YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 28

28
ရှောလုမင်းကြီးနှင့်နတ်ဝင်သည်
1ထို​ကာလ​တွင် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို စစ်တိုက်​ရန် စစ်​အင်အား​စုဆောင်း​၏​။ အာခိတ်​မင်းကြီး​က​လည်း ဒါဝိဒ်​အား “​သင်​နှင့်​သင့်​နောက်လိုက်​တို့​က ငါ​နှင့်​ပူးပေါင်း​စစ်တိုက်​ရ​မည်​ကို သင်​နားလည်​သဘောပေါက်​လိမ့်မည်​”​ဟု ဆို​လျှင်
2ဒါဝိဒ်​က အာခိတ်​မင်းကြီး​အား “​အရှင့်​အစေအပါး မည်သို့​ပြု​နိုင်​သည်​ကို အရှင် သိမြင်​ရ​လိမ့်မည်​”​ဟု ဆို​၏​။ အာခိတ်​မင်းကြီး​က​လည်း ဒါဝိဒ်​အား “​ကောင်း​ပြီ​။ သင့်​ကို ငါ​၏​သက်တော်စောင့်​အဖြစ် ရာသက်ပန်​ခန့်​လိုက်​ပြီ​”​ဟု ပြန်ပြော​၏​။
3ရှမွေလ အနိစ္စ​ရောက်သွား​သဖြင့် အစ္စရေး​တစ်မျိုးသားလုံး ငိုကြွေးမြည်တမ်း​ကြ​ပြီး သူ့​ဇာတိမြို့​ဖြစ်​သော​ရာမ​မြို့​၌ပင် သင်္ဂြိုဟ်​ပြီး​ဖြစ်​၏​။ ရှောလု​မင်းကြီး​လည်း တစ်ပြည်လုံး​ရှိ နတ်ဝင်သည်​များ​၊ နတ်ထိန်းသည်​များ​ကို ဖယ်ရှား​ပြီး​ဖြစ်​၏​။ 4ဖိလိတ္တိ​လူမျိုး​တို့ စုရုံး​ပြီး ရှုနင်​မြို့​သို့ လာရောက်​၍ စခန်းချ​ကြ​သောအခါ ရှောလု​သည်​လည်း အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို စုရုံး​ပြီး ဂိလဗော​တောင်​ပေါ်တွင် စခန်းချ​ကြ​၏​။ 5ရှောလု​မင်းကြီး​သည် ဖိလိတ္တိ​တပ်​ကို​မြင်​လျှင် အလွန်​ကြောက်ရွံ့​တုန်လှုပ်​သဖြင့် 6ထာဝရဘုရား​ထံ မေးလျှောက်​လေ​၏​။ သို့သော် ထာဝရဘုရား​သည် သူ့​အား အိပ်မက်​အားဖြင့်​ဖြစ်စေ​၊ ဥရိမ်​အားဖြင့်​ဖြစ်စေ​၊ ပရောဖက်​အားဖြင့်​ဖြစ်စေ ဖြေကြား​တော်​မ​မူ​။ 7ထိုအခါ ရှောလု​မင်းကြီး​သည် မိမိ​အစေအပါး​တို့​အား “​နတ်ကတော်​တစ်​ဦး​ကို ရှာပေး​ပါ​။ သူ့​ဆီ​သွား​ပြီး ငါ​မေးမြန်း​မည်​”​ဟု ဆို​လျှင် သူ့​အစေအပါး​တို့​က “​အင်္ဒေါရ​မြို့​တွင် နတ်ကတော်​တစ်​ဦး​ရှိ​ပါ​၏​”​ဟု ဆို​ကြ​၏​။
8ရှောလု​မင်းကြီး​သည် ရုပ်ဖျက်​၍ တခြား​အဝတ်​ကို​ဝတ်​ပြီးလျှင် သူ့​နောက်လိုက်​နှစ်​ဦး​နှင့်အတူ သွား​ရာ ညအချိန်​တွင် ထို​မိန်းမ​ရှိ​ရာ​သို့ ရောက်လာ​၏​။ ရှောလု​မင်းကြီး​က သူ့​အား “​နတ်​ကို အမှီပြု​၍ ငါ​ပြော​သော​သူ​ကို ခေါ်ပေး​ပါ​လော့​”​ဟု ဆို​၏​။
9သို့သော် ထို​မိန်းမ​က “​စင်စစ် ရှောလု​မင်းကြီး​သည် နတ်ဝင်သည်​များ​၊ နတ်ထိန်းသည်​များ​အား တိုင်းပြည်​ထဲမှ သုတ်သင်ဖယ်ရှား​ပစ်​လိုက်​သည်​ကို သင်​သိ​ပါ​လျက်​နှင့် အကျွန်ုပ်​အသတ်​ခံရ​အောင် အဘယ်ကြောင့် ထောင်ချောက်ဆင်​သနည်း​”​ဟု ပြန်ပြော​၏​။
10ထိုအခါ ရှောလု​မင်းကြီး​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​အမှု​ကြောင့် သင့်​အပေါ် အပြစ်​မ​ရောက်​ရ​”​ဟု ထာဝရဘုရား​ကို တိုင်တည်​၍ ကျိန်ဆို​၏​။
11ထို​မိန်းမ​က “​မည်သူ့​ကို ခေါ်ပေး​ရ​မည်နည်း​”​ဟု မေး​လျှင် ရှောလု​မင်းကြီး​က “​ရှမွေလ​ကို ခေါ်ပေး​ပါ​”​ဟု ဆို​၏​။
12ထို​မိန်းမ​သည် ရှမွေလ​ကို မြင်​လျှင် အသံ​ကျယ်လောင်​စွာ​အော်ဟစ်​လျက် ရှောလု​မင်းကြီး​အား “​အဘယ်ကြောင့် အကျွန်ုပ်​ကို လှည့်စား​သနည်း​။ အရှင်​ကား ရှောလု​မင်းကြီး​ပင် မ​ဟုတ်​လော​”​ဟု ပြောဆို​လေ​၏​။
13ရှင်ဘုရင်​က​လည်း သူ့​အား “​သင်​မ​ကြောက်​နှင့်​။ ယခု အဘယ်​အရာ​ကို သင်​မြင်​သနည်း​”​ဟု မေး​လျှင် ထို​မိန်းမ​က ရှောလု​မင်းကြီး​အား “​မြေကြီး​ထဲမှ ဘုရား​တစ်ပါး တက်လာ​သည်​ကို မြင်​ရ​ပါ​၏​”​ဟု ပြောပြ​၏​။
14ရှောလု​မင်းကြီး​က​လည်း “​မည်သည့်​ပုံစံ ရှိ​သနည်း​”​ဟု မေး​လျှင် သူ​က “​ဝတ်လုံ​ဝတ်​ထား​သော​အဖိုးအို​တစ်​ဦး တက်လာ​ပါ​၏​”​ဟု ဆို​၏​။ ထို​သူ​သည် ရှမွေလ ဖြစ်ကြောင်း ရှောလု​မင်းကြီး သိ​သဖြင့် မြေကြီး​ပေါ် ပျပ်ဝပ်​လျက် ရှိခိုး​လေ​၏​။
15ရှမွေလ​က​လည်း ရှောလု​မင်းကြီး​အား “​အဘယ်ကြောင့် ငါ့​ကို​ခေါ်​ပြီး​နှောင့်ယှက်​နေ​သနည်း​”​ဟု မေး​လျှင် ရှောလု​မင်းကြီး​က “​အကျွန်ုပ် အလွန်​ဒုက္ခရောက်​နေ​ပါ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​သည် အကျွန်ုပ်​ကို လာတိုက်​ပါ​၏​။ ဘုရားသခင်​လည်း အကျွန်ုပ်​ကို စွန့်ပစ်​ပါ​ပြီ​။ ပရောဖက်​အားဖြင့်​ဖြစ်စေ​၊ အိပ်မက်​အားဖြင့်​ဖြစ်စေ အကျွန်ုပ်​ကို မ​ထူး​တော့​ပါ​။ အကျွန်ုပ် မည်သို့​ပြု​ရ​မည်​ကို ပြောပြ​ပေး​ရန်​အတွက် အရှင့်​ကို ခေါ်​ရ​ခြင်း​ဖြစ်​ပါ​၏​”​ဟု ဆို​၏​။
16ရှမွေလ​က​လည်း “​ထာဝရဘုရား​သည် သင့်​ကို​စွန့်ပစ်​၍ သင့်​ရန်သူ​ဖြစ်သွား​သည်​ကို​ပင် အဘယ်ကြောင့် ငါ့​ကို မေးမြန်း​သေး​သနည်း​။ 17ငါ့​အား ထာဝရဘုရား မြွက်ဆို​တော်မူ​သည့်​အတိုင်း သင်​၌ ပြု​တော်မူ​ပြီ​။ ထာဝရဘုရား​သည် သင့်​လက်​ထဲ​ရှိ​နိုင်ငံ​တော်​ကို ရုပ်သိမ်း​ပြီး သင့်​အမျိုးသားချင်း​ဒါဝိဒ်​အား ပေး​တော်မူ​ပြီ​။ 18သင်​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​၊ ကိုယ်တော်​၏​ပြင်းစွာ​သော​အမျက်​တော်​အတိုင်း အာမလက်​လူမျိုး​တို့​အား မ​ပြု​ခဲ့​သောကြောင့် ထာဝရဘုရား​သည် ယနေ့ သင့်​အား ဤသို့​ပြု​တော်မူ​ပြီ​။ 19ထာဝရဘုရား​သည် သင်​နှင့်​အစ္စရေး​လူမျိုး​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​မည်​။ မနက်ဖြန်​နေ့​တွင် သင်​နှင့် သင့်​သား​တို့​သည် ငါ​နှင့်အတူ​ရှိ​လိမ့်မည်​။ ထာဝရဘုရား​သည် အစ္စရေး​စစ်သည်​တို့​ကို​လည်း ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​မည်​”​ဟု သူ့​အား ဆို​၏​။
20ရှမွေလ​စကား​ကို ရှောလု​မင်းကြီး ကြား​လျှင် အလွန်​ကြောက်ရွံ့​လျက် ချက်ချင်း​မြေ​ပေါ် အရုပ်ကြိုးပြတ်​လဲကျ​လေ​၏​။ တစ်နေ့လုံး တစ်ညလုံး အစာ​မ​စား​ထား​သဖြင့် အား​လည်း မ​ရှိ​တော့​ပေ​။ 21ထို​မိန်းမ​သည် ရှောလု​မင်းကြီး​ထံ လာ​၍ ရှောလု​မင်းကြီး အလွန်​ထိတ်လန့်​နေ​သည်​ကို မြင်​လျှင် သူ့​အား “​ကြည့်ရှု​လော့​။ အရှင့်​ကျွန်မ​သည် အရှင်​၏​စကား​ကို နားထောင်​ပါ​ပြီ​။ ကိုယ့်​အသက်​ကို​ရင်း​၍#28:21 တိုက်ရိုက်ပြန်ဆိုလျှင် “ကိုယ့်အသက်ကို ကိုယ့်လက်မှနှုတ်၍”။ အရှင်​ပြော​သည့်​အတိုင်း အကျွန်ုပ်​ပြု​ပါ​ပြီ​။ 22ယခု အရှင်​သည်​လည်း အရှင့်​ကျွန်မ​စကား​ကို နားထောင်​ပါ​လော့​။ အရှင့်​ရှေ့​၌ စားစရာ​အနည်းငယ် တည်ခင်း​ပါရစေ​။ အရှင်​အားပြန်ပြည့်​၍ ခရီးဆက်​နိုင်​ရန်​အတွက် သုံးဆောင်​ပါ​လော့​”​ဟု ဆို​၏​။
23ရှောလု​မင်းကြီး​က “​ငါ​မ​စား​ပါ​”​ဟု ငြင်းဆန်​သော်လည်း သူ​၏​အစေအပါး​တို့​နှင့်​ထို​မိန်းမ​က တိုက်တွန်း​သဖြင့် သူ​သည် သူ​တို့​၏​စကား​ကို​နားထောင်​၍ မြေ​ပေါ်မှ​ထ​ကာ ခုတင်​ပေါ်တွင် ထိုင်​လေ​၏​။
24ထို​မိန်းမ​သည် အိမ်​၌​ရှိ​သော​ဆူဖြိုး​သည့်​နွားသငယ်​ကို ချက်ချင်း​သတ်​၏​။ မုန့်ညက်​ကို​လည်း ယူ​၍​နယ်​ပြီးလျှင် တဆေးမဲ့မုန့်​ကို ဖုတ်​လေ​၏​။ 25ထို့နောက် ရှောလု​မင်းကြီး​နှင့် သူ့​အစေအပါး​တို့​ရှေ့​တွင် တည်ခင်း​ပေး​သဖြင့် သူ​တို့​သည် စားသောက်​ကြ​ပြီးလျှင် ထို​ည​၌ပင် ထ​၍​ပြန်သွား​ကြ​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 28: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ