တစ်ဖန် ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရားသခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေသော်၊ ဟာဇေလကိုခေါ်၍၊ သင်သည် လက်ဆောင်ကိုဆောင်လျက် ဘုရားသခင်၏လူကို ခရီးဦးကြိုပြုပြီးလျှင်၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည်အတိုင်း၊ ဟာဇေလသည် ကုလားအုတ်လေးဆယ်အပေါ်မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကိုဆောင်သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှာသွား၍ ရှေ့တော်၌ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်က၊ ငါသည် ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှာ၊ ကျွန်တော်ကိုစေလွှတ်ပါသည်ဟု ဆို၏။ ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော်သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော်လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊ စေ့စေ့ကြည့်ရှု၍ ဟာဇေလသည်မျက်နှာပျက်လေ၏။ ဘုရားသခင်၏လူသည်လည်း မျက်ရည်ကျ၏။ ဟာဇေလကလည်း၊ သခင်သည် အဘယ်ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲက၊ သင်သည် ဣသရေလအမျိုးသားတို့၌ ပြုလတ္တံ့သောဘေးဥပဒ်တည်းဟူသော သူတို့၏ရဲတိုက်များကို မီးရှို့ခြင်း၊ လုလင်များကို ဓားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သောမိန်းမများ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊ ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက်နှင့် ဤမျှလောက်ကြီးသောအမှုကို ပြုရပါလိမ့်မည်လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆို၏။ ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ရောက်သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်းဟုမေးလျှင်၊ ကိုယ်တော်သည် အနာမှဆက်ဆက်ထမြောက်တော်မူမည် ဆိုပါသည်ဟု လျှောက်လေ၏။ နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွေးအဝတ်ကို ရေ၌နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။
၄ ဓမ္မရာဇဝင် 8 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၄ ဓမ္မရာဇဝင် 8:7-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ