၁ ဓမ္မရာဇဝင် 28:3-11
၁ ဓမ္မရာဇဝင် 28:3-11 Judson Bible (JBMLE)
ထိုကာလ၌ ရှမွေလမရှိ၊ သေလွန်ပြီ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကို သူနေရင်းရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်အပေါင်းတို့ကို တစ်ပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။ ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။ ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကိုမြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံးရှိ၏။ ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်လည်းကောင်း၊ ဥရိမ်အားဖြင့်လည်းကောင်း၊ ပရောဖက်အားဖြင့်လည်းကောင်း ထူးတော်မမူ။ ထိုအခါ ရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတစ်ယောက်ရှိပါ၏ဟု လျှောက်သော်၊ ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကိုဆောင်လျက်၊ ညအခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသောနတ်ကိုအမှီပြု၍ သင့်အားငါပြောမည့်သူကို ဖော်ပါလော့ဟု တောင်းပန်လေ၏။ မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့်နတ်ဝင်တို့ကို တစ်ပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည်သိလျက်နှင့် ငါ့ကိုသေစေခြင်းငှာ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊ ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုလေ၏။ မိန်းမကလည်း၊ အဘယ်သူကို ငါဖော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကိုဖော်ပါဟု ဆို၏။
၁ ဓမ္မရာဇဝင် 28:3-11 Common Language Bible (BCL)
ရှမွေလကွယ်လွန်ရာဣသရေလအမျိုး သားတစ်ရပ်လုံးသည်ငိုကြွေးမြည်တမ်းလျက် သူ၏နေရင်းဌာနရာမမြို့တွင်သူ၏အလောင်း ကိုသင်္ဂြိုဟ်ကြ၏။ ရှောလုသည်ဗေဒင်ဆရာနှင့် နတ်ဝင်သည်အပေါင်းတို့အားဣသရေလ ပြည်မှနှင်ထုတ် ထားတော်မူခဲ့၏။ ဖိလိတ္တိအမျိုးသားစစ်သည်များသည်ရှုနင် မြို့အနီးတွင်စုရုံး၍တပ်စခန်းချလျက်နေ ကြ၏။ ရှောလုမူကားဣသရေလအမျိုး သားတို့ကိုစုရုံးပြီးလျှင် ဂိလဗောတောင် ထိပ်တွင်တပ်စခန်းချလျက်နေ၏။- ဖိလိတ္တိတပ်မတော်ကိုမြင်သောအခါရှောလု သည်ထိတ်လန့်လျက်၊- မိမိအဘယ်သို့ပြုရမည်ကိုထာဝရဘုရား အားမေးလျှောက်လေသည်။ သို့သော်ထာဝရ ဘုရားသည်အိပ်မက်များအားဖြင့်သော်လည်း ကောင်း၊ ဥရိမ်နှင့်သုမိမ်အားဖြင့်သော်လည်း ကောင်း၊ ပရောဖက်များအားဖြင့်သော်လည်း ကောင်းလုံးဝဖြေကြားတော်မမူ။- ထိုအခါရှောလုသည်မိမိ၏တပ်မှူးတို့ အား``နတ်ဝင်သည်တစ်ဦးကိုရှာကြလော့။ သူ၏ထံသို့သွား၍ငါစုံစမ်းမေးမြန်း မည်'' ဟုဆို၏။ ထိုသူတို့က``အင်္ဒေါရမြို့တွင်နတ်ဝင်သည်မ တစ်ယောက်ရှိပါသည်'' ဟုလျှောက်ထားကြ၏။ ထို့ကြောင့်ရှောလုသည်ရုပ်ဖျက်ပြီးလျှင် အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင် ကာညဥ့်အချိန်ကျသောအခါငယ်သားနှစ် ယောက်နှင့်အတူနတ်ဝင်သည်မထံသို့သွား လေ၏။ သူသည်ထိုအမျိုးသမီးအား``ငါ၏ ကံကြမ္မာကိုနတ်တို့အားငါ၏ကိုယ်စားစုံ စမ်းမေးမြန်းပေးပါ။ ငါနာမည်ထုတ်ဖော်သူ ၏ဝိညာဉ်ကိုခေါ်ပေးပါ'' ဟုဆို၏။ ထိုအမျိုးသမီးက``ရှောလုမင်းသည်ဗေဒင် ဆရာနှင့်နတ်ဝင်သည်တို့အား ဣသရေလ ပြည်မှအဘယ်သို့နှင်ထုတ်တော်မူခဲ့သည် ကိုသင်အမှန်ပင်သိပါလျက် ကျွန်မအသတ် ခံရလေအောင်အဘယ်ကြောင့်ဤသို့ကျွန်မ အားကျော့ကွင်းထောင်၍ဖမ်းပါသနည်း'' ဟု ဆို၏။ ထိုအခါရှောလုက``ဤအမှုကိုပြုသည့် အတွက်သင်အပြစ်ဒဏ်မသင့်စေရပါဟု အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါကျိန်ဆိုကတိပြုပါ၏'' ဟုဆိုလျှင်၊ နတ်ဝင်သည်မက``သင့်အတွက်အဘယ်သူ ကိုခေါ်ပေးရပါမည်နည်း'' ဟုမေး၏။ ရှောလု က``ရှမွေလ'' ဟုဆို၏။
၁ ဓမ္မရာဇဝင် 28:3-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရှမွေလ အနိစ္စရောက်သွားသဖြင့် အစ္စရေးတစ်မျိုးသားလုံး ငိုကြွေးမြည်တမ်းကြပြီး သူ့ဇာတိမြို့ဖြစ်သောရာမမြို့၌ပင် သင်္ဂြိုဟ်ပြီးဖြစ်၏။ ရှောလုမင်းကြီးလည်း တစ်ပြည်လုံးရှိ နတ်ဝင်သည်များ၊ နတ်ထိန်းသည်များကို ဖယ်ရှားပြီးဖြစ်၏။ ဖိလိတ္တိလူမျိုးတို့ စုရုံးပြီး ရှုနင်မြို့သို့ လာရောက်၍ စခန်းချကြသောအခါ ရှောလုသည်လည်း အစ္စရေးလူမျိုးအပေါင်းတို့ကို စုရုံးပြီး ဂိလဗောတောင်ပေါ်တွင် စခန်းချကြ၏။ ရှောလုမင်းကြီးသည် ဖိလိတ္တိတပ်ကိုမြင်လျှင် အလွန်ကြောက်ရွံ့တုန်လှုပ်သဖြင့် ထာဝရဘုရားထံ မေးလျှောက်လေ၏။ သို့သော် ထာဝရဘုရားသည် သူ့အား အိပ်မက်အားဖြင့်ဖြစ်စေ၊ ဥရိမ်အားဖြင့်ဖြစ်စေ၊ ပရောဖက်အားဖြင့်ဖြစ်စေ ဖြေကြားတော်မမူ။ ထိုအခါ ရှောလုမင်းကြီးသည် မိမိအစေအပါးတို့အား “နတ်ကတော်တစ်ဦးကို ရှာပေးပါ။ သူ့ဆီသွားပြီး ငါမေးမြန်းမည်”ဟု ဆိုလျှင် သူ့အစေအပါးတို့က “အင်္ဒေါရမြို့တွင် နတ်ကတော်တစ်ဦးရှိပါ၏”ဟု ဆိုကြ၏။ ရှောလုမင်းကြီးသည် ရုပ်ဖျက်၍ တခြားအဝတ်ကိုဝတ်ပြီးလျှင် သူ့နောက်လိုက်နှစ်ဦးနှင့်အတူ သွားရာ ညအချိန်တွင် ထိုမိန်းမရှိရာသို့ ရောက်လာ၏။ ရှောလုမင်းကြီးက သူ့အား “နတ်ကို အမှီပြု၍ ငါပြောသောသူကို ခေါ်ပေးပါလော့”ဟု ဆို၏။ သို့သော် ထိုမိန်းမက “စင်စစ် ရှောလုမင်းကြီးသည် နတ်ဝင်သည်များ၊ နတ်ထိန်းသည်များအား တိုင်းပြည်ထဲမှ သုတ်သင်ဖယ်ရှားပစ်လိုက်သည်ကို သင်သိပါလျက်နှင့် အကျွန်ုပ်အသတ်ခံရအောင် အဘယ်ကြောင့် ထောင်ချောက်ဆင်သနည်း”ဟု ပြန်ပြော၏။ ထိုအခါ ရှောလုမင်းကြီးက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤအမှုကြောင့် သင့်အပေါ် အပြစ်မရောက်ရ”ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို၏။ ထိုမိန်းမက “မည်သူ့ကို ခေါ်ပေးရမည်နည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “ရှမွေလကို ခေါ်ပေးပါ”ဟု ဆို၏။