YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 28:3-11

ဓမ္မရာဇဝင်ပထမစောင် 28:3-11 MSBU

ရှမွေလ အနိစ္စ​ရောက်သွား​သဖြင့် အစ္စရေး​တစ်မျိုးသားလုံး ငိုကြွေးမြည်တမ်း​ကြ​ပြီး သူ့​ဇာတိမြို့​ဖြစ်​သော​ရာမ​မြို့​၌ပင် သင်္ဂြိုဟ်​ပြီး​ဖြစ်​၏​။ ရှောလု​မင်းကြီး​လည်း တစ်ပြည်လုံး​ရှိ နတ်ဝင်သည်​များ​၊ နတ်ထိန်းသည်​များ​ကို ဖယ်ရှား​ပြီး​ဖြစ်​၏​။ ဖိလိတ္တိ​လူမျိုး​တို့ စုရုံး​ပြီး ရှုနင်​မြို့​သို့ လာရောက်​၍ စခန်းချ​ကြ​သောအခါ ရှောလု​သည်​လည်း အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို စုရုံး​ပြီး ဂိလဗော​တောင်​ပေါ်တွင် စခန်းချ​ကြ​၏​။ ရှောလု​မင်းကြီး​သည် ဖိလိတ္တိ​တပ်​ကို​မြင်​လျှင် အလွန်​ကြောက်ရွံ့​တုန်လှုပ်​သဖြင့် ထာဝရဘုရား​ထံ မေးလျှောက်​လေ​၏​။ သို့သော် ထာဝရဘုရား​သည် သူ့​အား အိပ်မက်​အားဖြင့်​ဖြစ်စေ​၊ ဥရိမ်​အားဖြင့်​ဖြစ်စေ​၊ ပရောဖက်​အားဖြင့်​ဖြစ်စေ ဖြေကြား​တော်​မ​မူ​။ ထိုအခါ ရှောလု​မင်းကြီး​သည် မိမိ​အစေအပါး​တို့​အား “​နတ်ကတော်​တစ်​ဦး​ကို ရှာပေး​ပါ​။ သူ့​ဆီ​သွား​ပြီး ငါ​မေးမြန်း​မည်​”​ဟု ဆို​လျှင် သူ့​အစေအပါး​တို့​က “​အင်္ဒေါရ​မြို့​တွင် နတ်ကတော်​တစ်​ဦး​ရှိ​ပါ​၏​”​ဟု ဆို​ကြ​၏​။ ရှောလု​မင်းကြီး​သည် ရုပ်ဖျက်​၍ တခြား​အဝတ်​ကို​ဝတ်​ပြီးလျှင် သူ့​နောက်လိုက်​နှစ်​ဦး​နှင့်အတူ သွား​ရာ ညအချိန်​တွင် ထို​မိန်းမ​ရှိ​ရာ​သို့ ရောက်လာ​၏​။ ရှောလု​မင်းကြီး​က သူ့​အား “​နတ်​ကို အမှီပြု​၍ ငါ​ပြော​သော​သူ​ကို ခေါ်ပေး​ပါ​လော့​”​ဟု ဆို​၏​။ သို့သော် ထို​မိန်းမ​က “​စင်စစ် ရှောလု​မင်းကြီး​သည် နတ်ဝင်သည်​များ​၊ နတ်ထိန်းသည်​များ​အား တိုင်းပြည်​ထဲမှ သုတ်သင်ဖယ်ရှား​ပစ်​လိုက်​သည်​ကို သင်​သိ​ပါ​လျက်​နှင့် အကျွန်ုပ်​အသတ်​ခံရ​အောင် အဘယ်ကြောင့် ထောင်ချောက်ဆင်​သနည်း​”​ဟု ပြန်ပြော​၏​။ ထိုအခါ ရှောလု​မင်းကြီး​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​အမှု​ကြောင့် သင့်​အပေါ် အပြစ်​မ​ရောက်​ရ​”​ဟု ထာဝရဘုရား​ကို တိုင်တည်​၍ ကျိန်ဆို​၏​။ ထို​မိန်းမ​က “​မည်သူ့​ကို ခေါ်ပေး​ရ​မည်နည်း​”​ဟု မေး​လျှင် ရှောလု​မင်းကြီး​က “​ရှမွေလ​ကို ခေါ်ပေး​ပါ​”​ဟု ဆို​၏​။