သုံးရက်မြောက်သောနေ့တွင် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ဇိကလတ်မြို့သို့ ပြန်ရောက်လာကြ၏။ ထိုအချိန်တွင် အာမလက်လူမျိုးတို့သည် နေဂေ့အရပ်နှင့် ဇိကလတ်မြို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို တိုက်ခိုက်မီးရှို့ကာ ထိုမြို့ရှိ မိန်းမများနှင့် လူကြီးလူငယ်အားလုံးကို ဖမ်းဆီးပြီး တစ်ယောက်ကိုမျှ မသတ်ဘဲ သူတို့နှင့်အတူ ခေါ်ဆောင်သွား၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ မြို့သို့ပြန်ရောက်ချိန်တွင် မြို့မှာ မီးရှို့ဖျက်ဆီးထားခြင်းခံရသည်ကို တွေ့ရှိရ၏။ သူတို့၏ဇနီးနှင့် သားသမီးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်သောကြောင့် ဒါဝိဒ်နှင့်သူ့လူတို့သည် ငိုကြွေးဖို့ အားမရှိတော့လောက်အောင်ပင် အသံကုန်ငိုကြွေးကြလေ၏။ ဒါဝိဒ်၏မယားနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလ၏မယားဖြစ်ခဲ့ဖူးသော ကရမေလမြို့သူ အဘိဂဲလတို့သည်လည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ၏။ လူအပေါင်းတို့သည် မိမိတို့၏သားသမီးများအတွက် စိတ်သောကရောက်လျက် ဒါဝိဒ်ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြသဖြင့် ဒါဝိဒ်မှာ အလွန်စိတ်ဒုက္ခရောက်ရလေ၏။ သို့သော် သူသည် သူ၏ဘုရားသခင်ထာဝရဘုရားထံတော်မှ အားယူလေ၏။ ဒါဝိဒ်က အဟိမလက်၏သား ယဇ်ပုရောဟိတ်အဗျာသာအား “ဧဖုဒ်ကို ငါ့ထံယူလာပေးပါလော့”ဟု ဆိုသဖြင့် အဗျာသာသည်လည်း ဒါဝိဒ်ထံ ဧဖုဒ်ကို ယူလာပေး၏။ ထိုအခါ ဒါဝိဒ်က ထာဝရဘုရားအား “ထိုဓားပြတို့နောက်သို့ လိုက်ရပါမည်လော။ သူတို့ကို မီနိုင်ပါမည်လော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “လိုက်လော့။ အမှန်ပင်မီလိမ့်မည်။ လူတို့ကို အမှန်ပင်ကယ်တင်နိုင်လိမ့်မည်”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ဒါဝိဒ်နှင့်သူ့နောက်လိုက်လူခြောက်ရာတို့သည် ချီသွား၍ ဗေသော်ချောင်းနားသို့ရောက်လျှင် နောက်၌ကျန်ခဲ့သူတို့က ထိုနေရာတွင် နေရစ်ခဲ့ကြ၏။ ဒါဝိဒ်နှင့်အတူ လူလေးရာတို့သည် ဆက်၍လိုက်ကြ၏။ လူနှစ်ရာမူကား မောပန်းလွန်းသဖြင့် ဗေသော်ချောင်းကိုပင် မကျော်နိုင်ဘဲ နေရစ်ခဲ့ကြ၏။ ထို့နောက် တောထဲတွင် အီဂျစ်ပြည်သားတစ်ဦးကိုတွေ့သဖြင့် ဒါဝိဒ်ထံသို့ခေါ်လာပြီး သူ့အား စားစရာကိုပေး၍ သူသည် စားလေ၏။ သူ့အား ရေကိုလည်းတိုက်၏။ သူသည် သုံးရက်သုံးညတိုင်တိုင် အစာကိုမစားရ၊ ရေကိုမသောက်ရသဖြင့် သူ့အား သဖန်းပျဉ်အနည်းငယ်နှင့် စပျစ်သီးခြောက်နှစ်ခိုင်တို့ကို ကျွေးရာ သူသည် စား၍ အားပြန်ပြည့်လာ၏။ ထိုအခါ ဒါဝိဒ်က သူ့အား “သင်သည် မည်သူ၏လူ ဖြစ်သနည်း။ မည်သည့်အရပ်က လာသနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အီဂျစ်ပြည်မှလာပါ၏။ အာမလက်အမျိုးသားတစ်ဦး၏ကျွန် ဖြစ်ပါ၏။ လွန်ခဲ့သောသုံးရက်က အကျွန်ုပ်ဖျားနာသဖြင့် အကျွန်ုပ်၏သခင်သည် အကျွန်ုပ်ကို ပစ်ထားခဲ့ပါ၏။ အကျွန်ုပ်တို့သည် ခေရသိလူမျိုးပိုင်သောနေဂေ့အရပ်ဒေသ၊ ယုဒလူမျိုးပိုင်သောအရပ်ဒေသနှင့် ကာလက်လူမျိုးပိုင်သောနေဂေ့အရပ်ဒေသတို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို မီးရှို့ခဲ့ပါပြီ”ဟု ပြန်ဖြေ၏။ ဒါဝိဒ်က သူ့အား “ထိုဓားပြတို့ရှိရာသို့ ငါ့ကိုလိုက်ပို့နိုင်သလော”ဟု ဆိုလျှင် သူက “အကျွန်ုပ်ကို မသတ်၊ အကျွန်ုပ်သခင့်လက်သို့လည်း ပြန်မအပ်ပါဟု ဘုရားသခင်ထံကျိန်ဆိုမည်ဆိုလျှင် ထိုဓားပြတို့ရှိရာသို့ လိုက်ပို့ပါမည်”ဟု ဆိုပြီး ဒါဝိဒ်ကိုခေါ်ဆောင်သွားရာ ထိုသူတို့သည် ဖိလိတ္တိပြည်၊ ယုဒပြည်တို့မှ ပစ္စည်းအများအပြားကို လုယက်သိမ်းယူနိုင်သောကြောင့် တစ်ပြည်လုံး နေရာအနှံ့ စားသောက်လျက် ကခုန်နေကြ၏။ ဒါဝိဒ်သည် မှောင်ရီပျိုးချိန်မှစ၍ နောက်တစ်နေ့ နေဝင်ချိန်ထိ ထိုသူတို့ကို တိုက်ခိုက်ရာ ကုလားအုတ်စီး၍ ထွက်ပြေးသွားသောလူငယ်လေးရာမှလွဲ၍ ကျန်တစ်ဦးတစ်ယောက်မျှ မလွတ်ပေ။ ဒါဝိဒ်သည် အာမလက်လူမျိုးတို့ သိမ်းယူသွားခဲ့သမျှတို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့၏။ မိမိမယားနှစ်ဦးကိုလည်း ကယ်တင်နိုင်ခဲ့၏။ ဒါဝိဒ်သည် လူကြီးလူငယ်မှစ၍ သားသမီးများကို တစ်ယောက်မကျန်၊ တိုက်ခိုက်လုယူသွားသောပစ္စည်းများကိုလည်း တစ်ခုမကျန် အားလုံးပြန်လည်တိုက်ယူနိုင်ခဲ့၏။ ထို့ပြင် ဒါဝိဒ်သည် သိုးအုပ်နွားအုပ်အားလုံးကိုလည်း သိမ်းယူခဲ့၏။ လူတို့သည် တိရစ္ဆာန်တို့ကို ရှေ့မှနှင်စေလျက် “ဤသည်ကား ဒါဝိဒ် တိုက်ခိုက်လုယူပေးသောပစ္စည်းများတည်း”ဟု ဆိုကြ၏။
ဓမ္မရာဇဝင်ပထမစောင် 30 ကိုဖတ်ပါ။
နားထောင်ပါ ဓမ္မရာဇဝင်ပထမစောင် 30
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဓမ္မရာဇဝင်ပထမစောင် 30:1-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ