ​မည်​လော​ဟု မေး​မြန်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​ကို​စေ​လွှတ်​ပါ​သည်​ဟု ဆို၏။ ဧ​လိ​ရှဲ​က​လည်း၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ထ​မြောက်​နိုင်​ပါ၏​ဟု ပြန်​လျှောက်​လော့။ သို့​သော်​လည်း ဆက်​ဆက်​သေ​ရ​မည်​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ စေ့​စေ့​ကြည့်​ရှု၍ ဟာ​ဇေ​လ​သည်​မျက်​နှာ​ပျက်​လေ၏။ ဘု​ရား​သ​ခင်၏​လူ​သည်​လည်း မျက်​ရည်​ကျ၏။ ဟာ​ဇေ​လ​က​လည်း၊ သ​ခင်​သည် အ​ဘယ်​ကြောင့် မျက်​ရည်​ကျ​တော်​မူ​သ​နည်း​ဟု မေး​လျှင် ဧ​လိ​ရှဲ​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​လ​တ္တံ့​သော​ဘေး​ဥ​ပဒ်​တည်း​ဟူ​သော သူ​တို့၏​ရဲ​တိုက်​များ​ကို မီး​ရှို့​ခြင်း၊ လု​လင်​များ​ကို ဓား​နှင့်​သတ်​ခြင်း၊ သူ​ငယ်​များ​ကို မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​များ၌ ဝမ်း​ခွဲ​ခြင်း​ကို ပြု​လိမ့်​မည်​ဟု ငါ​သိ​မြင်​သော​ကြောင့် မျက်​ရည်​ကျ​သည်​ဟု ပြန်​ပြော​သော်၊ ဟာ​ဇေ​လ​က၊ ကိုယ်​တော်​ကျွန်​သည် ခွေး​ဖြစ်​လျက်​နှင့် ဤ​မျှ​လောက်​ကြီး​သော​အ​မှု​ကို ပြု​ရ​ပါ​လိမ့်​မည်​လော​ဟု မေး​ပြန်​သော်၊ ဧ​လိ​ရှဲ​က၊ သင်​သည် ရှု​ရိ​နိုင်​ငံ​ကို စိုး​စံ​ရ​လိမ့်​မည်​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​ပြီ​ဟု​ဆို၏။ ဟာ​ဇေ​လ​သည်​သွား၍ မိ​မိ​သ​ခင့်​ထံ​သို့​ရောက်​သော​အ​ခါ၊ သ​ခင်​က၊ ဧ​လိ​ရှဲ​သည် အ​ဘယ်​သို့​ဆို​သ​နည်း​ဟု​မေး​လျှင်၊ ကိုယ်​တော်​သည် အ​နာ​မှ​ဆက်​ဆက်​ထ​မြောက်​တော်​မူ​မည် ဆို​ပါ​သည်​ဟု လျှောက်​လေ၏။ နက်​ဖြန်​နေ့၌ ဟာ​ဇေ​လ​သည် သိုး​မွေး​အ​ဝတ်​ကို ရေ၌​နှစ်​ပြီး​လျှင်၊ ရှင်​ဘု​ရင်၏ မျက်​နှာ​ကို​ဖုံး​အုပ်​သ​ဖြင့်၊ ရှင်​ဘု​ရင်​သေ၍ ဟာ​ဇေ​လ​သည် နန်း​ထိုင်​လေ၏။

၄ ဓမ္မရာဇဝင် 8:7-15 Common Language Bible (BCL)

ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​နာ​မ​ကျန်း​ရှိ​တော်​မူ ချိန်​၌ ဧ​လိ​ရှဲ​သည်​ဒ​မာ​သက်​မြို့​သို့​ရောက် ရှိ​လာ​၏။ ဧ​လိ​ရှဲ​ရောက်​ရှိ​နေ​ကြောင်း​မင်း ကြီး​ကြား​သိ​တော်​မူ​သော​အ​ခါ၊- အ​မတ်​တစ်​ဦး​ဖြစ်​သော​ဟာ​ဇေ​လ​အား လက်​ဆောင်​ယူ​ပြီး​လျှင် ပ​ရော​ဖက်​ထံ​သို့ သွား​၍​မိ​မိ​သည်​ပြန်​လည်​ကျန်း​မာ​လာ မည်​မ​လာ​မည်​ကို​ထာ​ဝရ​ဘု​ရား​အား မေး​မြန်း​လျှောက်​စေ​ရန်​စေ​လွှတ်​တော်​မူ​၏။- ထို့​ကြောင့်​ဟာ​ဇေ​လ​သည်​ဒ​မာ​သက်​မြို့​မှ ထွက်​သော အ​ဖိုး​တန်​ပစ္စည်း​တို့​ကို​ကု​လား အုတ်​လေး​ဆယ်​ဖြင့်​တင်​၍ ဧ​လိ​ရှဲ​ထံ​သို့ သွား​ပြီး​နောက်``အ​ရှင်​၏​အ​စေ​ခံ​ဗင်္ဟာ​ဒဒ် မင်း​က မိ​မိ​ပြန်​လည်​ကျန်း​မာ​လာ​မည် မ​လာ​မည်​ကို​အ​ရှင့်​ထံ​စုံ​စမ်း​မေး​မြန်း​ရန် အ​ကျွန်ုပ်​အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု လျှောက်​၏။ ဧ​လိ​ရှဲ​က``မင်း​ကြီး​သည်​ကွယ်​လွန်​မည်​ဖြစ် ကြောင်း ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ​တော် မူ​ပြီ။ သို့​ရာ​တွင်​သူ​သည်​ပြန်​လည်​ကျန်း​မာ လာ​လိမ့်​မည်​ဟု​သူ့​အား​ပြော​ကြား​လော့'' ဟု​ဆို​၏။- ထို​နောက်​ဧ​လိ​ရှဲ​သည်​ဟာ​ဇေ​လ​အား​အ​နေ ခက်​စေ​သည့်​တိုင်​အောင် ထိတ်​လန့်​သည့်​အ​မူ အ​ရာ​ဖြင့်​စိုက်​၍​ကြည့်​ပြီး​လျှင်​ငို​လေ​၏။- ဟာ​ဇေ​လ​က``အ​ရှင်၊ အ​ဘယ်​ကြောင့်​ငို​ပါ သ​နည်း'' ဟု​မေး​၏။ ဧ​လိ​ရှဲ​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​ပြု​မည့်​ကြမ်း​ကြုတ်​ဆိုး​ယုတ်​သည့်​အ​မှု တို့​ကို ငါ​သိ​မြင်​သော​ကြောင့်​ဖြစ်​၏။ သင်​သည် သူ​တို့​၏​ရဲ​တိုက်​များ​ကို​မီး​ရှို့​ကာ အ​ဖိုး​တန် လူ​ငယ်​လူ​ရွယ်​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ က​လေး​သူ​ငယ်​တို့​ကို​ဆောင့်​၍​သတ်​ပြီး​လျှင် ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​တို့​၏​ဝမ်း​ကို ခွဲ​လိမ့်​မည်'' ဟု​ဆို​၏။ ဟာ​ဇေ​လ​က``အ​ကျွန်ုပ်​သည်​မ​ရေ​ရာ​သူ တစ်​ဦး​ဖြစ်​ပါ​သည်။ အ​ဘယ်​သို့​လျှင်​ဤ မျှ​တန်​ခိုး​ကြီး​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။ ဧ​လိ​ရှဲ​က``သင်​သည်​ရှု​ရိ​ပြည်​ကို​စိုး​စံ​ရ​လိမ့် မည်​ဖြစ်​ကြောင်း ငါ့​အား​ထာ​ဝရ​ဘု​ရား​ဖော်​ပြ တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။ ဟာ​ဇေ​လ​သည်​ဗင်္ဟာ​ဒဒ်​ထံ​သို့​ပြန်​ရောက်​သော အ​ခါ မင်း​ကြီး​က``ဧ​လိ​ရှဲ​အ​ဘယ်​သို့​အ​မိန့် ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင် ``အ​ရှင်​ပြန်​လည်​ကျန်း​မာ​လာ​လိမ့်​မည်​ဟု ပြော​ပါ​သည်'' ဟု​လျှောက်​၏။- သို့​ရာ​တွင်​နောက်​တစ်​နေ့​၌​ဟာ​ဇေ​လ​သည် စောင်​တစ်​ထည်​ကို​ရေ​ဆွတ်​ပြီး​လျှင်​မင်း​ကြီး ၏​မျက်​နှာ​ကို​ဖုံး​အုပ်​၍​သတ်​လေ​၏။ ထို​နောက်​ဟာ​ဇေ​လ​သည်​ဗင်္ဟာ​ဒဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​၏။

၄ ဓမ္မရာဇဝင် 8:7-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ဧလိရှဲ​သည် ဒမတ်စကပ်​မြို့​သို့​သွား​ရာ ထို​အချိန်​တွင် ဆီးရီးယား​ဘုရင် ဗင်္ဟာဒဒ်​မင်းကြီး​သည် နာမကျန်း​ဖြစ်​နေ​၏​။ ထိုအခါ သူ့​အား “​ဘုရားသခင်​၏​လူ ဤ​မြို့​သို့​ရောက်​နေ​ပါ​၏”​ဟု လျှောက်တင်​လျှင် ရှင်ဘုရင်​က ဟာဇေလ​အား “​လက်ဆောင်​ကို​ယူ​ပြီး ဘုရားသခင်​၏​လူ​နှင့် သွား​တွေ့​လော့​။ ‘​ငါ​သည် ဤ​ဝေဒနာ​မှ ပြန်ကောင်း​လာ​မည်လော​’​ဟု ထာဝရဘုရား​ထံ မေးလျှောက်​စေ​လော့​”​ဟု မိန့်ဆို​၏​။ ထို့ကြောင့် ဟာဇေလ​သည် ဒမတ်စကပ်​မြို့ထွက်​အကောင်းဆုံး​ပစ္စည်း​အမျိုးမျိုး​ကို ကုလားအုတ်​အစီး​လေးဆယ်​ပေါ်​တင်​ပြီး လက်ဆောင်​အဖြစ် ယူသွား​ကာ ဘုရားသခင်​၏​လူ​ကို သွား​တွေ့​၏​။ သူ​သည် ဘုရားသခင်​၏​လူ​ထံ ရောက်​သောအခါ ရှေ့မှောက်​၌ ရပ်​လျက် “​အရှင့်​သား​ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​က ‘​ဤ​ဝေဒနာ​မှ ပြန်ကောင်း​လာ​ပါ​မည်လော​’​ဟူ၍ အကျွန်ုပ်​အား မေးလျှောက်​စေ​ပါ​၏”​ဟု လျှောက်​၏​။ ဧလိရှဲ​က​လည်း သူ့​အား “ ‘​ဤ​ဝေဒနာ​မှ အမှန်ပင်​ပြန်ကောင်း​လာ​လိမ့်မည်​’​ဟု ရှင်ဘုရင်​ကို ပြန်လျှောက်​လော့​။ သို့သော် သူ​မုချ​သေ​ရ​မည်​ကို ငါ့​အား ထာဝရဘုရား​ဖော်ပြ​တော်မူ​ပြီ​”​ဟု ဆို​လျှင် ဘုရားသခင်​၏​လူ​သည် ဟာဇေလ​အနေရခက်​သည်​အထိ သူ့​မျက်နှာ​ကို​စူးစိုက်​ကြည့်​ပြီးလျှင် မျက်ရည်ကျ​လေ​၏​။ ထိုအခါ ဟာဇေလ​က “​အကျွန်ုပ်​သခင်​၊ အဘယ်ကြောင့် မျက်ရည်ကျ​ရ​ပါ​သနည်း​”​ဟု​မေး​လျှင် ဧလိရှဲ​က “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ဘေးအန္တရာယ်​ပြု​မည်​ကို ငါ​သိ​လေ​ပြီ​။ သင်​သည် သူ​တို့​၏​ခံတပ်​မြို့​များ​ကို မီးရှို့​ပစ်​လိမ့်မည်​။ လူငယ်​တို့​ကို ဓား​ဖြင့် သတ်​လိမ့်မည်​။ ကလေးငယ်​များ​ကို ကိုင်ယူ​ပေါက်သတ်​လိမ့်မည်​။ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​ကို​လည်း ခွဲဖောက်​လိမ့်မည်​”​ဟု ဆို​၏​။ ဟာဇေလ​က​လည်း ဧလိရှဲ​အား “​ခွေး​မျှသာ​အဆင့်ရှိ​သော အရှင့်​အစေအပါး​အကျွန်ုပ်​က ဤ​အမှု​ကြီး​ကို အဘယ်သို့​ပြု​နိုင်​ပါ​မည်နည်း​”​ဟု ပြန်လျှောက်​လျှင် ဧလိရှဲ​က သူ့​အား “​သင်​သည် ဆီးရီးယား​ဘုရင် ဖြစ်လာ​မည်​ကို ငါ့​အား ထာဝရဘုရား​ဖော်ပြ​တော်မူ​ပြီ​”​ဟု ဆို​၏​။ ဟာဇေလ​သည် ဧလိရှဲ​ထံမှ​ပြန်သွား​ပြီး မိမိ​သခင်​ထံ​ပြန်ရောက်​သောအခါ ရှင်ဘုရင်​က “​သင့်​အား ဧလိရှဲ​မည်သို့​ပြော​သနည်း​”​ဟု မေး​လျှင် သူ​က “ ‘မင်းကြီး အမှန်ပင်​ပြန်ကောင်း​လာ​လိမ့်မည်​’​ဟူ၍ ဆို​ပါ​၏”​ဟု ပြန်လျှောက်​၏​။ နောက်တစ်နေ့​တွင် ဟာဇေလ​သည် အဝတ်​ကို​ယူ​၍ ရေ​၌​နှစ်​ပြီး ဘုရင့်​မျက်နှာ​တော်​ကို ဖိအုပ်​သဖြင့် ရှင်ဘုရင်​အနိစ္စရောက်​လေ​၏​။ ထိုအခါ ဟာဇေလ​သည် ဘုရင့်​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။