YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 18:2-34

၂ ရာဇဝင်ချုပ် 18:2-34 Judson Bible (JBMLE)

နောက်​တစ်​ဖန် ရှ​မာ​ရိ​မြို့၊ အာ​ဟပ်​မင်း​ထံ​သို့ ကိုယ်​တိုင်​သွား၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​နှင့်၊ သူ၏​လူ​တို့​အ​ဖို့ များ​စွာ​သော​သိုး​နွား​တို့​ကို စီ​ရင်၍၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ လိုက်​စေ​ခြင်း​ငှာ၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ ငါ​နှင့်​အ​တူ လိုက်​မည်​လော​ဟု​မေး​လျှင်၊ ယော​ရှ​ဖတ်​က၊ ငါ​သည် မင်း​ကြီး​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​လူ​တို့​သည် မင်း​ကြီး၏​လူ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျက်၊ မင်း​ကြီး​နှင့်​ဝိုင်း၍ စစ်​တိုက်​မည်​ဟု ပြန်​ပြော၏။ တစ်​ဖန် ယော​ရှ​ဖတ်​က၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ယ​နေ့​မေး​မြန်း​ပါ​လော့​ဟု ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အား​ဆို​သော်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပ​ရော​ဖက်​လေး​ရာ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ငါ​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ​ကောင်း​သ​လော​ဟု မေး​သော်၊ သူ​တို့​က ချီ​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု လျှောက်​ကြ၏။ ယော​ရှ​ဖတ်​က​လည်း၊ ငါ​တို့​မေး​မြန်း​စ​ရာ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက် တစ်​စုံ​တစ်​ပါး​မျှ​မ​ရှိ​သ​လော​ဟု မေး​သော်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​မြန်း​ရ​သော သူ​တစ်​ယောက်၊ ဣ​မ​လ​သား​မိ​က္ခာ​ရှိ​သေး၏။ သို့​ရာ​တွင်၊ ထို​သူ​ကို ငါ​မုန်း၏။ ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ အ​စဉ်​ဟော​တတ်​သည်​ဟု ယော​ရှ​ဖတ်​အား​ဆို​လျှင်၊ ယော​ရှ​ဖတ်​က၊ ထို​သို့ မင်း​ကြီး​မ​ပြော​ပါ​နှင့်​ဟု ပြန်​ဆို၏။ ထို​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် အ​ရာ​ရှိ​တစ်​ယောက်​ကို ခေါ်၍၊ ဣ​မ​လ​သား​မိ​က္ခာ​ကို အ​လျင်​အ​မြန်​ခေါ်​ခဲ့​ဟု မိန့်​တော်​မူ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​လျက်၊ ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ​ရှေ့၊ ဟင်း​လင်း​သော​အ​ရပ်၌ ရာ​ဇ​ပ​လ္လင်​တို့​အ​ပေါ်​မှာ ထိုင်၍၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ဟော​ပြော​ကြ၏။ ခေ​နာ​နာ​သား​ဇေ​ဒ​ကိ​သည် သံ​ဦး​ချို​တို့​ကို​လုပ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​တော်​သည် ရှု​ရိ​ပြည်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ ဤ​ဦး​ချို​တို့​နှင့် တိုး​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း၊ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ အောင်​တော်​မူ​ပါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏ လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပ​ရော​ဖက်​ပြု၍ ဟော​ကြ၏။ မိ​က္ခာ​ကို​ခေါ်​သော​တ​မန်​က၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​စ​ကား​ကို​သာ ရှင်​ဘု​ရင်​အား တ​ညီ​တ​ညွတ်​တည်း ဟော​ကြ၏။ ကိုယ်​တော်​လည်း သူ​တို့​ဟော​ကြ​သည်​နည်း​တူ၊ မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တော်​မူ​ပါ​ဟု​ဆို​လျှင်၊ မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ၏ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။ ရှင်​ဘု​ရင်​ထံ​သို့ ရောက်​သော​အ​ခါ၊ ရှင်​ဘု​ရင်​က၊ အ​ချင်း​မိ​က္ခာ၊ ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ ကောင်း​သ​လော​ဟု​မေး​လျှင်၊ မိ​က္ခာ​က စစ်​ချီ၍ အောင်​တော်​မူ​ပါ။ ရန်​သူ​တို့​ကို လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပြန်​လျှောက်၏။ ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊ မိ​က္ခာ​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​ကဲ့​သို့ တောင်​များ​အ​ပေါ်​မှာ အ​ရပ်​ရပ်​ကွဲ​ပြား​လျက်​ရှိ​ကြ​သည်​ကို ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ရှင်​မ​ရှိ​သော​ကြောင့်၊ အ​သီး​အ​သီး ကိုယ်​နေ​ရာ​သို့ ပြန်​ကြ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​ဆို၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ သူ​သည် ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု​မင်း​ကြီး​အား ငါ​မ​ပြော​သ​လော​ဟု ယော​ရှ​ဖတ်​အား​ဆို၏။ မိ​က္ခာ​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက်၊ လက်​ဝဲ​တော်​ဘက်၌ ရပ်​နေ​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အာ​ဟပ်​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ ဆုံး​စေ​ခြင်း​ငှာ၊ အ​ဘယ်​သူ​သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ခြံ​အ​ရံ​တော်​တို့​သည် တစ်​ယောက်​တစ်​နည်း​စီ ပြန်​လျှောက်​ကြ၏။ တစ်​ဖန် ဝိ​ညာဉ်​တစ်​ပါး​သည်​လာ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​လျက်၊ အ​ကျွန်ုပ်​သွေး​ဆောင်​ပါ​မည်​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ အ​ဘယ်​သို့ သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ အ​ကျွန်ုပ်​သွား၍ ထို​မင်း​ကြီး၏ ပ​ရော​ဖက်​အ​ပေါင်း​တို့​ထဲ​မှာ၊ မု​သား​စ​ကား​ကို ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ဖြစ်​ပါ​မည်​ဟု ပြန်​လျှောက်​သော် သင်​သည်​သွေး​ဆောင်၍ နိုင်​လိမ့်​မည်။ ထို​သို့​သွား၍ ပြု​လော့​ဟု မိန့်​တော်​မူ၏။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မု​သား​စ​ကား​ကို ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ကို မင်း​ကြီး၏​ပ​ရော​ဖက်​အ​ပေါင်း​တို့၌ သွင်း​တော်​မူ​ပြီ။ မင်း​ကြီး၏​အ​မှု​မှာ အ​မင်္ဂ​လာ​စ​ကား​ကို ပြော​တော်​မူ​ပြီ​ဟု ဟော​လေ၏။ ထို​အ​ခါ ခေ​နာ​နာ​သား​ဇေ​ဒ​ကိ​သည် ချဉ်း​လာ၍ မိ​က္ခာ၏​ပါး​ကို ပုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် သင်​နှင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ အ​ဘယ်​လမ်း​ဖြင့် ငါ​မှ ထွက်​တော်​မူ​သ​နည်း​ဟု​မေး​လျှင်၊ မိ​က္ခာ​က၊ သင်​သည်​ပုန်း​ရှောင်၍​နေ​ခြင်း​ငှာ၊ အ​တွင်း​ခန်း​ထဲ​သို့ ဝင်​သော​နေ့၌ သင်​မြင်​လိမ့်​မည်​ဟု ဆို၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ မိ​က္ခာ​ကို မြို့​ဝန်​မင်း​အာ​မုန်​ထံ၊ သား​တော်​ယော​ရှ​ထံ​သို့ ယူ​သွား၍၊ ဤ​သူ​ကို ထောင်​ထဲ​မှာ​လှောင်​ထား​ကြ။ ငါ​သည် ငြိမ်​ဝပ်​စွာ​ပြန်၍ မ​လာ​မီ​တိုင်​အောင်၊ ဆင်း​ရဲ​စွာ စား​သောက်​စေ​ဟု အ​မိန့်​တော်​ရှိ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု စီ​ရင်၏။ မိ​က္ခာ​က​လည်း၊ မင်း​ကြီး​သည် ငြိမ်၀ပ်​စွာ ပြန်​လာ​ရ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့်​မိန့်​တော်​မ​မူ၊ အို​လူ​များ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့​ဟု ဆို၏။ ထို​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည်၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကြ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ငါ​သည် ခြား​နား​သော​အ​ယောင်​ကို ဆောင်၍ စစ်​ပွဲ​ထဲ​သို့​ဝင်​မည်။ မင်း​ကြီး​မူ​ကား၊ မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​ပါ​လော့​ဟု ယော​ရှ​ဖတ်​အား ဆို​ပြီး​မှ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ခြား​နား​သော အ​ယောင်​ကို​ဆောင်​လျက် စစ်​ပွဲ​ထဲ​သို့​ဝင်၏။ ရှု​ရိ​ရှင်​ဘု​ရင်​က၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှ​တစ်​ပါး၊ အ​ခြား​သော လူ​ကြီး​လူ​ငယ်​ကို မ​တိုက်​နှင့်​ဟု ရ​ထား​စီး​သူ​ရဲ အုပ်​ဗိုလ်​မင်း​တို့​ကို မှာ​ထား​နှင့်​သော​ကြောင့်၊ ရ​ထား​စီး​သူ​ရဲ အုပ်​ဗိုလ်​မင်း​တို့​သည် ယော​ရှ​ဖတ်​ကို​မြင်​သော​အ​ခါ၊ ထို​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​လိမ့်​မည်​ဟု​ဆို​လျက်၊ သူ့​ကို​တိုက်​အံ့​သော​ငှာ ဝိုင်း​လာ​ကြ၍၊ ယော​ရှ​ဖတ်​လည်း ကြွေး​ကြော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း မ​စ၍ သူ​တို့​ကို​လွှဲ​သွား​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သွေး​ဆောင်​တော်​မူ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ဟုတ်​ကြောင်း​ကို၊ ရ​ထား​စီး​သူ​ရဲ အုပ်​ဗိုလ်​မင်း​တို့​သည် ရိပ်​မိ​သော​အ​ခါ၊ မ​လိုက်​ဘဲ အ​ခြား​သို့​ရှောင်​သွား​ကြ၏။ လူ​တစ်​ယောက်​သည် မ​ရွယ်​ဘဲ လေး​နှင့်​ပစ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ကို၊ သံ​ချပ်​အင်္ကျီ​အ​ဆစ်​ကြား​မှာ မှန်​လေ​သော်၊ ငါ့​ကို​စစ်​ပွဲ​ထဲ​က လှည့်၍ ထုတ်​ဆောင်​လော့။ ငါ​နာ​သည်​ဟု မိ​မိ​ရ​ထား​တော်​ထိန်း​ကို ဆို၏။ ထို​နေ့၌ တိုး၍​တိုက်​ကြ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ညဉ့်​ဦး​ယံ​တိုင်​အောင်၊ ရှု​ရိ​လူ​တစ်​ဖက်​တစ်​ချက်၌ ရ​ထား​တော်​ထဲ​မှာ လူ​ကို​မှီ၍​ထိုင်​နေ၏။ နေ​ဝင်​ချိန်​နီး​သော​အ​ခါ အ​သက်​တော်​ကုန်၏။

၂ ရာဇဝင်ချုပ် 18:2-34 Common Language Bible (BCL)

နှစ်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ယော​ရှ​ဖတ် သည် အာ​ဟပ်​ထံ​လည်​ပတ်​ရန်​ရှ​မာ​ရိ​မြို့​သို့ ရောက်​ရှိ​လာ​လေ​သည်။ အာ​ဟပ်​သည်​ယော​ရှ ဖတ်​နှင့်​တ​ကွ​သူ​နှင့်​လိုက်​ပါ​လာ​သူ​တို့​ကို ဂုဏ်​ပြု​ရန် သိုး​နွား​အ​မြောက်​အ​မြား​ကို​သတ် ၍​ဧည့်​ခံ​ပွဲ​ကျင်း​ပ​တော်​မူ​၏။ သူ​သည်​ယော ရှ​ဖတ်​အား​မိ​မိ​နှင့်​အ​တူ​ဂိ​လဒ်​ပြည်​ရာ မုတ်​မြို့​ကို​တိုက်​ခိုက်​ရန်​သွေး​ဆောင်​လေ​၏။- သူ​က``အ​ဆွေ​တော်​သည်​ရာ​မုတ်​မြို့​ကို​တိုက် ခိုက်​ရန်​ကျွန်ုပ်​နှင့်​အ​တူ​လိုက်​မည်​လော'' ဟု မေး​၏။ ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​အ​ဆင်​သင့်​ရှိ ချိန်​၌​ကျွန်ုပ်​လည်း​အ​ဆင်​သင့်​ရှိ​ပါ​၏။ ကျွန်ုပ်​၏​တပ်​မ​တော်​သည်​လည်း​ထို​နည်း​တူ ပင်​ဖြစ်​ပါ​၏။ ကျွန်ုပ်​တို့​သည်​သင်​နှင့်​အ​တူ လိုက်​ပါ​မည်'' ဟု​ပြန်​ပြော​တော်​မူ​၏။- ထို​နောက်​သူ​သည်​ဆက်​၍``သို့​ရာ​တွင်​ဤ ကိစ္စ​ကို​ထာ​ဝရ​ဘု​ရား​အား​ဦး​စွာ​မေး မြန်း​လျှောက်​ထား​ပါ​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​သွား​ရောက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​ကြ​လော့'' ဟု​မိန့်​တော်​မူ၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင် ယော​ရှ​ဖတ်​က``ကျွန်ုပ်​တို့​အ​တွက် ထာ​ဝရ​ဘု​ရား​အား​လျှောက်​ထား​မေး​မြန်း ပေး​မည့်​အ​ခြား​ပ​ရော​ဖတ်​တစ်​ပါး​ရှိ ပါ​သေး​သ​လော'' ဟု​မေး​၏။ အာ​ဟပ်​က``အ​ခြား​ပ​ရော​ဖတ်​တစ်​ပါး​ရှိ​ပါ သေး​သည်။ ထို​သူ​သည်​ဣမ​လ​၏​သား​မိက္ခာ ဖြစ်​ပါ​၏။ သို့​ရာ​တွင်​သူ​သည်​ကျွန်ုပ်​အ​တွက် အ​ဘယ်​အခါ​မျှ​အ​ကောင်း​ကို​မ​ဟော။ အ​ဆိုး ကို​သာ​လျှင်​အ​စဉ်​ဟော​တတ်​သ​ဖြင့်​သူ့ ကို​ကျွန်ုပ်​မုန်း​ပါ​၏'' ဟု​ပြန်​ပြော​လေ​သည်။ ထို​အ​ခါ​ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​ဤ​သို့ မပြော​သင့်​ပါ'' ဟု​ဆို​၏။ သို့​ဖြစ်​၍​အာ​ဟပ်​မင်း​သည်​နန်း​တွင်း​အ​ရာ​ရှိ တစ်​ဦး​ကို​ခေါ်​ပြီး​လျှင် မိက္ခာ​အား​ချက်​ချင်း ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ ဘု​ရင်​နှစ်​ပါး​တို့​သည်​မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌ ပ​ရော​ဖက်​အ​ပေါင်း​သည်​ဟော​လျက်​နေ ကြ​၏။- ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝရ​ဘု​ရား​က`သင်​သည် ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​တပ်​အား​ချေ​မှုန်း လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။- အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​သည်​လည်း ဤ​အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​ကို​ချီ​တက် တော်​မူ​ပါ။ ထာ​ဝရ​ဘုရား​သည်​အ​ရှင့်​အား အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု ဟော​ကြ​၏။ ဤ​အ​တော​အ​တွင်း​၌​မိ​က္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``ပ​ရော​ဖက်​အား လုံး​က​ပင်​မင်း​ကြီး​သည်​အောင်​မြင်​လိမ့်​မည် ဖြစ်​ကြောင်း​ဟော​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် လည်း​ဤ​အ​တိုင်း​ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​ရ​လိမ့်​မည်​ဖြစ် ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။ သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​ရောက်​သော အ​ခါ​မင်း​ကြီး​က``အ​ချင်း​မိက္ခာ၊ ယော​ရှ​ဖတ် မင်း​နှင့်​ငါ​သည်​ရာ​မုတ်​မြို့​သို့​ချီ​တက်​တိုက် ခိုက်​သင့်​သ​လော၊ မ​သင့်​သ​လော'' ဟု​မေး တော်​မူ​၏။ မိက္ခာ​က​လည်း``တိုက်​ခိုက်​တော်​မူ​ပါ၊ အောင်​မြင် တော်​မူ​ပါ​လိမ့်​မည်။ ထာ​ဝရ​ဘု​ရား​သည် အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့် မည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။ သို့​ရာ​တွင်​အာ​ဟပ်​က``ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​ဟော​ရာ​တွင်​ဟုတ်​မှန်​သည် ကို​သာ​ဟော​ရန်​သင့်​အား​ငါ​ဘယ်​နှစ်​ကြိမ် သ​တိ​ပေး​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။ ထို​အ​ခါ​မိက္ခာ​က``ဣသ​ရေ​လ​ပြည်​သူ​တို့​သည် သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့​တောင်​ကုန်း များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို​ငါ မြင်​၏။ ထာ​ဝရ​ဘု​ရား​က​လည်း`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​အေး​ချမ်း​စွာ​ပြန်​ခွင့်​ပြု​လော့' ဟု​မိန့် တော်​မူ​ပါ​သည်''ဟု​ဆို​၏။ အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``ဤ​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ​ကျွန်ုပ်​အ​တွက်​အ​ကောင်း ကို​မ​ဟော။ အ​ဆိုး​ကို​သာ​အ​စဉ်​ဟော​တတ် ကြောင်း​အ​ဆွေ​တော်​အား​ကျွန်ုပ်​ဖော်​ပြ​ပြီး လေ​ပြီ'' ဟု​ဆို​၏။ မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော် မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး တော်​တွင် ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ ကြ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။- ထာ​ဝ​ရ​ဘု​ရား​က`အာ​ဟပ်​သည်​ရာ​မုတ်​မြို့​ကို သွား​၍​အ​သတ်​ခံ​ရ​စေ​ရန်​သူ့​အား​အ​ဘယ်​သူ လိမ်​လည်​လှည့်​စား​ပါ​မည်​နည်း' ဟု​မေး​တော်​မူ လျှင်​ကောင်း​ကင်​တ​မန်​တို့​သည်​အ​မျိုး​မျိုး အ​ဖုံ​ဖုံ​လျှောက်​ထား​ကြ​၏။- နောက်​ဆုံး​၌​ဝိ​ညာဉ်​တစ်​ပါး​သည်​ထာ​ဝရ​ဘု​ရား ၏​ရှေ့​တော်​သို့​လာ​၍`ဤ​သူ​အား​အ​ကျွန်ုပ်​လိမ် လည်​လှည့်​စား​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝရ ဘုရား​က`အ​ဘယ်​သို့​နည်း' ဟု​မေး​တော်​မူ​သော်၊- ထို​ဝိ​ညာဉ်​က`အ​ကျွန်ုပ်​သည်​အာ​ဟပ်​၏​ပ​ရော​ဖက် များ​ထံ​သို့​သွား​၍​သူ​တို့​အား​လိမ်​လည်​ဟော​ပြော စေ​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝရ​ဘု​ရား​က​လည်း`သင် သွား​၍​အာ​ဟပ်​အား​လိမ်​လည်​လှည့်​စား​လော့။ အောင်​မြင်​ခွင့်​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆင့်​ဆို​လေ​၏။ ထို​နောက်​မိက္ခာ​က``ထာ​ဝရ​ဘု​ရား​သည်​ဤ​ပ​ရော ဖက်​တို့​ကို​အ​ရှင့်​အား​လိမ်​လည်​ဟော​ပြော​စေ တော်​မူ​၏။ သို့​ရာ​တွင်​အ​ရှင်​တွေ့​ကြုံ​ရ​မည့်​ဘေး အန္တ​ရာယ်​ကို​မူ​ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင် စီ​ရင်​ခွဲ​ခန့်​ထား​တော်​မူ​၏'' ဟု​ဆို​လေ​သည်။ ထို​အ​ခါ​ပ​ရော​ဖက်​ဇေ​ဒ​ကိ​သည်​မိက္ခာ​အ​နီး သို့​ချဉ်း​ကပ်​၍​ပါး​ကို​ရိုက်​လျက်``ထာ​ဝရ​ဘု​ရား ၏​ဝိ​ညာဉ်​တော်​သည်​သင့်​အား​မိန့်​မြွက်​တော်​မူ​ရန် ဘယ်​အ​ချိန်​တွင်​ငါ့​ထံ​မှ​ထွက်​ခွာ​သွား​တော် မူ​ပါ​သ​နည်း'' ဟု​မေး​၏။ မိက္ခာ​က``သင်​ပုန်း​အောင်း​ရန်​အ​တွင်း​ခန်း​သို့ ဝင်​သော​အ​ခါ​သိ​ရ​လိမ့်​မည်'' ဟု​ပြန်​ပြော လေ​သည်။ ထို​နောက်​အာ​ဟပ်​သည်​မိ​မိ​၏​နန်း​တွင်း​အ​ရာ ရှိ​တစ်​ယောက်​အား``မိက္ခာ​ကို​ဖမ်း​ဆီး​၍​မြို့​ဝန် အာ​မုန်​နှင့်​ယော​ရှ​မင်း​သား​ထံ​သို့​ခေါ်​ဆောင် သွား​လော့။- သူ့​အား​အ​ကျဉ်း​ချ​ကာ​ငါ​ကောင်း​မွန်​ချော မော​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ချိန်​တိုင်​အောင် မုန့်​နှင့်​ရေ​ကို​သာ​ကျွေး​မွေး​ထား​ရန်​သူ​တို့ အား​ပြော​ကြား​လော့'' ဟု​အ​မိန့်​ပေး​တော် မူ​၏။ မိက္ခာ​က``အ​ကယ်​၍​ဘု​ရင်​မင်း​ကောင်း​မွန်​ချော မော​စွာ​ပြန်​လာ​ရ​လျှင်​ငါ​ဆင့်​ဆို​သော​စ​ကား သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား မ​ဟုတ်'' ဟု​ပြော​ပြီး​နောက်​ဆက်​လက်​၍``အို လူ အ​ပေါင်း​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ လော့'' ဟု​ဆို​၏။ ထို​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့်​ယု​ဒ ဘု​ရင်​ယော​ရှ​ဖတ်​တို့​သည်​ဂိ​လဒ်​ပြည်၊ ရာ​မုတ် မြို့​သို့​ချီ​တက်​ကြ​၏။- အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​ရောက် သော​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား ပါ​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ ကို​ဝတ်​ဆင်​လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို​ပြီး​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​သည် ရုပ်​ဖျက်​၍​တိုက်​ပွဲ​ဝင်​လေ​၏။ ရှု​ရိ​ဘု​ရင်​သည်​မိ​မိ​၏​ရ​ထား​တပ်​မှူး​တို့ အား​ဣသ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး​အ​ခြား အ​ဘယ်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။- ထို​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင် သော​အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ ပြန်​လှည့်​၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ ဖတ်​ဟစ်​အော်​လိုက်​သော​အ​ခါ​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​သည်​သူ့​ကို​ကယ်​ဆယ်​၍ ရန်​သူ တို့​သည်​အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​တိုက်​ခိုက် ကြ​၏။- ရ​ထား​တပ်​မှူး​တို့​သည်​ဣ​သ​ရေ​လ​ဘု​ရင် မ​ဟုတ်​ကြောင်း​သိ​သော်​လွှဲ​ရှောင်​သွား​ကြ​၏။- သို့​ရာ​တွင်​ရှု​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို​ပစ်​လွှတ်​လိုက်​ရာ အ​မှတ်​မ​ထင် အာ​ဟပ်​၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို ထိ​မှန်​သွား​လေ​သည်။ မင်း​ကြီး​သည်​မိ​မိ​ကို မြား​ချက်​ထိ​ပြီ​ဖြစ်​ကြောင်း​ပြော​ပြီး​နောက် ရ​ထား​မှူး​အား​တိုက်​ပွဲ​မှ​ထွက်​ခွာ​သွား​ရန် အ​မိန့်​ပေး​တော်​မူ​၏။- တိုက်​ပွဲ​ဖြစ်​လျက်​နေ​ချိန်​၌​အာ​ဟပ်​မင်း​သည် ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​လျက် မိ​မိ​ရ​ထား​ပေါ် တွင်​မှီ​၍​ထိုင်​နေ​၏။ နေ​ဝင်​ချိန်​၌​ကွယ်​လွန် လေ​၏။

၂ ရာဇဝင်ချုပ် 18:2-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​သည် နှစ်​အတော်ကြာ​မှ အာဟပ်​မင်းကြီး​ရှိ​ရာ ရှမာရိ​မြို့​သို့​သွား​လျှင် အာဟပ်​မင်းကြီး​သည် သူ​နှင့်​သူ့​လူ​တို့​အတွက် သိုး​နွား​အမြောက်အမြား​ကို သတ်​၍​ကျွေးမွေး​ပြီး ရာမုတ်ဂိလဒ်​မြို့​ကို တိုက်ခိုက်​ရန် သွေးဆောင်​၏​။ အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​က ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​အား “​အကျွန်ုပ်​နှင့်အတူ ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​လိုက်​မည်လော​”​ဟု မေး​လျှင် ယောရှဖတ်​မင်းကြီး​က “​အကျွန်ုပ်​သည် မင်းကြီး​နှင့်​တစ်သဘောတည်း ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စစ်သည်​များ​သည် မင်းကြီး​၏​စစ်သည်​များ​ပင် ဖြစ်​ပါ​၏​။ မင်းကြီး​နှင့်အတူ စစ်ချီထွက်​ပါ​မည်​”​ဟု ပြန်ပြော​၏​။ သို့သော် ယောရှဖတ်​မင်းကြီး​က အစ္စရေး​ဘုရင်​အား “​ထာဝရဘုရား​မည်သို့​မိန့်​တော်မူ​မည်​ကို ဦးစွာ​မေးလျှောက်​ကြည့်​ပါ​လော့​”​ဟု ဆို​၏​။ ထိုအခါ အစ္စရေး​ဘုရင်​သည် ပရောဖက်​လေး​ရာ​ခန့်​ကို​စုရုံး​စေ​ပြီးလျှင် သူ​တို့​အား “​ရာမုတ်ဂိလဒ်​မြို့​ကို စစ်ချီ​၍​တိုက်​ရ​မည်လော​။ မ​တိုက်​ဘဲ​နေ​ရ​မည်လော​”​ဟု မေး​လျှင် သူ​တို့​က “​စစ်ချီ​တော်မူ​ပါ​။ ဘုရားသခင်​သည် ထို​မြို့​ကို မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ဆင့်ဆို​ကြ​၏​။ ထိုအခါ ယောရှဖတ်​မင်းကြီး​က “​ဤ​အရပ်​တွင် ငါ​တို့​မေးမြန်း​၍​ရ​မည့် ထာဝရဘုရား​၏​ပရောဖက် မ​ရှိ​တော့​ပြီ​လော​”​ဟု မေး​လျှင် အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ထာဝရဘုရား​ကို မေးမြန်း​ပေး​မည့်​သူ​တစ်​ဦး ရှိ​ပါ​သေး​၏​။ သို့သော် သူ့​ကို ငါ​မုန်း​၏​။ အကြောင်းမူကား သူ​သည် ငါ​နှင့်​ပတ်သက်လျှင် မည်သည့်​အခါ​မျှ အကောင်း​ကို​မ​ဟော​။ သူ့​တစ်သက်မှာ အဆိုး​ကို​သာ ဟော​လေ့​ရှိ​၏​။ သူ​သည် ဣမလ​၏​သား​မိက္ခာယ ဖြစ်​၏​”​ဟု ပြန်ပြော​၏​။ ယောရှဖတ်​မင်းကြီး​က​လည်း သူ့​အား “​မင်းကြီး​၊ ထိုသို့​မ​ပြော​ပါ​နှင့်​”​ဟု ပြန်ပြော​၏​။ ထိုအခါ အစ္စရေး​ဘုရင်​သည် မှူးမတ်​တစ်​ဦး​ကို ခေါ်​ပြီး “​ဣမလ​၏​သား​မိက္ခာယ​ကို အမြန်​ခေါ်​ခဲ့​ပါ​”​ဟု မိန့်ဆို​၏​။ အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် မင်းဝတ်တန်ဆာ​ဝတ်ဆင်​လျက် ရှမာရိ​မြို့​တံခါး​နားရှိ ကောက်နယ်တလင်း​၌ အသီးသီး​ပလ္လင်​ပေါ်တွင် စံမြန်း​နေ​ကြ​၏​။ ပရောဖက်​အပေါင်း​တို့​သည်​လည်း သူ​တို့​ရှေ့​တွင် ပရောဖက်ပြု​နေ​ကြ​၏​။ ခေနာနာ​၏​သား​ဇေဒကိ​သည် သံ​ဦးချို​များ​ကို ပြုလုပ်​ပြီး အာဟပ်​မင်းကြီး​အား “ ‘​မင်းကြီး​သည် ဤ​သံ​ဦးချို​များ​ဖြင့် ဆီးရီးယား​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဝှေ့ယမ်း​တိုက်ခိုက်​ရ​လိမ့်မည်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​၏​။ ထို့အတူ ပရောဖက်​အပေါင်း​တို့​က​လည်း “​ရာမုတ်ဂိလဒ်​မြို့​သို့ ချီတက်​လော့​။ အောင်မြင်မှု​ရ​မည်​။ ထာဝရဘုရား​သည် ထို​မြို့​ကို​မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ပရောဖက်ပြု​ကြ​၏​။ မိက္ခာယ​ကို သွားခေါ်​လာ​ခဲ့​သော​တမန်​က​လည်း မိက္ခာယ​အား “​ကြည့်​ပါ​။ ပရောဖက်​တို့​က ရှင်ဘုရင်​အဖို့ ကောင်း​သော​သတင်း​တစ်မျိုးတည်း​ကို ဟော​ကြ​ပြီ​။ သင်​သည်​လည်း သူ​တို့​နည်းတူ ကောင်း​သော​သတင်း​တစ်မျိုးတည်း​ကို​သာ ဟော​ပါ​လော့​”​ဟု ဆို​၏​။ သို့သော် မိက္ခာယ​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ​၏​ဘုရားသခင် မိန့်​တော်မူ​သော​အရာ​ကို​သာ ငါ​ဟော​မည်​”​ဟု ပြန်ပြော​၏​။ ရှင်ဘုရင်​ထံ​ရောက်လာ​သောအခါ ရှင်ဘုရင်​က သူ့​အား “​မိက္ခာယ​၊ ရာမုတ်ဂိလဒ်​မြို့​ကို ငါ​တို့ စစ်ချီ​၍​တိုက်ခိုက်​ရ​မည်လော​။ မ​တိုက်​ဘဲ နေ​ရ​မည်လော​”​ဟု မေး​လျှင် သူ​က “​စစ်ချီ​တော်မူ​ပါ​။ အောင်မြင်မှု​ရ​လိမ့်မည်​။ ရန်သူ​များ​သည် မင်းကြီး​လက်​သို့ ရောက်​ရ​လိမ့်မည်​”​ဟု ပြန်လျှောက်​၏​။ သို့သော် ရှင်ဘုရင်​က သူ့​အား “​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် မှန်​သော​စကား​ကို​သာ ဟောပြော​ရန် သင့်​အား ဘယ်နှခါ ကျိန်ဆို​စေ​ရ​မည်နည်း​”​ဟု မိန့်ဆို​၏​။ ထိုအခါ မိက္ခာယ​က ရှင်ဘုရင်​အား “​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ တောင်​များ​ပေါ်တွင် ကွဲလွင့်​နေ​ကြ​သည်​ကို အကျွန်ုပ်​တွေ့​ပါ​၏​။ ထာဝရဘုရား​က​လည်း ‘​ဤ​သူ​တို့​၌ သခင်​မ​ရှိ​။ သူ​တို့​သည် ကိုယ့်​အိမ်​သို့​အေးချမ်း​စွာ​ပြန်​ကြ​ပါစေ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု လျှောက်​ပြန်​၏​။ ထိုအခါ အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​နှင့်​ပတ်သက်လျှင် အကောင်း​ကို​မ​ဟော​။ အဆိုး​ကို​သာ ဟော​လေ့​ရှိ​သည်​ဟု သင့်​ကို ငါ​ပြော​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု ဆို​၏​။ မိက္ခာယ​က​လည်း “​သို့ဖြစ်၍ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ ထာဝရဘုရား​သည် မိမိ​ပလ္လင်​ပေါ်တွင်​စံမြန်း​လျက် ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​သည် ကိုယ်တော်​၏​လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​တို့​၌ ရပ်​၍​ခစား​နေ​ကြ​သည်​ကို အကျွန်ုပ်​မြင်​ပါ​၏​။ ထာဝရဘုရား​က ‘​အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​သည် ရာမုတ်ဂိလဒ်​မြို့​ကို​ချီတက်​ပြီး ကျဆုံး​သွား​အောင် မည်သူ​ဖြားယောင်း​မည်နည်း​’​ဟု မေး​တော်မူ​လျှင် တစ်ပါး​က ဤသို့​ဟု လျှောက်တင်​၏​။ နောက်​တစ်​ပါး​မူကား ထိုသို့​ဟု လျှောက်တင်​၏​။ ထိုအခါ ဝိညာဉ်​တစ်ပါး​ထွက်လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​လျက် ‘​အကျွန်ုပ် ဖြားယောင်း​ပါ​မည်​’​ဟု လျှောက်တင်​လျှင် ထာဝရဘုရား​က ‘​မည်သို့​ဖြားယောင်း​မည်နည်း​’​ဟု မေး​တော်မူ​၏​။ ထို​ဝိညာဉ်​က​လည်း ‘​အကျွန်ုပ်​သွား​၍ ပရောဖက်​အပေါင်း​တို့​၏​နှုတ်​၌ မုသား​မြွက်ဆို​သော​ဝိညာဉ်​ဖြစ်​မည်​’​ဟု လျှောက်တင်​၏​။ ထာဝရဘုရား​က​လည်း ‘​သင်​ဖြားယောင်း​နိုင်​လိမ့်မည်​။ အောင်​လည်း​အောင်မြင်​လိမ့်မည်​။ သွား​၍​ထိုသို့​ပြု​လော့​’​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ယခု​ကြည့်​ပါ​။ ထာဝရဘုရား​သည် မင်းကြီး​၏​ပရောဖက်​အပေါင်း​တို့​နှုတ်​၌ မုသား​မြွက်ဆို​သော​ဝိညာဉ်​ကို သွင်း​တော်မူ​ပြီ​။ မင်းကြီး​လည်း ဘေးဆိုး​နှင့်​ကြုံ​ရ​မည်​ဟူ၍ ထာဝရဘုရား​မိန့်ဆို​လေ​ပြီ​”​ဟု ဆို​၏​။ ထိုအခါ ခေနာနာ​၏​သား​ဇေဒကိ​သည် မိက္ခာယ​အနား​သို့​လာ​ပြီး ပါး​ကို​ရိုက်​၏​။ ထို့နောက် “​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင်​နှင့်​စကားပြော​ရန် ငါ့​ထံမှ မည်သည့်​အချိန်​က​ထွက်သွား​သနည်း​”​ဟု မေး​၏​။ မိက္ခာယ​က​လည်း “​ကြည့်​ပါ​။ အခန်း​ထဲ သင်​ဝင်ပုန်း​နေ​ရ​သော​နေ့​ရောက်​သောအခါ သိမြင်​ရ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။ ထိုအခါ အစ္စရေး​ဘုရင်​က “​မိက္ခာယ​ကို ခေါ်သွား​ပြီး သူ့​ကို​မြို့​အုပ်​အာမုန်​နှင့် ဘုရင့်​သား​တော်​ယောရှ​ထံ အပ်​လော့​။ ‘​ငါ ဘေးကင်း​စွာ ပြန်လာ​သည့်​အချိန်​ထိ ဤ​သူ​ကို ထောင်​ချ​၍ သူ့​အား မသေရုံတမည်​သာ မုန့်​နှင့်​ရေ​ကို ပေး​လော့​’​ဟု ရှင်ဘုရင်​အမိန့်ပေး​သည့်​အကြောင်း​ပြော​လော့​”​ဟု မိန့်ဆို​၏​။ ထိုအခါ မိက္ခာယ​က “​အရှင်မင်းကြီး ဘေးကင်း​စွာ အမှန်​ပြန်လာ​ရ​သည်​ဆို​လျှင် အကျွန်ုပ်​အားဖြင့် ထာဝရဘုရား​မိန့်မှာ​သည်​မ​ဟုတ်​”​ဟု ပြန်ပြော​ပြီးလျှင် “​လူ​အပေါင်း​တို့ ငါ့​စကား​ကို မှတ်ထား​ကြ​လော့​”​ဟု ဆို​၏​။ ဤသို့ဖြင့် အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​သွား​ကြ​၏​။ အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​သည် ရုပ်ဖျက်​ပြီး တိုက်ပွဲဝင်​မည်​။ သင်​မူကား သင်​၏​မင်းဝတ်တန်ဆာ​တို့​ကို ဝတ်ဆင်​ပါ​လော့​”​ဟု ဆို​ပြီး အစ္စရေး​ဘုရင်​သည် ရုပ်ဖျက်​၍ စစ်ပွဲ​ထဲသို့​ဝင်​လေ​၏​။ ဆီးရီးယား​ဘုရင်​သည် မိမိ​၏​စစ်ရထားမှူး​တို့​အား “​အစ္စရေး​ဘုရင်​မှလွဲ၍ အခြား​ကြီးကြီး​ငယ်ငယ်​တစ်ယောက်​ကို​မျှ မ​တိုက်​ကြ​ပါ​နှင့်​”​ဟု မိန့်မှာ​ထား​၏​။ စစ်ရထားမှူး​တို့​က ယောရှဖတ်​မင်းကြီး​ကို​မြင်​လျှင် “​ဤ​သူ​သည် အစ္စရေး​ဘုရင်​ပင် ဖြစ်​ရ​မည်​”​ဟု ဆို​လျက် သူ့​ကို​တိုက်ခိုက်​ရန် လှည့်လာ​ကြ​၏​။ ထိုအခါ ယောရှဖတ်​မင်းကြီး​က​လည်း အော်ဟစ်​အကူအညီ​တောင်း​သဖြင့် ထာဝရဘုရား​သည် သူ့​ကို ကူမ​တော်မူ​၏​။ ဘုရားသခင်​သည် ရန်သူ​တို့​ကို ယောရှဖတ်​မင်းကြီး​ထံမှ လမ်းလွဲ​စေ​တော်မူ​၏​။ အစ္စရေး​ဘုရင်​မ​ဟုတ်​သည်​ကို စစ်ရထားမှူး​တို့​သိမြင်​၍ သူ့​နောက်​မ​လိုက်​တော့​ဘဲ ပြန်လှည့်​သွား​လေ​၏​။ စစ်သည်​တစ်ဦး​သည် လေး​ကို​အမှတ်တမဲ့​ပစ်ထည့်​လိုက်​ရာ အစ္စရေး​ဘုရင်​ဝတ်​ထား​သော​သံချပ်အင်္ကျီ​၏​ဆက်​ရာ​ကြားတွင် ထိမှန်​လေ​၏​။ ထိုအခါ ရှင်ဘုရင်​က မိမိ​စစ်ရထားမှူး​အား “​ရထား​ကို ပြန်လှည့်​ပြီး စစ်မြေပြင်​မှ​ထွက်သွား​လော့​။ ငါ ဒဏ်ရာ​ရ​နေ​ပြီ​”​ဟု အမိန့်ပေး​၏​။ ထို​နေ့​တွင် တိုက်ပွဲ​အလွန်​ပြင်းထန်​၏​။ စစ်ရထား​ပေါ်တွင် အစ္စရေး​ရှင်ဘုရင်​ကို ဆီးရီးယား​တပ်​ဘက်​သို့ မျက်နှာမူ​စေ​ပြီး ညနေခင်း​တိုင်အောင် မှီထိုင်​စေ​၏​။ နေဝင်​ချိန်​တွင် ရှင်ဘုရင်​အနိစ္စရောက်​လေ​၏​။