၁ ဓမ္မရာဇဝင် 1:1-20
၁ ဓမ္မရာဇဝင် 1:1-20 Judson Bible (JBMLE)
ဧဖရတ်မြို့သား ဇုဖ၊ တောဟူ၊ ဧလိဟူ၊ ယေရောဟံမှ ဆင်းသက်၍ ဧဖရိမ်တောင်ပေါ်မှာ ရာမသိမ် ဇုဖိမ်မြို့၌နေသော ဧလကာနအမည်ရှိသော သူတစ်ယောက်ရှိ၏။ ထိုသူသည် မယားနှစ်ယောက်ရှိ၏။ တစ်ယောက်ကား၊ ဟန္န၊ တစ်ယောက်ကား ပေနိန္နအမည် ရှိ၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌မရှိ။ ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကိုကိုးကွယ်၍ ယဇ်ပူဇော်ခြင်းငှာ၊ မိမိနေရာမြို့မှ ရှိလောမြို့သို့ နှစ်တိုင်းသွားမြဲရှိ၏။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဧလိ၏သားဟောဖနိနှင့် ဖိနဟတ်သည် ရှိလောမြို့၌ နေသတည်း။ ဧလကာနသည် ယဇ်ပူဇော်အချိန် ရောက်သောအခါ၊ မယားပေနိန္နနှင့် သူ၏ သားသမီးအပေါင်းတို့အား ဝေမျှ၏။ ဟန္နကိုချစ်သောကြောင့် နှစ်ဆသောအဖို့ကို ပေး၏။ သို့ရာတွင် ထာဝရဘုရားသည် ဟန္နအား သားဖွားသောအခွင့်ကို ပေးတော်မမူ။ ထိုသို့ ထာဝရဘုရားသည် အခွင့်ကို ပေးတော်မမူသောကြောင့်၊ ဟန္နစိတ်ဆိုးညစ်အောင် ရန်သူ သည် အလွန်နှောင့်ယှက်တတ်၏။ နှစ်စဉ်မပြတ် ထာဝရဘုရား၏ အိမ်တော်သို့ သွားသောအခါ၊ ရန်သူနှောင့်ယှက်သဖြင့် ဟန္နသည် အစာမစားနိုင်၊ ငိုလျက်နေတတ်၏။ သူ၏ခင်ပွန်း ဧလကာနက၊ ဟန္န အဘယ်ကြောင့် ငိုသနည်း။ အဘယ်ကြောင့် မစားဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ညှိုးငယ်သနည်း။ သားတစ်ကျိပ်ထက် သင်၌ ငါသာ၍ကောင်းသည် မဟုတ်လောဟု ဆို၏။ ရှိလောမြို့၌ စားသောက်ကြသောနောက်၊ ယဇ်ပုရောဟိတ် ဧလိသည် ထာဝရဘုရား၏ အိမ်တော်တိုင်နားမှာ ထိုင်စဉ်၊ ဟန္နသည် ညှိုးငယ်သောစိတ်နှင့် ထ၍၊ မျက်ရည်များစွာကျလျက် ထာဝရဘုရားကို ဆုတောင်းသည်ကား၊ အိုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော်ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့်၊ သားယောက်ျားကို ပေးသနားတော်မူလျှင်၊ သူ၏ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တစ်သက်လုံး ထာဝရဘုရား၏ကျွန်ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်ဟု သစ္စာကတိပြုလေ၏။ ဟန္နသည် ထာဝရဘုရားရှေ့တော်၌ ကြာမြင့်စွာ ဆုတောင်းစဉ်၊ ဧလိသည် သူ၏နှုတ်ကို ကြည့်မှတ်လေ၏။ စိတ်နှလုံးနှင့် ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော်လည်း၊ စကားသံမထွက်သောကြောင့်၊ ယစ်မူးသည်ဟု ဧလိထင်လျက်၊ သင်သည် အဘယ်မျှကာလပတ်လုံး ယစ်မူးလိမ့်မည်နည်း။ သင်၏ စပျစ်ရည်ကို ပယ်ရှောင်လော့ဟု ဆို၏။ ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် စိတ်ညှိုးငယ်သော မိန်းမဖြစ်ပါ၏။ စပျစ်ရည်ကို မသောက်ပါ၊ သေရည်သေရက်ကို မသောက်ပါ၊ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။ ကိုယ်တော်၏ကျွန်မကို အဓမ္မမိန်းမ ဟူ၍ မမှတ်ပါနှင့်။ မြည်တမ်းစရာအကြောင်း၊ ဝမ်းနည်းစရာအကြောင်း များသည်ဖြစ်၍၊ ယခုတိုင်အောင် လျှောက်နေပါသည်ဟု ပြန်ပြောသော်၊ ဧလိက၊ ငြိမ်ဝပ်စွာသွားလော့။ ယခု ဆုတောင်းသည်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ပေးသနားတော် မူပါစေသောဟု မြွက်ဆို၏။ ဟန္နကလည်း၊ ကိုယ်တော်၏ကျွန်မသည် ရှေ့တော်၌ မျက်နှာရပါစေသောဟု လျှောက်ပြီးမှ၊ ခြားနားသောမျက်နှာနှင့် သွား၍ အစာစားလေ၏။ ထိုသူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားရှေ့တော်၌ ကိုးကွယ်ပြီးလျှင်၊ ရာမမြို့မှာရှိသော မိမိတို့အိမ်သို့ ပြန်သွားကြ၏။ ထိုအခါ ဧလကာနသည် မယားဟန္နနှင့် ဆက်ဆံ၍ ထာဝရဘုရား အောက်မေ့တော်မူသဖြင့်၊ ဟန္နသည် ပဋိသန္ဓေယူ၍ ကာလအချိန်စေ့သောအခါ၊ သားယောက်ျားကို ဖွားမြင်ပြီးလျှင်၊ ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့်၊ ရှမွေလအမည်ဖြင့် မှည့်လေ၏။
၁ ဓမ္မရာဇဝင် 1:1-20 Common Language Bible (BCL)
ဧဖရိမ်တောင်ကုန်းဒေသရှိရာမမြို့တွင် ဧလကာနဟုနာမည်တွင်သောလူတစ် ယောက်ရှိ၏။ သူသည်ဧဖရိမ်အနွယ်ဝင်ဖြစ် ၍အဖမှာယေရောဟံ၊ အဖိုးကားဧလိ ဖြစ်၏။ သူသည်ဇုဖသားချင်းစု၊ တောဟူ အိမ်ထောင်စုဝင်ဖြစ်သတည်း။- ဧလကာနတွင်ဟန္နနှင့်ပေနိန္နဟူသောမယား နှစ်ယောက်ရှိ၏။ ပေနိန္နတွင်သားသမီးများရှိ ၍ဟန္နမှာမရှိချေ။- ဧလကာနသည်အနန္တတန်ခိုးရှင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရန် ရာမမြို့မှ ရှိလောမြို့သို့နှစ်စဉ်နှစ်တိုင်းသွားရောက်၏။ ထိုမြို့တွင်ဧလိ၏သားများဖြစ်ကြသော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရ ဘုရား၏ယဇ်ပုရောဟိတ်များအဖြစ်ဖြင့် ဆောင်ရွက်လျက်ရှိကြ၏။- ဧလကာနသည်ယဇ်ပူဇော်သည့်အခါ ပေနိန္န နှင့်သားသမီးတို့အားဝေစုတစ်စုစီခွဲဝေ ပေး၏။- ဟန္နကိုမူအထူးဝေစုပေး၏။ ထာဝရဘုရား သည်ဟန္နအားသားသမီးမွေးဖွားခွင့်ကိုပေး တော်မမူသော်လည်း ဧလကာနသည်ဟန္န အားလွန်စွာချစ်မြတ်နိုးလေသည်။- ဟန္နတွင်သားသမီးမရသဖြင့်သူ၏ပြိုင် ဘက်ဖြစ်သူ ပေနိန္နသည်ဟန္နအားရှုတ်ချကာ စိတ်ဒုက္ခပေးလေ့ရှိ၏။- ဤအတိုင်းတစ်နှစ်ပြီးတစ်နှစ်လွန်ခဲ့၏။ သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့သွားရောက် သည့်အခါတိုင်း ပေနိန္နသည်ဟန္နအားစိတ်ဒုက္ခ ရောက်စေသဖြင့် ဟန္နသည်အဘယ်အစားအစာ ကိုမျှမစားဘဲငို၍သာနေတတ်၏။- သူ၏ခင်ပွန်းဧလကာနက``ဟန္န၊ သင်သည် အဘယ်ကြောင့်ငိုကြွေးနေပါသနည်း။ အဘယ် ကြောင့်အစားအစာမစားသောက်ဘဲနေပါ သနည်း။ အဘယ်ကြောင့်အစဉ်ပင်စိတ်မချမ်းမ သာဖြစ်၍နေပါသနည်း။ ငါသည်သင်၏အဖို့ သားတစ်ကျိပ်ထက်အဖိုးထိုက်သည်မဟုတ်ပါ လော'' ဟုမေးလေ့ရှိ၏။ အခါတစ်ပါး၌သူတို့သည်ရှိလောမြို့ရှိထာဝရ ဘုရား၏အိမ်တော်တွင် အစားအစာစားသောက် ကြပြီးသောအခါ ဟန္နသည်စိတ်မချမ်းမသာ ဖြစ်လျက်ထ၍ပြင်းပြစွာငိုယိုကာ ထာဝရ ဘုရား၏ထံတော်သို့ဆုတောင်းပတ္ထနာပြု လေ၏။ (ထိုအခါဧလိသည်တံခါးအနီး မိမိထိုင်နေကျနေရာတွင်ထိုင်လျက်နေ သတည်း။-) ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။ ဟန္နသည်အချိန်ကြာမြင့်စွာဆိတ်ဆိတ်ဆု တောင်းပတ္ထနာပြု၏။ ဧလိသည်သူ၏နှုတ် ကိုကြည့်ရှုလျက်နေ၏။- ဟန္နသည်ဆိတ်ဆိတ်ဆုတောင်းပတ္ထနာပြု၍နေ သဖြင့် သူ၏နှုတ်ခမ်းတို့သည်လှုပ်ရှားလျက်ရှိ သော်လည်းအသံကားမထွက်။ သို့ဖြစ်၍သူ့ အားအရက်မူးသည်ဟုထင်မှတ်သဖြင့်၊- ဧလိက``သင်သည်အဘယ်မျှကြာအရက်မူး လျက်နေပါသနည်း။ အရက်ကိုကြဉ်ရှောင် လော့'' ဟုဆို၏။ ဟန္နက``အရှင်၊ ကျွန်မသည်အရက်မမူးပါ။ အရက်မသောက်ပါ။ ကျွန်မသည်အလွန်ပင် စိတ်ပျက်၍ မိမိ၏ဆင်းရဲဒုက္ခကိုရင်ဖွင့်ကာ ထာဝရဘုရားထံတွင်ဆုတောင်းပတ္ထနာ ပြုလျက်နေခဲ့ပါ၏။- ကျွန်မအားတန်ဖိုးမရှိသည့်မိန်းမဟုမထင် မှတ်ပါနှင့်။ ကျွန်မသည်အလွန်စိတ်မချမ်းမသာ ဖြစ်သဖြင့် ဤသို့ဆုတောင်းပတ္ထနာပြုလျက်နေ ခြင်းဖြစ်ပါ၏'' ဟုပြန်၍လျှောက်၏။ ဧလိက``စိတ်ချမ်းသာစွာသွားပါလော့။ ဣသရေလ အမျိုးသားတို့ကိုးကွယ်သောထာဝရဘုရားသည် သင်တောင်းလျှောက်သည်အတိုင်းပေးသနားတော် မူပါစေသော'' ဟုဆို၏။ ဟန္နကလည်း``ကျွန်မသည်အရှင်ပေးသည့်ကောင်း ချီးမင်္ဂလာကိုခံရပါစေသော'' ဟုလျှောက်လေ၏။ ထိုနောက်သူသည်စိတ်သက်သာမှုရလျက်ထွက် ခွာသွားပြီးလျှင် အစားအစာအနည်းငယ်ကို စားလေ၏။ နောက်တစ်နေ့၌ဧလကာနနှင့်အိမ်ထောင်စုသား တို့သည် နံနက်စောစောထ၍ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုကြ၏။ ထိုနောက်ရာမမြို့နေအိမ် သို့ပြန်ကြ၏။ ဧလကာနသည်သူ၏ဇနီးဟန္န နှင့်ဆက်ဆံလေ၏။ ဘုရားသခင်သည်ဟန္န၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူသဖြင့်၊- ဟန္နသည်ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွား မြင်လေသည်။ သူက``ငါသည်ထာဝရဘုရား အားတောင်းခံသဖြင့်ဤသားကိုရ၏'' ဟုဆို ပြီးလျှင်ရှမွေလဟုနာမည်မှည့်လေသည်။
၁ ဓမ္မရာဇဝင် 1:1-20 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဧဖရိမ်တောင်ပေါ်ဒေသ၊ ရာမသိမ်ဇုဖိမ်မြို့တွင် ဧလကာနအမည်ရှိသော လူတစ်ယောက်ရှိ၏။ သူသည် ဧဖရိမ်အမျိုး ဇုဖ၏တီ၊ တောဟူ၏မြစ်၊ ဧလိဟု၏မြေး၊ ယေရောဟံ၏သားဖြစ်၏။ ထိုသူ၌ မယားနှစ်ယောက်ရှိ၏။ တစ်ယောက်၏အမည်မှာ ဟန္နဖြစ်ပြီး နောက်တစ်ယောက်၏အမည်မှာ ပေနိန္နဖြစ်၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌ကား သားသမီးမရှိချေ။ ဧလကာနသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရန်နှင့် ယဇ်ပူဇော်ရန်အတွက် မိမိနေထိုင်ရာမြို့မှ ရှိလောမြို့သို့ နှစ်စဉ်သွားလေ့ရှိ၏။ ထိုမြို့တွင် ဧလိ၏သားနှစ်ယောက်ဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်များဖြစ်ကြ၏။ ဧလကာနသည် မိမိယဇ်ပူဇော်ရာနေ့ရောက်တိုင်း မယားပေနိန္နနှင့် သူ၏သားသမီးအားလုံးကို ဝေစုများခွဲဝေပေးလေ့ရှိ၏။ သူသည် ဟန္နကိုချစ်သောကြောင့် ဝေစုနှစ်ဆခွဲဝေပေး၏။ သို့သော် ထာဝရဘုရားသည် ဟန္နကိုသန္ဓေတည်ခွင့်ပေးတော်မမူ။ ထိုသို့ ထာဝရဘုရားသည် ဟန္နအား သန္ဓေတည်ခွင့်ပေးတော်မမူသောကြောင့် သူ၏ပြိုင်ဖက်သည် ဟန္နစိတ်ဆိုးအောင် ဒေါသစိတ်ကို ဆွလေ့ရှိ၏။ ဟန္နသည် တစ်နှစ်ပြီးတစ်နှစ် ထာဝရဘုရား၏အိမ်တော်သို့ သွားသည့်အခါတိုင်း ပြိုင်ဖက်သည် သူ့ကို ဒေါသထွက်အောင် ဆွလေ၏။ ထို့ကြောင့် သူသည် အစာမစားဘဲ ငို၍သာနေရ၏။ သူ၏ခင်ပွန်းဧလကာနကလည်း “ဟန္န၊ အဘယ်ကြောင့် ငိုကြွေးနေသနည်း။ အဘယ်ကြောင့် မစားမသောက်ဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ဆင်းရဲနေသနည်း။ ငါသည် သင့်အပေါ် သားဆယ်ယောက်ထက် ပို၍ကောင်းသည်မဟုတ်လော”ဟု သူ့အား ဆို၏။ သူတို့သည် ရှိလောမြို့တွင် စားသောက်ကြပြီးနောက် ဟန္နသည် ထသွားလေ၏။ ထိုစဉ် ယဇ်ပုရောဟိတ်ဧလိသည် ထာဝရဘုရား၏ဗိမာန်တော်တံခါးတိုင်အနီးရှိ ထိုင်ခုံပေါ်တွင် ထိုင်နေ၏။ ဟန္နသည် စိတ်နှလုံးကြေကွဲစွာဖြင့် ထာဝရဘုရားထံ ငိုယိုလျက် “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။ ထိုသို့ ထာဝရဘုရားထံ အဆက်မပြတ်ဆုတောင်းနေစဉ် ဧလိသည် သူ့နှုတ်ကို ကြည့်လျက်နေ၏။ ဟန္နသည် စိတ်ထဲ၌ဆုတောင်းနေသောကြောင့် နှုတ်ခမ်းသာလှုပ်ပြီး အသံမထွက်။ ထို့ကြောင့် ဧလိက ဟန္န ယစ်မူးနေသည်ဟု ထင်၍ ဧလိက သူ့အား “သင်သည် မည်မျှကြာအောင်ယစ်မူးနေမည်နည်း။ စပျစ်ဝိုင်ကို ရှောင်ပါလော့”ဟု ဆို၏။ ဟန္နကလည်း “သခင်၊ ထိုသို့မဟုတ်ပါ။ အကျွန်ုပ်သည် စိတ်သောကရောက်နေသောမိန်းမ ဖြစ်ပါ၏။ စပျစ်ဝိုင် မသောက်ပါ။ သေရည်သေရက်ကိုလည်း မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ မိမိစိတ်ခံစားချက်ကို ဖွင့်ပြနေခြင်းသာဖြစ်ပါ၏။ သခင့်ကျွန်မကို ဆိုးညစ်သောမိန်းမဟု မထင်ပါနှင့်။ အကျွန်ုပ်၌ ပူဆွေးဝမ်းနည်းမှု များလွန်းသဖြင့် အဆက်မပြတ်ဆုတောင်းနေခြင်းသာ ဖြစ်ပါ၏”ဟု ပြန်ပြောသော် ဧလိက “ငြိမ်ဝပ်စွာသွားလော့။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် သင်တောင်းလျှောက်သောဆုကို ပေးသနားတော်မူပါစေသော”ဟု ဆို၏။ ထိုအခါ ဟန္နက “သခင့်ကျွန်မသည် သခင့်ရှေ့၌မျက်နှာရပါစေသော”ဟု ဆိုပြီး သူသည် ထွက်သွား၍ စားသောက်လေ၏။ သူ၏မျက်နှာသည်လည်း ယခင်ကကဲ့သို့ မညှိုးတော့ပေ။ သူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားအား ရှိခိုးကိုးကွယ်ပြီးလျှင် မိမိတို့အိမ်ရှိရာ ရာမမြို့သို့ ပြန်လာကြ၏။ ထို့နောက်တွင် ဧလကာနသည် မိမိ၏မယားဟန္နနှင့်ဆက်ဆံ၏။ ထာဝရဘုရားသည်လည်း ဟန္နကို အောက်မေ့တော်မူသဖြင့် အချိန်တန်သောအခါ ဟန္နသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလေ၏။ ဟန္နကလည်း “ဤသားသည် ထာဝရဘုရားထံ ဆုတောင်း၍ ရသောသားဖြစ်၏”ဟု ဆိုပြီး သူ၏အမည်ကို ရှမွေလ ဟုမှည့်ခေါ်လေ၏။