၁ ရှင်ပေတရု 2:11-17
၁ ရှင်ပေတရု 2:11-17 Judson Bible (JBMLE)
ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။- သာသနာပလူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှု စီရင်တော်မူသော နေ့ရက်၌၊ သင်တို့၏ ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရှု၍ ဘုရားသခင်ကို ချီးမွမ်းမည်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။ သခင်ဘုရား၏မျက်နှာတော်ကို ထောက်လျက်၊ အထွတ်အမြတ်တည်းဟူသော ရှင်ဘုရင်ဖြစ်စေ၊ လူဆိုးတို့ကို ဒဏ်စီရင်စေခြင်းငှာလည်းကောင်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှာလည်းကောင်း၊- ရှင်ဘုရင်ခန့်ထားသော ဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထားသမျှသော မင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။- အကြောင်းမူကား၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသောစကားကို ချေစေခြင်းငှာ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။- လူလွတ်ဖြစ်သော်လည်း၊ လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့ မကျင့်၊ ဘုရားသခင်၏ ကျွန်ကဲ့သို့ ကျင့်နေကြလော့။- ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်း ရှိကြလော့။
၁ ရှင်ပေတရု 2:11-17 Common Language Bible (BCL)
ချစ်ဆွေတို့၊ သင်တို့သည်ဤလောကတွင်ဧည့် သည်အာဂန္တုအဖြစ်နှင့် မိမိတို့အားအမြဲ စစ်ပြိုင်တိုက်ခိုက်လျက်နေသောကာယတပ် မက်မှုများကိုအရှုံးမပေးရန် ငါတိုက်တွန်း နှိုးဆော်၏။- မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။ သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ လူအာဏာပိုင်ရှိသမျှတို့၏အုပ်စိုးခြင်း ကိုဝန်ခံကြလော့။ ဘုရင်ဧကရာဇ်မင်းအား အချုပ်အခြာအာဏာပိုင်အဖြစ်ဖြင့်လည်း ကောင်း၊- ဘုရင်ခံများအားလူဆိုးတို့ကိုအပြစ်ပေး ရန်နှင့်၊ လူကောင်းတို့ကိုချီးမြှင့်ရန်ဘုရင် ဧကရာဇ်ခန့်ထားသောသူများအဖြစ်ဖြင့် လည်းကောင်းလက်ခံကြလော့။- သင်တို့သည်မိမိတို့၏အကျင့်ကောင်းအားဖြင့် အသိဉာဏ်ကင်းမဲ့သည့်လူမိုက်တို့၏နှုတ်ကို ပိတ်ရန်ဘုရားသခင်အလိုတော်ရှိတော်မူ၏။- သင်တို့သည်လွတ်လပ်သူများအနေဖြင့်ပြုမူ နေထိုင်ကြလော့။ သို့ရာတွင်ဆိုးညစ်မှု၊ တစ်စုံ တစ်ရာကိုဖုံးကွယ်ရန်အတွက်မိမိတို့၏ လွတ်လပ်မှုကိုအသုံးမပြုကြနှင့်။ သို့ရာ တွင်သင်တို့သည်ဘုရားသခင်၏ကျွန်များ အဖြစ်ဖြင့်ပြုမူနေထိုင်ကြလော့။- ခပ်သိမ်းသောသူတို့ကိုလေးစားကြလော့။ ယုံကြည် သူတို့ကိုချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ ကြလော့။ ဘုရင်ဧကရာဇ်မင်းအားရိုသေကြလော့။
၁ ရှင်ပေတရု 2:11-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။ လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။ လူတို့စီရင်ခန့်ထားသောအုပ်ချုပ်မှုစနစ်အားလုံးကို သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ နာခံကြလော့။ အထွတ်အမြတ်ဖြစ်သောရှင်ဘုရင်ကိုဖြစ်စေ၊ ဒုစရိုက်ပြုသူများကို ပြစ်ဒဏ်ပေး၍ လူကောင်းတို့ကို ဂုဏ်ပြုချီးမွမ်းရန် ရှင်ဘုရင်စေလွှတ်သောဘုရင်ခံများကိုဖြစ်စေ နာခံကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုခြင်းအားဖြင့် မိုက်မဲသောသူတို့၏အသိဉာဏ်ကင်းမဲ့မှုကို တိတ်ဆိတ်စေခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်၏။ လွတ်လပ်သောသူများအဖြစ် အသက်ရှင်နေထိုင်ကြလော့။ သို့သော် ထိုလွတ်လပ်ခြင်းကို မကောင်းမှုပြုရန် ဆင်ခြေဆင်လက်အဖြစ် အသုံးမပြုဘဲ ဘုရားသခင်၏အစေအပါးအဖြစ် အသုံးပြုကြလော့။ လူအပေါင်းတို့ကို ရိုသေကြလော့။ ညီအစ်ကိုအချင်းချင်းချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။