၁ ဓမ္မရာဇဝင် 30:1-20
၁ ဓမ္မရာဇဝင် 30:1-20 Judson Bible (JBMLE)
သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ အာမလက်လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။ မြို့၌ရှိသော မိန်းမအကြီးအငယ် တစ်ယောက်ကိုမျှ မသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ။ သို့ဖြစ်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် မြို့သို့ရောက်သောအခါ၊ မြို့ကိုမီးရှို့၍ မယားသားသမီးများကို သိမ်းသွားကြောင်းကို တွေ့သဖြင့်၊ ငိုသံကိုလွှင့်၍ အားကုန်သည်တိုင်အောင် ငိုကြွေးကြ၏။ ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ။ ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်မည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊ သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။ ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဒါဝိဒ်နှင့် သူ၌ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။ ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။ နှစ်ရာတို့သည်မော၍ ဗေသော်ချောင်းကိုမကူးနိုင်သောကြောင့် နေရစ်ကြ၏။ လွင်ပြင်၌ အဲဂုတ္တု လူတစ်ယောက်ကိုတွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည်စား၏။ ရေကိုလည်း သောက်စေကြ၏။ သင်္ဘောသဖန်းသီးပျဉ် တစ်ဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး၍ သူသည်စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။ ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်းဟု မေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။ ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။ ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်းရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါတော့။ သို့ပြုလျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။ လူကလေးသည် လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲကသိမ်းယူသော ဥစ္စာပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက်၊ ကခုန်လျက် မြေတစ်ပြင်လုံး၌ အနှံ့အပြားရှိကြ၏။ ဒါဝိဒ်သည်လည်း ညဉ့်ဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် သူတို့ကိုလုပ်ကြံသဖြင့်၊ ကုလားအုတ်ကို စီး၍ပြေးသော လုလင်လေးရာမှတစ်ပါး လူတစ်ယောက်မျှ မလွတ်။ အာမလက်လူတို့သည် သိမ်းသွားသမျှတို့ကို ဒါဝိဒ်သည်ရပြန်၍၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နုတ်လေ၏။ လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစ်စုံတစ်ခုမျှမကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။ ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာဖြစ်သည်ဟု ဆို၏။
၁ ဓမ္မရာဇဝင် 30:1-20 Common Language Bible (BCL)
နှစ်ရက်မျှကြာသောအခါဒါဝိဒ်တို့လူစု သည် ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိလာ ကြ၏။ အာမလက်အမျိုးသားတို့သည်ယုဒ ပြည်တောင်ပိုင်းသို့ ချင်းနင်းဝင်ရောက်ကာဇိ ကလတ်မြို့ကိုတိုက်ခိုက်မီးရှို့၍၊- အမျိုးသမီးအပေါင်းတို့ကိုဖမ်းဆီးပြီး လျှင်ခေါ်ဆောင်သွားကြ၏။ သို့ရာတွင်မည် သူတစ်စုံတစ်ယောက်ကိုမျှမသတ်ခဲ့ကြ။ ဒါဝိဒ်တို့လူစုရောက်ရှိလာသောအခါ မြို့မှာ မီးကျွမ်းလျက် မိမိတို့၏မယားနှင့်သားသမီး များကို ရန်သူတို့ဖမ်းဆီးသွားကြောင်းကို တွေ့ရှိသဖြင့်၊- အားအင်ကုန်ခန်းသည့်တိုင်အောင်ငိုကြွေး ကြ၏။- ဒါဝိဒ်၏မယားများဖြစ်ကြသော အဟိနောင် နှင့်အဘိဂဲလတို့ပင်လျှင်ပါသွားကြလေ သည်။ ဒါဝိဒ်၏လူတို့သည်မိမိတို့သားသမီးများ ဆုံးရှုံးရကြသည့်အတွက် စိတ်ညှိုးငယ်လျက် ဒါဝိဒ်အားခဲနှင့်ပေါက်ရန်ခြိမ်းခြောက်နေသဖြင့် ဒါဝိဒ်သည်အတိဒုက္ခရောက်လျက်ရှိ၏။ သို့ရာ တွင်သူသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်မှခွန်အားကိုရရှိပေသည်။- ဒါဝိဒ်သည်အဟိမလက်၏သား၊ ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆိုလျှင်အဗျာသာသည် သင်တိုင်းတော်ကိုယူဆောင်ခဲ့၏။- ထိုအခါဒါဝိဒ်သည်ထာဝရဘုရား အား``အကျွန်ုပ်သည်ဤမြို့ကိုတိုက်ခိုက် လုယက်သူတို့၏နောက်သို့လိုက်ရပါမည် လော။ သူတို့အားဖမ်းဆီးရမိပါမည် လော'' ဟုမေးလျှောက်၏။ ကိုယ်တော်က``သူတို့၏နောက်သို့လိုက်လော့။ သင် သည်သူတို့ကိုဖမ်းဆီးရမိ၍သုံ့ပန်းများ ကိုကယ်ဆယ်နိုင်လိမ့်မည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။ သို့ဖြစ်၍ဒါဝိဒ်နှင့်လူခြောက်ရာတို့သည် ထွက်ခွာသွားကြရာဗေသော်ချောင်းသို့ရောက် ရှိသောအခါ အချို့သောသူတို့သည်ထို အရပ်တွင်နေရစ်ကြ၏။- ဒါဝိဒ်သည်လူလေးရာနှင့်ဆက်၍သွား၏။ အခြားလူနှစ်ရာမှာမောပန်းလွန်းသဖြင့် ချောင်းကိုမကူးနိုင်ဘဲနေရစ်ကြ၏။ ဒါဝိဒ်နှင့်ပါလာသောလူတို့သည် အီဂျစ် အမျိုးသားလူငယ်တစ်ယောက်ကိုကျေးတော တွင်တွေ့၍ဒါဝိဒ်ထံသို့ခေါ်ဆောင်ခဲ့ကြ၏။ သူတို့သည်ထိုလူငယ်အားအစားအစာ နှင့်ရေကိုလည်းကောင်း၊- သင်္ဘောသဖန်းသီးခြောက်အနည်းငယ်နှင့် စပျစ် သီးခြောက်နှစ်ပြွတ်ကိုလည်းကောင်းပေးကြ၏။ လူငယ်သည်ထိုအစားအစာများကိုစားပြီး နောက်ပြန်၍အားပြည့်လာလေသည်။ သူသည် သုံးရက်တိုင်တိုင်မည်သည့်အစာရေစာမျှ မစားမသောက်ခဲ့ရ။- ဒါဝိဒ်သည်သူ့အား``သင်၏သခင်ကားမည်သူ နည်း။ သင်အဘယ်အရပ်မှလာသနည်း'' ဟု မေး၏။ လူငယ်က``ကျွန်တော်သည်အာမလက်အမျိုး သားတစ်ဦး၏ကျွန်၊ အီဂျစ်လူမျိုးဖြစ်ပါ၏။ ဖျားနာနေသောကြောင့်ကျွန်တော်အားလွန်ခဲ့ သည့်သုံးရက်ကပင်သခင်ကထားခဲ့ပါ၏။- ကျွန်တော်တို့သည်ယုဒပြည်တောင်ပိုင်းခေရသိ နယ်မြေနှင့် ကာလက်သားချင်းစု၏နယ်မြေကို တိုက်ခိုက်၍ဇိကလတ်မြို့ကိုမီးရှို့ခဲ့ကြပါ ၏'' ဟုပြန်ပြော၏။ ဒါဝိဒ်က``သင်သည်ထိုလူစုရှိရာသို့ငါ့ကို လမ်းပြပါမည်လော'' ဟုမေးလျှင်၊ လူငယ်က``အရှင်သည်ကျွန်တော်ကိုမသတ်၊ ကျွန်တော်၏သခင်လက်သို့မပေးအပ်ပါဟူ ၍ဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ ကတိပြုပါလျှင်အရှင့်အားလမ်းပြပါ မည်'' ဟုဆိုပြီးလျှင်၊- ဒါဝိဒ်ကိုထိုသူတို့ထံသို့ခေါ်ဆောင်သွားလေသည်။ ထိုသူတို့သည်ဖိလိတ္တိပြည်နှင့်ယုဒပြည်တို့မှ ပစ္စည်းဥစ္စာအမြောက်အမြားကို သိမ်းယူရရှိခဲ့ သဖြင့် နေရာအနှံ့အပြားတွင်စားသောက်ကာ အောင်ပွဲခံလျက်နေကြ၏။- ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။- ဒါဝိဒ်သည်မိမိမယားနှစ်ယောက်နှင့်တကွ အာမလက်အမျိုးသားတို့သိမ်းယူသွား သမျှတို့ကိုပြန်လည်ရရှိလိုက်လေသည်။- အဘယ်အရာမျှပျောက်ဆုံးမှုမရှိ။ ဒါဝိဒ် သည်မိမိလူစု၏သားသမီးအပေါင်းကို လည်းကောင်း၊ အာမလက်အမျိုးသားတို့တိုက် ယူသွားသည့်ပစ္စည်းမှန်သမျှကိုလည်းကောင်း ပြန်၍ရလေသည်။- သူတို့လူစုသည် သိုးအုပ်နွားအုပ်တို့ကိုလည်းပြန်လည်ရရှိသ ဖြင့် မိမိတို့ရှေ့တွင်မောင်းနှင်ကာ``ဤသိုးနွားများ ကားဒါဝိဒ်ပိုင်ပစ္စည်းများဖြစ်သည်'' ဟုဆိုကြ၏။
၁ ဓမ္မရာဇဝင် 30:1-20 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သုံးရက်မြောက်သောနေ့တွင် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ဇိကလတ်မြို့သို့ ပြန်ရောက်လာကြ၏။ ထိုအချိန်တွင် အာမလက်လူမျိုးတို့သည် နေဂေ့အရပ်နှင့် ဇိကလတ်မြို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို တိုက်ခိုက်မီးရှို့ကာ ထိုမြို့ရှိ မိန်းမများနှင့် လူကြီးလူငယ်အားလုံးကို ဖမ်းဆီးပြီး တစ်ယောက်ကိုမျှ မသတ်ဘဲ သူတို့နှင့်အတူ ခေါ်ဆောင်သွား၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ မြို့သို့ပြန်ရောက်ချိန်တွင် မြို့မှာ မီးရှို့ဖျက်ဆီးထားခြင်းခံရသည်ကို တွေ့ရှိရ၏။ သူတို့၏ဇနီးနှင့် သားသမီးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်သောကြောင့် ဒါဝိဒ်နှင့်သူ့လူတို့သည် ငိုကြွေးဖို့ အားမရှိတော့လောက်အောင်ပင် အသံကုန်ငိုကြွေးကြလေ၏။ ဒါဝိဒ်၏မယားနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလ၏မယားဖြစ်ခဲ့ဖူးသော ကရမေလမြို့သူ အဘိဂဲလတို့သည်လည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ၏။ လူအပေါင်းတို့သည် မိမိတို့၏သားသမီးများအတွက် စိတ်သောကရောက်လျက် ဒါဝိဒ်ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြသဖြင့် ဒါဝိဒ်မှာ အလွန်စိတ်ဒုက္ခရောက်ရလေ၏။ သို့သော် သူသည် သူ၏ဘုရားသခင်ထာဝရဘုရားထံတော်မှ အားယူလေ၏။ ဒါဝိဒ်က အဟိမလက်၏သား ယဇ်ပုရောဟိတ်အဗျာသာအား “ဧဖုဒ်ကို ငါ့ထံယူလာပေးပါလော့”ဟု ဆိုသဖြင့် အဗျာသာသည်လည်း ဒါဝိဒ်ထံ ဧဖုဒ်ကို ယူလာပေး၏။ ထိုအခါ ဒါဝိဒ်က ထာဝရဘုရားအား “ထိုဓားပြတို့နောက်သို့ လိုက်ရပါမည်လော။ သူတို့ကို မီနိုင်ပါမည်လော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “လိုက်လော့။ အမှန်ပင်မီလိမ့်မည်။ လူတို့ကို အမှန်ပင်ကယ်တင်နိုင်လိမ့်မည်”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ဒါဝိဒ်နှင့်သူ့နောက်လိုက်လူခြောက်ရာတို့သည် ချီသွား၍ ဗေသော်ချောင်းနားသို့ရောက်လျှင် နောက်၌ကျန်ခဲ့သူတို့က ထိုနေရာတွင် နေရစ်ခဲ့ကြ၏။ ဒါဝိဒ်နှင့်အတူ လူလေးရာတို့သည် ဆက်၍လိုက်ကြ၏။ လူနှစ်ရာမူကား မောပန်းလွန်းသဖြင့် ဗေသော်ချောင်းကိုပင် မကျော်နိုင်ဘဲ နေရစ်ခဲ့ကြ၏။ ထို့နောက် တောထဲတွင် အီဂျစ်ပြည်သားတစ်ဦးကိုတွေ့သဖြင့် ဒါဝိဒ်ထံသို့ခေါ်လာပြီး သူ့အား စားစရာကိုပေး၍ သူသည် စားလေ၏။ သူ့အား ရေကိုလည်းတိုက်၏။ သူသည် သုံးရက်သုံးညတိုင်တိုင် အစာကိုမစားရ၊ ရေကိုမသောက်ရသဖြင့် သူ့အား သဖန်းပျဉ်အနည်းငယ်နှင့် စပျစ်သီးခြောက်နှစ်ခိုင်တို့ကို ကျွေးရာ သူသည် စား၍ အားပြန်ပြည့်လာ၏။ ထိုအခါ ဒါဝိဒ်က သူ့အား “သင်သည် မည်သူ၏လူ ဖြစ်သနည်း။ မည်သည့်အရပ်က လာသနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အီဂျစ်ပြည်မှလာပါ၏။ အာမလက်အမျိုးသားတစ်ဦး၏ကျွန် ဖြစ်ပါ၏။ လွန်ခဲ့သောသုံးရက်က အကျွန်ုပ်ဖျားနာသဖြင့် အကျွန်ုပ်၏သခင်သည် အကျွန်ုပ်ကို ပစ်ထားခဲ့ပါ၏။ အကျွန်ုပ်တို့သည် ခေရသိလူမျိုးပိုင်သောနေဂေ့အရပ်ဒေသ၊ ယုဒလူမျိုးပိုင်သောအရပ်ဒေသနှင့် ကာလက်လူမျိုးပိုင်သောနေဂေ့အရပ်ဒေသတို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို မီးရှို့ခဲ့ပါပြီ”ဟု ပြန်ဖြေ၏။ ဒါဝိဒ်က သူ့အား “ထိုဓားပြတို့ရှိရာသို့ ငါ့ကိုလိုက်ပို့နိုင်သလော”ဟု ဆိုလျှင် သူက “အကျွန်ုပ်ကို မသတ်၊ အကျွန်ုပ်သခင့်လက်သို့လည်း ပြန်မအပ်ပါဟု ဘုရားသခင်ထံကျိန်ဆိုမည်ဆိုလျှင် ထိုဓားပြတို့ရှိရာသို့ လိုက်ပို့ပါမည်”ဟု ဆိုပြီး ဒါဝိဒ်ကိုခေါ်ဆောင်သွားရာ ထိုသူတို့သည် ဖိလိတ္တိပြည်၊ ယုဒပြည်တို့မှ ပစ္စည်းအများအပြားကို လုယက်သိမ်းယူနိုင်သောကြောင့် တစ်ပြည်လုံး နေရာအနှံ့ စားသောက်လျက် ကခုန်နေကြ၏။ ဒါဝိဒ်သည် မှောင်ရီပျိုးချိန်မှစ၍ နောက်တစ်နေ့ နေဝင်ချိန်ထိ ထိုသူတို့ကို တိုက်ခိုက်ရာ ကုလားအုတ်စီး၍ ထွက်ပြေးသွားသောလူငယ်လေးရာမှလွဲ၍ ကျန်တစ်ဦးတစ်ယောက်မျှ မလွတ်ပေ။ ဒါဝိဒ်သည် အာမလက်လူမျိုးတို့ သိမ်းယူသွားခဲ့သမျှတို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့၏။ မိမိမယားနှစ်ဦးကိုလည်း ကယ်တင်နိုင်ခဲ့၏။ ဒါဝိဒ်သည် လူကြီးလူငယ်မှစ၍ သားသမီးများကို တစ်ယောက်မကျန်၊ တိုက်ခိုက်လုယူသွားသောပစ္စည်းများကိုလည်း တစ်ခုမကျန် အားလုံးပြန်လည်တိုက်ယူနိုင်ခဲ့၏။ ထို့ပြင် ဒါဝိဒ်သည် သိုးအုပ်နွားအုပ်အားလုံးကိုလည်း သိမ်းယူခဲ့၏။ လူတို့သည် တိရစ္ဆာန်တို့ကို ရှေ့မှနှင်စေလျက် “ဤသည်ကား ဒါဝိဒ် တိုက်ခိုက်လုယူပေးသောပစ္စည်းများတည်း”ဟု ဆိုကြ၏။