YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 18

18
အာ​ဟပ်​ကို​မိ​က္ခာ​သ​တိ​ပေး​ခြင်း
(၃​ရာ၊ ၂၂:၁-၂၈)
1ယော​ရှ​ဖတ်​မင်း​သည် ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​များ၍၊ အာ​ဟပ်​မင်း​နှင့် အ​မျိုး​ဆက်​လေ၏။ 2နောက်​တစ်​ဖန် ရှ​မာ​ရိ​မြို့၊ အာ​ဟပ်​မင်း​ထံ​သို့ ကိုယ်​တိုင်​သွား၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​နှင့်၊ သူ၏​လူ​တို့​အ​ဖို့ များ​စွာ​သော​သိုး​နွား​တို့​ကို စီ​ရင်၍၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ လိုက်​စေ​ခြင်း​ငှာ၊ 3ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ ငါ​နှင့်​အ​တူ လိုက်​မည်​လော​ဟု​မေး​လျှင်၊ ယော​ရှ​ဖတ်​က၊ ငါ​သည် မင်း​ကြီး​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​လူ​တို့​သည် မင်း​ကြီး၏​လူ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျက်၊ မင်း​ကြီး​နှင့်​ဝိုင်း၍ စစ်​တိုက်​မည်​ဟု ပြန်​ပြော၏။
4တစ်​ဖန် ယော​ရှ​ဖတ်​က၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ယ​နေ့​မေး​မြန်း​ပါ​လော့​ဟု ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အား​ဆို​သော်၊ 5ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပ​ရော​ဖက်​လေး​ရာ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ငါ​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ​ကောင်း​သ​လော​ဟု မေး​သော်၊ သူ​တို့​က ချီ​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု လျှောက်​ကြ၏။ 6ယော​ရှ​ဖတ်​က​လည်း၊ ငါ​တို့​မေး​မြန်း​စ​ရာ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက် တစ်​စုံ​တစ်​ပါး​မျှ​မ​ရှိ​သ​လော​ဟု မေး​သော်၊ 7ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​မြန်း​ရ​သော သူ​တစ်​ယောက်၊ ဣ​မ​လ​သား​မိ​က္ခာ​ရှိ​သေး၏။ သို့​ရာ​တွင်၊ ထို​သူ​ကို ငါ​မုန်း၏။ ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ အ​စဉ်​ဟော​တတ်​သည်​ဟု ယော​ရှ​ဖတ်​အား​ဆို​လျှင်၊ ယော​ရှ​ဖတ်​က၊ ထို​သို့ မင်း​ကြီး​မ​ပြော​ပါ​နှင့်​ဟု ပြန်​ဆို၏။ 8ထို​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် အ​ရာ​ရှိ​တစ်​ယောက်​ကို ခေါ်၍၊ ဣ​မ​လ​သား​မိ​က္ခာ​ကို အ​လျင်​အ​မြန်​ခေါ်​ခဲ့​ဟု မိန့်​တော်​မူ၏။ 9ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​လျက်၊ ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ​ရှေ့၊ ဟင်း​လင်း​သော​အ​ရပ်၌ ရာ​ဇ​ပ​လ္လင်​တို့​အ​ပေါ်​မှာ ထိုင်၍၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ဟော​ပြော​ကြ၏။ 10ခေ​နာ​နာ​သား​ဇေ​ဒ​ကိ​သည် သံ​ဦး​ချို​တို့​ကို​လုပ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​တော်​သည် ရှု​ရိ​ပြည်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ ဤ​ဦး​ချို​တို့​နှင့် တိုး​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ 11ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း၊ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ အောင်​တော်​မူ​ပါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏ လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပ​ရော​ဖက်​ပြု၍ ဟော​ကြ၏။ 12မိ​က္ခာ​ကို​ခေါ်​သော​တ​မန်​က၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​စ​ကား​ကို​သာ ရှင်​ဘု​ရင်​အား တ​ညီ​တ​ညွတ်​တည်း ဟော​ကြ၏။ ကိုယ်​တော်​လည်း သူ​တို့​ဟော​ကြ​သည်​နည်း​တူ၊ မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တော်​မူ​ပါ​ဟု​ဆို​လျှင်၊ 13မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ၏ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။
14ရှင်​ဘု​ရင်​ထံ​သို့ ရောက်​သော​အ​ခါ၊ ရှင်​ဘု​ရင်​က၊ အ​ချင်း​မိ​က္ခာ၊ ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ ကောင်း​သ​လော​ဟု​မေး​လျှင်၊ မိ​က္ခာ​က စစ်​ချီ၍ အောင်​တော်​မူ​ပါ။ ရန်​သူ​တို့​ကို လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပြန်​လျှောက်၏။ 15ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊ 16မိ​က္ခာ​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​ကဲ့​သို့ တောင်​များ​အ​ပေါ်​မှာ အ​ရပ်​ရပ်​ကွဲ​ပြား​လျက်​ရှိ​ကြ​သည်​ကို ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ရှင်​မ​ရှိ​သော​ကြောင့်၊ အ​သီး​အ​သီး ကိုယ်​နေ​ရာ​သို့ ပြန်​ကြ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​ဆို၏။#တော၊ ၂၇:၁၇။ မ၊ ၉:၃၆။ မာ၊ ၆:၃၄။ 17ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ သူ​သည် ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု​မင်း​ကြီး​အား ငါ​မ​ပြော​သ​လော​ဟု ယော​ရှ​ဖတ်​အား​ဆို၏။ 18မိ​က္ခာ​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက်၊ လက်​ဝဲ​တော်​ဘက်၌ ရပ်​နေ​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။ 19ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အာ​ဟပ်​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ ဆုံး​စေ​ခြင်း​ငှာ၊ အ​ဘယ်​သူ​သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ခြံ​အ​ရံ​တော်​တို့​သည် တစ်​ယောက်​တစ်​နည်း​စီ ပြန်​လျှောက်​ကြ၏။ 20တစ်​ဖန် ဝိ​ညာဉ်​တစ်​ပါး​သည်​လာ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​လျက်၊ အ​ကျွန်ုပ်​သွေး​ဆောင်​ပါ​မည်​ဟု လျှောက်​လျှင်၊ 21ထာ​ဝ​ရ​ဘု​ရား​က၊ အ​ဘယ်​သို့ သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ အ​ကျွန်ုပ်​သွား၍ ထို​မင်း​ကြီး၏ ပ​ရော​ဖက်​အ​ပေါင်း​တို့​ထဲ​မှာ၊ မု​သား​စ​ကား​ကို ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ဖြစ်​ပါ​မည်​ဟု ပြန်​လျှောက်​သော် သင်​သည်​သွေး​ဆောင်၍ နိုင်​လိမ့်​မည်။ ထို​သို့​သွား၍ ပြု​လော့​ဟု မိန့်​တော်​မူ၏။ 22သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မု​သား​စ​ကား​ကို ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ကို မင်း​ကြီး၏​ပ​ရော​ဖက်​အ​ပေါင်း​တို့၌ သွင်း​တော်​မူ​ပြီ။ မင်း​ကြီး၏​အ​မှု​မှာ အ​မင်္ဂ​လာ​စ​ကား​ကို ပြော​တော်​မူ​ပြီ​ဟု ဟော​လေ၏။ 23ထို​အ​ခါ ခေ​နာ​နာ​သား​ဇေ​ဒ​ကိ​သည် ချဉ်း​လာ၍ မိ​က္ခာ၏​ပါး​ကို ပုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် သင်​နှင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ အ​ဘယ်​လမ်း​ဖြင့် ငါ​မှ ထွက်​တော်​မူ​သ​နည်း​ဟု​မေး​လျှင်၊ 24မိ​က္ခာ​က၊ သင်​သည်​ပုန်း​ရှောင်၍​နေ​ခြင်း​ငှာ၊ အ​တွင်း​ခန်း​ထဲ​သို့ ဝင်​သော​နေ့၌ သင်​မြင်​လိမ့်​မည်​ဟု ဆို၏။ 25ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ မိ​က္ခာ​ကို မြို့​ဝန်​မင်း​အာ​မုန်​ထံ၊ သား​တော်​ယော​ရှ​ထံ​သို့ ယူ​သွား၍၊ 26ဤ​သူ​ကို ထောင်​ထဲ​မှာ​လှောင်​ထား​ကြ။ ငါ​သည် ငြိမ်​ဝပ်​စွာ​ပြန်၍ မ​လာ​မီ​တိုင်​အောင်၊ ဆင်း​ရဲ​စွာ စား​သောက်​စေ​ဟု အ​မိန့်​တော်​ရှိ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု စီ​ရင်၏။ 27မိ​က္ခာ​က​လည်း၊ မင်း​ကြီး​သည် ငြိမ်၀ပ်​စွာ ပြန်​လာ​ရ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့်​မိန့်​တော်​မ​မူ၊ အို​လူ​များ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့​ဟု ဆို၏။
အာ​ဟပ်​မင်း​ကွယ်​လွန်​ခြင်း
(၃​ရာ၊ ၂၂:၂၉-၃၅)
28ထို​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည်၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကြ၏။ 29ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ငါ​သည် ခြား​နား​သော​အ​ယောင်​ကို ဆောင်၍ စစ်​ပွဲ​ထဲ​သို့​ဝင်​မည်။ မင်း​ကြီး​မူ​ကား၊ မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​ပါ​လော့​ဟု ယော​ရှ​ဖတ်​အား ဆို​ပြီး​မှ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ခြား​နား​သော အ​ယောင်​ကို​ဆောင်​လျက် စစ်​ပွဲ​ထဲ​သို့​ဝင်၏။ 30ရှု​ရိ​ရှင်​ဘု​ရင်​က၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှ​တစ်​ပါး၊ အ​ခြား​သော လူ​ကြီး​လူ​ငယ်​ကို မ​တိုက်​နှင့်​ဟု ရ​ထား​စီး​သူ​ရဲ အုပ်​ဗိုလ်​မင်း​တို့​ကို မှာ​ထား​နှင့်​သော​ကြောင့်၊ 31ရ​ထား​စီး​သူ​ရဲ အုပ်​ဗိုလ်​မင်း​တို့​သည် ယော​ရှ​ဖတ်​ကို​မြင်​သော​အ​ခါ၊ ထို​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​လိမ့်​မည်​ဟု​ဆို​လျက်၊ သူ့​ကို​တိုက်​အံ့​သော​ငှာ ဝိုင်း​လာ​ကြ၍၊ ယော​ရှ​ဖတ်​လည်း ကြွေး​ကြော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း မ​စ၍ သူ​တို့​ကို​လွှဲ​သွား​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သွေး​ဆောင်​တော်​မူ၏။ 32ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ဟုတ်​ကြောင်း​ကို၊ ရ​ထား​စီး​သူ​ရဲ အုပ်​ဗိုလ်​မင်း​တို့​သည် ရိပ်​မိ​သော​အ​ခါ၊ မ​လိုက်​ဘဲ အ​ခြား​သို့​ရှောင်​သွား​ကြ၏။ 33လူ​တစ်​ယောက်​သည် မ​ရွယ်​ဘဲ လေး​နှင့်​ပစ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ကို၊ သံ​ချပ်​အင်္ကျီ​အ​ဆစ်​ကြား​မှာ မှန်​လေ​သော်၊ ငါ့​ကို​စစ်​ပွဲ​ထဲ​က လှည့်၍ ထုတ်​ဆောင်​လော့။ ငါ​နာ​သည်​ဟု မိ​မိ​ရ​ထား​တော်​ထိန်း​ကို ဆို၏။ 34ထို​နေ့၌ တိုး၍​တိုက်​ကြ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ညဉ့်​ဦး​ယံ​တိုင်​အောင်၊ ရှု​ရိ​လူ​တစ်​ဖက်​တစ်​ချက်၌ ရ​ထား​တော်​ထဲ​မှာ လူ​ကို​မှီ၍​ထိုင်​နေ၏။ နေ​ဝင်​ချိန်​နီး​သော​အ​ခါ အ​သက်​တော်​ကုန်၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 18: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ