YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 18

18
အာဟပ်မင်းကြီးနှင့် ယောရှဖတ်မင်းကြီးတို့ မဟာမိတ်ဖွဲ့ခြင်း
1ယောရှဖတ်​မင်းကြီး​သည် ဓနဥစ္စာ​၊ ဘုန်းအသရေ​တိုးပွား​လျက်​ရှိ​၏​။ အာဟပ်​မင်း​မျိုး​နှင့်​လည်း စုံဖက်​ဆွေမျိုးစပ်​၏​။ 2သူ​သည် နှစ်​အတော်ကြာ​မှ အာဟပ်​မင်းကြီး​ရှိ​ရာ ရှမာရိ​မြို့​သို့​သွား​လျှင် အာဟပ်​မင်းကြီး​သည် သူ​နှင့်​သူ့​လူ​တို့​အတွက် သိုး​နွား​အမြောက်အမြား​ကို သတ်​၍​ကျွေးမွေး​ပြီး ရာမုတ်ဂိလဒ်​မြို့​ကို တိုက်ခိုက်​ရန် သွေးဆောင်​၏​။ 3အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​က ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​အား “​အကျွန်ုပ်​နှင့်အတူ ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​လိုက်​မည်လော​”​ဟု မေး​လျှင် ယောရှဖတ်​မင်းကြီး​က “​အကျွန်ုပ်​သည် မင်းကြီး​နှင့်​တစ်သဘောတည်း ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စစ်သည်​များ​သည် မင်းကြီး​၏​စစ်သည်​များ​ပင် ဖြစ်​ပါ​၏​။ မင်းကြီး​နှင့်အတူ စစ်ချီထွက်​ပါ​မည်​”​ဟု ပြန်ပြော​၏​။ 4သို့သော် ယောရှဖတ်​မင်းကြီး​က အစ္စရေး​ဘုရင်​အား “​ထာဝရဘုရား​မည်သို့​မိန့်​တော်မူ​မည်​ကို ဦးစွာ​မေးလျှောက်​ကြည့်​ပါ​လော့​”​ဟု ဆို​၏​။
5ထိုအခါ အစ္စရေး​ဘုရင်​သည် ပရောဖက်​လေး​ရာ​ခန့်​ကို​စုရုံး​စေ​ပြီးလျှင် သူ​တို့​အား “​ရာမုတ်ဂိလဒ်​မြို့​ကို စစ်ချီ​၍​တိုက်​ရ​မည်လော​။ မ​တိုက်​ဘဲ​နေ​ရ​မည်လော​”​ဟု မေး​လျှင် သူ​တို့​က “​စစ်ချီ​တော်မူ​ပါ​။ ဘုရားသခင်​သည် ထို​မြို့​ကို မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ဆင့်ဆို​ကြ​၏​။
6ထိုအခါ ယောရှဖတ်​မင်းကြီး​က “​ဤ​အရပ်​တွင် ငါ​တို့​မေးမြန်း​၍​ရ​မည့် ထာဝရဘုရား​၏​ပရောဖက် မ​ရှိ​တော့​ပြီ​လော​”​ဟု မေး​လျှင်
7အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ထာဝရဘုရား​ကို မေးမြန်း​ပေး​မည့်​သူ​တစ်​ဦး ရှိ​ပါ​သေး​၏​။ သို့သော် သူ့​ကို ငါ​မုန်း​၏​။ အကြောင်းမူကား သူ​သည် ငါ​နှင့်​ပတ်သက်လျှင် မည်သည့်​အခါ​မျှ အကောင်း​ကို​မ​ဟော​။ သူ့​တစ်သက်မှာ အဆိုး​ကို​သာ ဟော​လေ့​ရှိ​၏​။ သူ​သည် ဣမလ​၏​သား​မိက္ခာယ ဖြစ်​၏​”​ဟု ပြန်ပြော​၏​။ ယောရှဖတ်​မင်းကြီး​က​လည်း သူ့​အား “​မင်းကြီး​၊ ထိုသို့​မ​ပြော​ပါ​နှင့်​”​ဟု ပြန်ပြော​၏​။
8ထိုအခါ အစ္စရေး​ဘုရင်​သည် မှူးမတ်​တစ်​ဦး​ကို ခေါ်​ပြီး “​ဣမလ​၏​သား​မိက္ခာယ​ကို အမြန်​ခေါ်​ခဲ့​ပါ​”​ဟု မိန့်ဆို​၏​။
9အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် မင်းဝတ်တန်ဆာ​ဝတ်ဆင်​လျက် ရှမာရိ​မြို့​တံခါး​နားရှိ ကောက်နယ်တလင်း​၌ အသီးသီး​ပလ္လင်​ပေါ်တွင် စံမြန်း​နေ​ကြ​၏​။ ပရောဖက်​အပေါင်း​တို့​သည်​လည်း သူ​တို့​ရှေ့​တွင် ပရောဖက်ပြု​နေ​ကြ​၏​။ 10ခေနာနာ​၏​သား​ဇေဒကိ​သည် သံ​ဦးချို​များ​ကို ပြုလုပ်​ပြီး အာဟပ်​မင်းကြီး​အား “ ‘​မင်းကြီး​သည် ဤ​သံ​ဦးချို​များ​ဖြင့် ဆီးရီးယား​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဝှေ့ယမ်း​တိုက်ခိုက်​ရ​လိမ့်မည်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​၏​။ 11ထို့အတူ ပရောဖက်​အပေါင်း​တို့​က​လည်း “​ရာမုတ်ဂိလဒ်​မြို့​သို့ ချီတက်​လော့​။ အောင်မြင်မှု​ရ​မည်​။ ထာဝရဘုရား​သည် ထို​မြို့​ကို​မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ပရောဖက်ပြု​ကြ​၏​။
ကျရှုံးခြင်းနှင့်ဆိုင်သော မိက္ခာယ၏သတင်းစကား
12မိက္ခာယ​ကို သွားခေါ်​လာ​ခဲ့​သော​တမန်​က​လည်း မိက္ခာယ​အား “​ကြည့်​ပါ​။ ပရောဖက်​တို့​က ရှင်ဘုရင်​အဖို့ ကောင်း​သော​သတင်း​တစ်မျိုးတည်း​ကို ဟော​ကြ​ပြီ​။ သင်​သည်​လည်း သူ​တို့​နည်းတူ ကောင်း​သော​သတင်း​တစ်မျိုးတည်း​ကို​သာ ဟော​ပါ​လော့​”​ဟု ဆို​၏​။
13သို့သော် မိက္ခာယ​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ​၏​ဘုရားသခင် မိန့်​တော်မူ​သော​အရာ​ကို​သာ ငါ​ဟော​မည်​”​ဟု ပြန်ပြော​၏​။
14ရှင်ဘုရင်​ထံ​ရောက်လာ​သောအခါ ရှင်ဘုရင်​က သူ့​အား “​မိက္ခာယ​၊ ရာမုတ်ဂိလဒ်​မြို့​ကို ငါ​တို့ စစ်ချီ​၍​တိုက်ခိုက်​ရ​မည်လော​။ မ​တိုက်​ဘဲ နေ​ရ​မည်လော​”​ဟု မေး​လျှင် သူ​က “​စစ်ချီ​တော်မူ​ပါ​။ အောင်မြင်မှု​ရ​လိမ့်မည်​။ ရန်သူ​များ​သည် မင်းကြီး​လက်​သို့ ရောက်​ရ​လိမ့်မည်​”​ဟု ပြန်လျှောက်​၏​။
15သို့သော် ရှင်ဘုရင်​က သူ့​အား “​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် မှန်​သော​စကား​ကို​သာ ဟောပြော​ရန် သင့်​အား ဘယ်နှခါ ကျိန်ဆို​စေ​ရ​မည်နည်း​”​ဟု မိန့်ဆို​၏​။
16ထိုအခါ မိက္ခာယ​က ရှင်ဘုရင်​အား “​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ တောင်​များ​ပေါ်တွင် ကွဲလွင့်​နေ​ကြ​သည်​ကို အကျွန်ုပ်​တွေ့​ပါ​၏​။ ထာဝရဘုရား​က​လည်း ‘​ဤ​သူ​တို့​၌ သခင်​မ​ရှိ​။ သူ​တို့​သည် ကိုယ့်​အိမ်​သို့​အေးချမ်း​စွာ​ပြန်​ကြ​ပါစေ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု လျှောက်​ပြန်​၏​။
17ထိုအခါ အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​နှင့်​ပတ်သက်လျှင် အကောင်း​ကို​မ​ဟော​။ အဆိုး​ကို​သာ ဟော​လေ့​ရှိ​သည်​ဟု သင့်​ကို ငါ​ပြော​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု ဆို​၏​။
18မိက္ခာယ​က​လည်း “​သို့ဖြစ်၍ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ ထာဝရဘုရား​သည် မိမိ​ပလ္လင်​ပေါ်တွင်​စံမြန်း​လျက် ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​သည် ကိုယ်တော်​၏​လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​တို့​၌ ရပ်​၍​ခစား​နေ​ကြ​သည်​ကို အကျွန်ုပ်​မြင်​ပါ​၏​။ 19ထာဝရဘုရား​က ‘​အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​သည် ရာမုတ်ဂိလဒ်​မြို့​ကို​ချီတက်​ပြီး ကျဆုံး​သွား​အောင် မည်သူ​ဖြားယောင်း​မည်နည်း​’​ဟု မေး​တော်မူ​လျှင် တစ်ပါး​က ဤသို့​ဟု လျှောက်တင်​၏​။ နောက်​တစ်​ပါး​မူကား ထိုသို့​ဟု လျှောက်တင်​၏​။
20ထိုအခါ ဝိညာဉ်​တစ်ပါး​ထွက်လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​လျက် ‘​အကျွန်ုပ် ဖြားယောင်း​ပါ​မည်​’​ဟု လျှောက်တင်​လျှင် ထာဝရဘုရား​က ‘​မည်သို့​ဖြားယောင်း​မည်နည်း​’​ဟု မေး​တော်မူ​၏​။ 21ထို​ဝိညာဉ်​က​လည်း ‘​အကျွန်ုပ်​သွား​၍ ပရောဖက်​အပေါင်း​တို့​၏​နှုတ်​၌ မုသား​မြွက်ဆို​သော​ဝိညာဉ်​ဖြစ်​မည်​’​ဟု လျှောက်တင်​၏​။ ထာဝရဘုရား​က​လည်း ‘​သင်​ဖြားယောင်း​နိုင်​လိမ့်မည်​။ အောင်​လည်း​အောင်မြင်​လိမ့်မည်​။ သွား​၍​ထိုသို့​ပြု​လော့​’​ဟု မိန့်​တော်မူ​၏​။
22ထို့ကြောင့် ယခု​ကြည့်​ပါ​။ ထာဝရဘုရား​သည် မင်းကြီး​၏​ပရောဖက်​အပေါင်း​တို့​နှုတ်​၌ မုသား​မြွက်ဆို​သော​ဝိညာဉ်​ကို သွင်း​တော်မူ​ပြီ​။ မင်းကြီး​လည်း ဘေးဆိုး​နှင့်​ကြုံ​ရ​မည်​ဟူ၍ ထာဝရဘုရား​မိန့်ဆို​လေ​ပြီ​”​ဟု ဆို​၏​။
23ထိုအခါ ခေနာနာ​၏​သား​ဇေဒကိ​သည် မိက္ခာယ​အနား​သို့​လာ​ပြီး ပါး​ကို​ရိုက်​၏​။ ထို့နောက် “​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင်​နှင့်​စကားပြော​ရန် ငါ့​ထံမှ မည်သည့်​အချိန်​က​ထွက်သွား​သနည်း​”​ဟု မေး​၏​။
24မိက္ခာယ​က​လည်း “​ကြည့်​ပါ​။ အခန်း​ထဲ သင်​ဝင်ပုန်း​နေ​ရ​သော​နေ့​ရောက်​သောအခါ သိမြင်​ရ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။
25ထိုအခါ အစ္စရေး​ဘုရင်​က “​မိက္ခာယ​ကို ခေါ်သွား​ပြီး သူ့​ကို​မြို့​အုပ်​အာမုန်​နှင့် ဘုရင့်​သား​တော်​ယောရှ​ထံ အပ်​လော့​။ 26‘​ငါ ဘေးကင်း​စွာ ပြန်လာ​သည့်​အချိန်​ထိ ဤ​သူ​ကို ထောင်​ချ​၍ သူ့​အား မသေရုံတမည်​သာ မုန့်​နှင့်​ရေ​ကို ပေး​လော့​’​ဟု ရှင်ဘုရင်​အမိန့်ပေး​သည့်​အကြောင်း​ပြော​လော့​”​ဟု မိန့်ဆို​၏​။
27ထိုအခါ မိက္ခာယ​က “​အရှင်မင်းကြီး ဘေးကင်း​စွာ အမှန်​ပြန်လာ​ရ​သည်​ဆို​လျှင် အကျွန်ုပ်​အားဖြင့် ထာဝရဘုရား​မိန့်မှာ​သည်​မ​ဟုတ်​”​ဟု ပြန်ပြော​ပြီးလျှင် “​လူ​အပေါင်း​တို့ ငါ့​စကား​ကို မှတ်ထား​ကြ​လော့​”​ဟု ဆို​၏​။
အာဟပ်မင်းကြီးအနိစ္စရောက်ခြင်း
28ဤသို့ဖြင့် အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​သွား​ကြ​၏​။ 29အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​သည် ရုပ်ဖျက်​ပြီး တိုက်ပွဲဝင်​မည်​။ သင်​မူကား သင်​၏​မင်းဝတ်တန်ဆာ​တို့​ကို ဝတ်ဆင်​ပါ​လော့​”​ဟု ဆို​ပြီး အစ္စရေး​ဘုရင်​သည် ရုပ်ဖျက်​၍ စစ်ပွဲ​ထဲသို့​ဝင်​လေ​၏​။
30ဆီးရီးယား​ဘုရင်​သည် မိမိ​၏​စစ်ရထားမှူး​တို့​အား “​အစ္စရေး​ဘုရင်​မှလွဲ၍ အခြား​ကြီးကြီး​ငယ်ငယ်​တစ်ယောက်​ကို​မျှ မ​တိုက်​ကြ​ပါ​နှင့်​”​ဟု မိန့်မှာ​ထား​၏​။
31စစ်ရထားမှူး​တို့​က ယောရှဖတ်​မင်းကြီး​ကို​မြင်​လျှင် “​ဤ​သူ​သည် အစ္စရေး​ဘုရင်​ပင် ဖြစ်​ရ​မည်​”​ဟု ဆို​လျက် သူ့​ကို​တိုက်ခိုက်​ရန် လှည့်လာ​ကြ​၏​။ ထိုအခါ ယောရှဖတ်​မင်းကြီး​က​လည်း အော်ဟစ်​အကူအညီ​တောင်း​သဖြင့် ထာဝရဘုရား​သည် သူ့​ကို ကူမ​တော်မူ​၏​။ ဘုရားသခင်​သည် ရန်သူ​တို့​ကို ယောရှဖတ်​မင်းကြီး​ထံမှ လမ်းလွဲ​စေ​တော်မူ​၏​။ 32အစ္စရေး​ဘုရင်​မ​ဟုတ်​သည်​ကို စစ်ရထားမှူး​တို့​သိမြင်​၍ သူ့​နောက်​မ​လိုက်​တော့​ဘဲ ပြန်လှည့်​သွား​လေ​၏​။
33စစ်သည်​တစ်ဦး​သည် လေး​ကို​အမှတ်တမဲ့​ပစ်ထည့်​လိုက်​ရာ အစ္စရေး​ဘုရင်​ဝတ်​ထား​သော​သံချပ်အင်္ကျီ​၏​ဆက်​ရာ​ကြားတွင် ထိမှန်​လေ​၏​။ ထိုအခါ ရှင်ဘုရင်​က မိမိ​စစ်ရထားမှူး​အား “​ရထား​ကို ပြန်လှည့်​ပြီး စစ်မြေပြင်​မှ​ထွက်သွား​လော့​။ ငါ ဒဏ်ရာ​ရ​နေ​ပြီ​”​ဟု အမိန့်ပေး​၏​။ 34ထို​နေ့​တွင် တိုက်ပွဲ​အလွန်​ပြင်းထန်​၏​။ စစ်ရထား​ပေါ်တွင် အစ္စရေး​ရှင်ဘုရင်​ကို ဆီးရီးယား​တပ်​ဘက်​သို့ မျက်နှာမူ​စေ​ပြီး ညနေခင်း​တိုင်အောင် မှီထိုင်​စေ​၏​။ နေဝင်​ချိန်​တွင် ရှင်ဘုရင်​အနိစ္စရောက်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ