ဧဖရတ်မြို့သား ဇုဖ၊ တောဟူ၊ ဧလိဟူ၊ ယေရောဟံမှ ဆင်းသက်၍ ဧဖရိမ်တောင်ပေါ်မှာ ရာမသိမ် ဇုဖိမ်မြို့၌နေသော ဧလကာနအမည်ရှိသော သူတစ်ယောက်ရှိ၏။ ထိုသူသည် မယားနှစ်ယောက်ရှိ၏။ တစ်ယောက်ကား၊ ဟန္န၊ တစ်ယောက်ကား ပေနိန္နအမည် ရှိ၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌မရှိ။ ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကိုကိုးကွယ်၍ ယဇ်ပူဇော်ခြင်းငှာ၊ မိမိနေရာမြို့မှ ရှိလောမြို့သို့ နှစ်တိုင်းသွားမြဲရှိ၏။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဧလိ၏သားဟောဖနိနှင့် ဖိနဟတ်သည် ရှိလောမြို့၌ နေသတည်း။ ဧလကာနသည် ယဇ်ပူဇော်အချိန် ရောက်သောအခါ၊ မယားပေနိန္နနှင့် သူ၏ သားသမီးအပေါင်းတို့အား ဝေမျှ၏။ ဟန္နကိုချစ်သောကြောင့် နှစ်ဆသောအဖို့ကို ပေး၏။ သို့ရာတွင် ထာဝရဘုရားသည် ဟန္နအား သားဖွားသောအခွင့်ကို ပေးတော်မမူ။ ထိုသို့ ထာဝရဘုရားသည် အခွင့်ကို ပေးတော်မမူသောကြောင့်၊ ဟန္နစိတ်ဆိုးညစ်အောင် ရန်သူ သည် အလွန်နှောင့်ယှက်တတ်၏။ နှစ်စဉ်မပြတ် ထာဝရဘုရား၏ အိမ်တော်သို့ သွားသောအခါ၊ ရန်သူနှောင့်ယှက်သဖြင့် ဟန္နသည် အစာမစားနိုင်၊ ငိုလျက်နေတတ်၏။ သူ၏ခင်ပွန်း ဧလကာနက၊ ဟန္န အဘယ်ကြောင့် ငိုသနည်း။ အဘယ်ကြောင့် မစားဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ညှိုးငယ်သနည်း။ သားတစ်ကျိပ်ထက် သင်၌ ငါသာ၍ကောင်းသည် မဟုတ်လောဟု ဆို၏။ ရှိလောမြို့၌ စားသောက်ကြသောနောက်၊ ယဇ်ပုရောဟိတ် ဧလိသည် ထာဝရဘုရား၏ အိမ်တော်တိုင်နားမှာ ထိုင်စဉ်၊ ဟန္နသည် ညှိုးငယ်သောစိတ်နှင့် ထ၍၊ မျက်ရည်များစွာကျလျက် ထာဝရဘုရားကို ဆုတောင်းသည်ကား၊ အိုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော်ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့်၊ သားယောက်ျားကို ပေးသနားတော်မူလျှင်၊ သူ၏ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တစ်သက်လုံး ထာဝရဘုရား၏ကျွန်ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်ဟု သစ္စာကတိပြုလေ၏။ ဟန္နသည် ထာဝရဘုရားရှေ့တော်၌ ကြာမြင့်စွာ ဆုတောင်းစဉ်၊ ဧလိသည် သူ၏နှုတ်ကို ကြည့်မှတ်လေ၏။ စိတ်နှလုံးနှင့် ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော်လည်း၊ စကားသံမထွက်သောကြောင့်၊ ယစ်မူးသည်ဟု ဧလိထင်လျက်၊ သင်သည် အဘယ်မျှကာလပတ်လုံး ယစ်မူးလိမ့်မည်နည်း။ သင်၏ စပျစ်ရည်ကို ပယ်ရှောင်လော့ဟု ဆို၏။ ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် စိတ်ညှိုးငယ်သော မိန်းမဖြစ်ပါ၏။ စပျစ်ရည်ကို မသောက်ပါ၊ သေရည်သေရက်ကို မသောက်ပါ၊ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။ ကိုယ်တော်၏ကျွန်မကို အဓမ္မမိန်းမ ဟူ၍ မမှတ်ပါနှင့်။ မြည်တမ်းစရာအကြောင်း၊ ဝမ်းနည်းစရာအကြောင်း များသည်ဖြစ်၍၊ ယခုတိုင်အောင် လျှောက်နေပါသည်ဟု ပြန်ပြောသော်၊ ဧလိက၊ ငြိမ်ဝပ်စွာသွားလော့။ ယခု ဆုတောင်းသည်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ပေးသနားတော် မူပါစေသောဟု မြွက်ဆို၏။ ဟန္နကလည်း၊ ကိုယ်တော်၏ကျွန်မသည် ရှေ့တော်၌ မျက်နှာရပါစေသောဟု လျှောက်ပြီးမှ၊ ခြားနားသောမျက်နှာနှင့် သွား၍ အစာစားလေ၏။ ထိုသူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားရှေ့တော်၌ ကိုးကွယ်ပြီးလျှင်၊ ရာမမြို့မှာရှိသော မိမိတို့အိမ်သို့ ပြန်သွားကြ၏။ ထိုအခါ ဧလကာနသည် မယားဟန္နနှင့် ဆက်ဆံ၍ ထာဝရဘုရား အောက်မေ့တော်မူသဖြင့်၊ ဟန္နသည် ပဋိသန္ဓေယူ၍ ကာလအချိန်စေ့သောအခါ၊ သားယောက်ျားကို ဖွားမြင်ပြီးလျှင်၊ ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့်၊ ရှမွေလအမည်ဖြင့် မှည့်လေ၏။
၁ ဓမ္မရာဇဝင် 1 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 1:1-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ