YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 17:1-24

၃ ဓမ္မရာဇဝင် 17:1-24 Judson Bible (JBMLE)

ဂိ​လဒ်​ပြည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​က၊ ငါ​ကိုး​ကွယ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​အ​ခွင့်​မ​ရှိ​ဘဲ အင်​တန်​ကာ​လ​ပတ်​လုံး မိုး​မ​ရွာ၊ နှင်း​မ​ကျ​ရ​ဟု အာ​ဟပ်​မင်း​အား​မြွက်​ဆို၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဧ​လိ​ယ​သို့ ရောက်​လာ​သည်​ကား၊ သင်​သည် ဤ​အ​ရပ်​မှ ထွက်​သွား​လော့။ အ​ရှေ့​သို့​ပြောင်း၍ ယော်​ဒန်​မြစ်​တစ်​ဖက်၊ ခေ​ရိတ်​ချောင်း​နား​မှာ ပုန်း​ရှောင်၍​နေ​လော့။ ထို​ချောင်း​ရေ​ကို သောက်​ရ​မည်။ ကျီး​အ​တို့​သည် သင့်​ကို​ကျွေး​မွေး​မည်​အ​ကြောင်း ငါ​မှာ​ထား​ပြီ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဧ​လိ​ယ​သည်​သွား၍ ယော်​ဒန်​မြစ်​တစ်​ဖက်၊ ခေ​ရိတ်​ချောင်း​နား​မှာ​နေ​လေ၏။ ကျီး​အ​တို့​သည် နေ့​တိုင်း နံ​နက်​တစ်​ခါ၊ ညဉ့်​ဦး​တစ်​ခါ မုန့်​နှင့် အ​မဲ​သား​ကို ဆောင်​ခဲ့​ကြ၏။ ချောင်း​ရေ​ကို​လည်း​သောက်​ရ၏။ နောက်​တစ်​ဖန် မိုး​မ​ရွာ​သော​ကြောင့် ချောင်း​ရေ​ခန်း​ခြောက်​လေ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ရောက်​လာ​သည်​ကား၊ သင်​ထ​လော့။ ဇိ​ဒုန်​ပြည်၊ ဇ​ရ​တ္တ​မြို့​သို့​သွား၍ နေ​လော့။ ထို​မြို့၌​နေ​သော မု​ဆိုး​မ​တစ်​ယောက်​သည် သင့်​ကို ကျွေး​မွေး​မည်​အ​ကြောင်း ငါ​မှာ​ထား​ပြီ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဧ​လိ​ယ​သည်​ထ၍ ဇ​ရ​တ္တ​မြို့​သို့​သွား၏။ မြို့​တံ​ခါး​သို့​ရောက်​သော​အ​ခါ၊ မု​ဆိုး​မ​သည် ထင်း​ခွေ​လျက်​ရှိ၏။ ဧ​လိ​ယ​က၊ ငါ​သောက်​စ​ရာ ရေ​အ​နည်း​ငယ်​ကို ခွက်​နှင့် ယူ​ခဲ့​ပါ​လော့​ဟု ဟစ်၍​ဆို၏။ မိန်း​မ​သည်​ရေ​ကို​ယူ​ခြင်း​ငှာ သွား​စဉ်​တွင်၊ တစ်​ဖန်​ဟစ်၍ မုန့်​တစ်​ဖဲ့​ကို​လည်း သင့်​လက်၌ ယူ​ခဲ့​ပါ​လော့​ဟု ဆို​ပြန်​လျှင်၊ မိန်း​မ​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ မုန့်​ပြား​တစ်​ပြား​မျှ​မ​ရှိ။ အိုး​ထဲ​မှာ မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဘူး၌ ဆီ​အ​နည်း​ငယ်​သာ​ရှိ၏။ ကျွန်​မ​နှင့်​သား​ငယ်​အ​ဖို့​ဖုတ်၍ စား​လို​သော​ငှာ​လည်း​ကောင်း၊ စား​ပြီး​မှ သေ​လို​သော​ငှာ​လည်း​ကောင်း၊ ထင်း​စ​နှစ်​ခု​ကို ယ​ခု​ခွေ​ပါ၏​ဟု ပြန်​ပြော၏။ ဧ​လိ​ယ​က​လည်း မ​စိုး​ရိမ်​နှင့်။ သင်​ဆို​သည်​အ​တိုင်း သွား၍​ပြု​လော့။ သို့​ရာ​တွင် ငါ့​အ​ဖို့ မုန့်​ပြား​ငယ်​တစ်​ပြား​ကို အ​ရင်​လုပ်၍ ယူ​ခဲ့​လော့။ နောက်​မှ သင်​နှင့် သင်၏​သား​ငယ်​အ​ဖို့ လုပ်​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ပေါ်​မှာ မိုး​ရွာ​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ အိုး၌​ရှိ​သော​မုန့်​ညက် မ​ကုန်။ ဘူး၌​ရှိ​သော​ဆီ မ​လျော့​ရ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ ထို​မု​ဆိုး​မ​သည်​သွား၍ ဧ​လိ​ယ​စ​ကား​အ​တိုင်း ပြု​သ​ဖြင့်၊ ဧ​လိ​ယ​နှင့်​တ​ကွ ကိုယ်​တိုင်​မှ​စ၍၊ အိမ်​သား​တို့​သည် အင်​တန်​ကာ​လ​ပတ်​လုံး​စား​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​အ​တိုင်း၊ အိုး၌​ရှိ​သော မုန့်​ညက်​မ​ကုန်၊ ဘူး၌​ရှိ​သော​ဆီ မ​လျော့။ ထို​နောက်​မှ အိမ်​ရှင်​မ၏​သား​သည် ပြင်း​ပြ​စွာ​သော အ​နာ​ရော​ဂါ​စွဲ​သော​ကြောင့် အ​သက်​ချုပ်၏။ မိန်း​မ​က​လည်း၊ အို ဘု​ရား​သ​ခင်၏​လူ၊ ကိုယ်​တော်​သည် ကျွန်​မ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ကျွန်​မ​အ​ပြစ်​တို့​ကို အောက်​မေ့​စေ၍၊ ကျွန်​မ​သား​ကို သတ်​အံ့​သော​ငှာ ကျွန်​မ​ဆီ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ဧ​လိ​ယ​အား​ဆို​သော်၊ သင်၏​သား​ကို ငါ့​အား​ပေး​လော့​ဟု​ဆို​လျက်၊ မိန်း​မ​ရင်​ခွင်​ထဲ​က​ယူ၍ မိ​မိ​နေ​ရာ​အ​ထက်​အ​ခန်း​သို့ ဆောင်​သွား​သ​ဖြင့်၊ မိ​မိ​အိပ်​ရာ​ပေါ်​မှာ​ထား​ပြီး​လျှင်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တည်း​ခို​သော ဤ​မု​ဆိုး​မ၌ ဘေး​ဥ​ပဒ်​ပြု၍၊ သူ၏​သား​ကို သေ​စေ​တော်​မူ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ကြွေး​ကြော်​လေ၏။ တစ်​ဖန် သူ​ငယ်​အ​ပေါ်​မှာ မိ​မိ​ကိုယ်​ကို​သုံး​ကြိမ်​မှောက်​လျက်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​ငယ်၏​ဝိ​ညာဉ်​ကို တစ်​ဖန် ဝင်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ကြွေး​ကြော်​ပြန်၏။ ဧ​လိ​ယ​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ၍၊ သူ​ငယ်၏​ဝိ​ညာဉ်​သည်​ဝင်​သ​ဖြင့်၊ သူ​သည် အ​သက်​ရှင်​ပြန်၏။ ဧ​လိ​ယ​သည် သူ​ငယ်​ကို အ​ထက်​အ​ခန်း​မှ အောက်​သို့​ယူ​သွား၍ ကြည့်​လော့။ သင်၏​သား​အ​သက်​ရှင်​ပြီ​ဟု​ဆို​လျက် အ​မိ၌​အပ်​လေ၏။ မိန်း​မ​က​လည်း၊ ဤ​အ​မှု​ကို​ထောက်၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော် ဟုတ်​မှန်​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်​မ​သိ​ပါ​သည်​ဟု ဧ​လိ​ယ​အား​ဆို၏။

၃ ဓမ္မရာဇဝင် 17:1-24 Common Language Bible (BCL)

ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​လိ​ယ​အား၊- ``ဤ​မြို့​မှ​ထွက်​ခွာ​ကာ​အ​ရှေ့​အ​ရပ်​သို့​သွား ပြီး​လျှင် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ခေ​ရိတ် ချောင်း​အ​နီး​တွင်​ပုန်း​အောင်း​လော့။- သင်​သည်​ထို​ချောင်း​မှ​သောက်​ရေ​ကို​ရ​လိမ့်​မည်။ သင်​ရှိ​ရာ​သို့​အ​စား​အ​စာ​ယူ​ဆောင်​လာ​ရန် ကျီး​အ​တို့​ကို​လည်း​ငါ​မှာ​ထား​ပြီး​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ ဧ​လိ​ယ​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​လျက်​ခေ​ရိတ်​ချောင်း​သို့​သွား​ရောက် နေ​ထိုင်​လေ​သည်။- သူ​သည်​ချောင်း​ရေ​ကို​သောက်​၏။ ကျီး​အ​တို့ သည်​သူ​စား​ရန်​မုန့်​နှင့်​အ​မဲ​သား​ကို နေ့​စဉ် နေ့​တိုင်း​နံ​နက်​၌​တစ်​ကြိမ်​ည​နေ​၌​တစ်​ကြိမ် ယူ​ဆောင်​လာ​၏။- ကာ​လ​အ​တန်​ကြာ​သော​အ​ခါ​မိုး​ခေါင်​သ​ဖြင့် ချောင်း​ရေ​သည်​ခန်း​ခြောက်​လေ​၏။ ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​က​ဧ​လိ​ယ​အား၊- ``ယ​ခု​သင်​သည်​ဇိ​ဒုန်​မြို့​အ​နီး​ရှိ​ဇ​ရတ္တ​မြို့ သို့​သွား​၍​နေ​ထိုင်​လော့။ ထို​မြို့​သူ​မု​ဆိုး​မ တစ်​ယောက်​အား သင့်​ကို​ကျွေး​မွေး​ရန်​ငါ​မှာ ကြား​ထား​ပြီ'' ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​ဧ​လိ​ယ​သည်​ဇ​ရတ္တ​မြို့​သို့​သွား လေ​သည်။ သူ​သည်​မြို့​တံ​ခါး​ဝ​သို့​ရောက်​သော အ​ခါ ထင်း​ခွေ​နေ​သော​မု​ဆိုး​မ​တစ်​ယောက်​ကို တွေ့​သ​ဖြင့်``ငါ့​အား​သောက်​ရေ​တစ်​ပေါက် လောက်​ပေး​ပါ'' ဟု​ပြော​၏။- မု​ဆိုး​မ​သည်​ရေ​ခပ်​ရန်​ထွက်​သွား​သော​အ​ခါ ဧ​လိ​ယ​က``ငါ့​အ​တွက်​မုန့်​အ​နည်း​ငယ်​ကို လည်း​ယူ​လာ​ခဲ့​ပါ'' ဟု​ဟစ်​အော်​၍​ပြော​၏။ မု​ဆိုး​မ​က``ကျွန်​မ​မှာ​မုန့်​တစ်​ချပ်​မျှ​မ​ရှိ ကြောင်း အ​သက်​ရှင်​တော်​မူ​သော​သင်​၏​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ကျိန်​ဆို​ပါ​၏။ မုန့်​ခွက် ထဲ​တွင်​မုန့်​ညက်​လက်​တစ်​ဆုပ်​စာ​နှင့်​ဆီ​ဘူး တွင် သံ​လွင်​ဆီ​အ​နည်း​ငယ်​မျှ​သာ​ကျွန်​မ​မှာ ရှိ​ပါ​၏။ ဤ​ရှိ​စု​မဲ့​စု​က​လေး​ဖြင့်​ကျွန်​မ နှင့်​သား​ငယ်​အ​တွက်​မုန့်​လုပ်​၍​မီး​ဖုတ်​စား နိုင်​ရန် ဤ​နေ​ရာ​သို့​လာ​၍​ထင်း​အ​နည်း​ငယ် ခွေ​နေ​ခြင်း​ဖြစ်​ပါ​သည်။ ထို​မုန့်​သည်​ကျွန်​မ တို့​နောက်​ဆုံး​စား​ကြ​ရ​မည့်​အ​စား​အ​စာ​ပင် ဖြစ်​ပါ​သည်။ ထို့​နောက်​ကျွန်​မ​တို့​သည်​အ​စာ ငတ်​၍​သေ​ကြ​ရန်​ပင်​ဖြစ်​ပါ​သည်'' ဟု​ပြန် ပြော​လေ​၏။ ဧ​လိ​ယ​က​လည်း``မ​စိုး​ရိမ်​နှင့်။ သင်​တို့​စား​ရန် အ​စား​အ​စာ​ကို​သာ​သွား​၍​ပြင်​ဆင်​ပါ​လော့။ သို့​ရာ​တွင်​ဦး​စွာ​ပ​ထ​မ​ငါ​၏​အ​တွက်​မုန့် ပြား​တစ်​ချပ်​ကို​လုပ်​၍​ယူ​ခဲ့​လော့။ နောက်​မှ ကျန်​ရှိ​သော​မုန့်​ညက်​ဖြင့်​သင်​တို့​သား​အ​မိ အ​တွက်​မုန့်​ကို​လုပ်​ပါ​လော့။- အ​ဘယ်​ကြောင့်​ဆို​သော်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​မ​ရွာ​စေ​မီ​ကာ​လ အ​တွင်း မုန့်​ခွက်​တွင်​မုန့်​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်။ ဆီ​ဘူး​တွင်​လည်း​ဆီ​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​သော​ကြောင့်​ဖြစ်​သည်'' ဟု မု​ဆိုး​မ​အား​ပြော​လေ​၏။ မု​ဆိုး​မ​သည်​ဧ​လိ​ယ​ပြော​သည့်​အ​တိုင်း​ပြု သ​ဖြင့် သူ​တို့​အား​လုံး​ပင်​ရက်​ပေါင်း​များ​စွာ စား​ရန်​အ​တွက် အ​စား​အ​စာ​ကို​အ​လုံ အ​လောက်​ရ​ရှိ​ကြ​လေ​သည်။- ဧ​လိ​ယ​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​က​တိ ပေး​တော်​မူ​ခဲ့​သည့်​အ​တိုင်း မုန့်​ခွက်​တွင်​မုန့် ညက်​မ​ပြတ်။ ဆီ​ဘူး​တွင်​လည်း​ဆီ​မ​ပြတ်။ ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ မု​ဆိုး​မ ၏​သား​သည်​ဖျား​နာ​၍ သူ​၏​ရော​ဂါ​အ​ခြေ အ​နေ​မှာ​ဆိုး​သည်​ထက်​ဆိုး​၍​လာ​ပြီး​လျှင် နောက်​ဆုံး​၌​သူ​ငယ်​သည်​သေ​ဆုံး​သွား​တော့ ၏။- မု​ဆိုး​မ​သည်​ဧလိယ​အား``အို ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ၊ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျွန်​မ အား​ဤ​သို့​ဒုက္ခ​ရောက်​စေ​ပါ​သ​နည်း။ အ​ရှင် သည်​ကျွန်​မ​၏​သား​သေ​ရ​အောင်​ဘု​ရား​သ​ခင်​အား ကျွန်​မ​၏​အ​ပြစ်​များ​ကို​ပြန် လည်​သ​တိ​ပေး​ရန်​အ​တွက် ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဆို​၏။ ဧ​လိ​ယ​က``သင်​၏​သား​ကို​ငါ့​အား​ပေး​လော့'' ဟု​ဆို​ကာ​မု​ဆိုး​မ​၏​လက်​မှ​သူ​ငယ်​ကို​ယူ​၍ မိ​မိ​တည်း​ခို​ရာ​အ​ထက်​ခန်း​သို့​ပွေ့​ချီ​သွား ပြီး​လျှင် အိပ်​ရာ​ပေါ်​တွင်​ချ​ထား​လိုက်​၏။- ထို့​နောက်​သူ​သည်``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဤ​မု​ဆိုး​မ​အား​အ​ဘယ် ကြောင့်​ကိုယ်​တော်​သည် ဤ​သို့​ထိတ်​လန့်​ဖွယ် ကောင်း​သော​အ​မှု​ကို​ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​မျိုး​သ​မီး​သည်​ကျွန်ုပ်​အား​ကောင်း​စွာ ကျွေး​မွေး​ပြု​စု​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​ကိုယ် တော်​သည်​သူ​၏​သား​ငယ်​ကို​သေ​စေ​တော် မူ​ပါ​ပြီ'' ဟု​ကျယ်​လောင်​စွာ​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။- ထို့​နောက်​ဧ​လိ​ယ​သည်​သူ​ငယ်​၏​အ​ပေါ်​တွင် သုံး​ကြိမ်​တိုင်​တိုင်​ဝမ်း​လျား​မှောက်​ပြီး​လျှင်``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ​က​လေး​ကို​အ​သက်​ပြန်​၍​ရှင်​စေ​တော် မူ​ပါ'' ဟု​ဆု​တောင်း​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​လိ​ယ​၏​ပန်​ကြား ချက်​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် က​လေး သည်​ထွက်​သက်​ဝင်​သက်​ကို​ပြန်​လည်​ရ​ရှိ ကာ​အ​သက်​ပြန်​၍​ရှင်​လာ​လေ​သည်။ ဧ​လိ​ယ​သည်​သူ​ငယ်​ကို​အိမ်​အောက်​ထပ်​သို့ ချီ​ဆောင်​သွား​ပြီး​လျှင် မိ​ခင်​ဖြစ်​သူ​အား``ကြည့် လော့။ သင်​၏​သား​သည်​အ​သက်​ရှင်​လျက်​ရှိ ပါ​၏'' ဟု​ဆို​၏။ ထို​အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝရ​ဘု​ရား​သည်​အ​ရှင်​အား​ဖြင့်​ဗျာ​ဒိတ် ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ယ​ခု ကျွန်​မ​သိ​ပါ​ပြီ'' ဟု​ပြန်​ပြော​လေ​၏။

၃ ဓမ္မရာဇဝင် 17:1-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဂိလဒ်​ပြည်​ရှိ တိရှဘိ​မြို့သား​ဧလိယ​က အာဟပ်​မင်းကြီး​အား “​ငါ​ကိုးကွယ်​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​နှစ်​များ​အတွင်း ငါ​အမိန့်​မ​ပေး​ဘဲ မိုး​မ​ရွာ​၊ နှင်း​မ​ကျ​စေ​ရ​”​ဟု ဆို​၏​။ ထို့နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဧလိယ​ထံသို့​ရောက်လာ​၍ “ဤ​အရပ်​မှ​ထွက်​၍ အရှေ့ဘက်​သို့ သွား​လော့​။ ဂျော်ဒန်​မြစ်​အရှေ့ဘက် ခေရိတ်​ချောင်း​နား​တွင် ပုန်းရှောင်​၍ ထို​ချောင်းရေ​ကို သောက်​ရ​မည်​။ ထို​နေရာ​တွင် သင့်​ကို​ကျွေးမွေး​ရန် ကျီးအ​တို့​ကို ငါ​မှာထား​ပြီ​”​ဟု မိန့်ဆို​၏​။ ဧလိယ​လည်း ထွက်သွား​၍ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဂျော်ဒန်​မြစ်​အရှေ့ဘက်​ရှိ ခေရိတ်​ချောင်း​နား​တွင် သွားရောက်​နေထိုင်​လေ​၏​။ ကျီးအ​တို့​သည် သူ့​အတွက် အသား​နှင့်​မုန့်​တို့​ကို နံနက်​တစ်​ကြိမ်​၊ ညနေ​တစ်​ကြိမ် ယူဆောင်​လာ​ပေး​၏​။ ထို​ချောင်း​မှ​ရေ​ကို သူ​သောက်​၏​။ သို့သော် မြေ​ပေါ်တွင် မိုး​မ​ရွာ​သဖြင့် ကာလ​အတန်ကြာ​သောအခါ ချောင်းရေ​ခန်းခြောက်​သွား​လေ​၏​။ ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့​ရောက်လာ​၍ “​ထ​လော့​။ ဆီဒုန်​ပြည်​၊ ဇရတ္တ​မြို့​သို့​သွား​ပြီး ထို​မြို့​တွင်​နေ​လော့​။ ကြည့်ရှု​လော့​။ ထို​မြို့​တွင် သင့်​ကို​ကျွေးမွေး​ရန် မုဆိုးမ​ကို ငါ​မှာထား​ပြီ​”​ဟု မိန့်ဆို​၏​။ ဧလိယ​လည်း ဇရတ္တ​မြို့​သို့ ထ​သွား​လေ​၏​။ မြို့​တံခါး​နား​သို့​ရောက်​သောအခါ ထင်း​ကောက်​နေ​သော​မုဆိုးမ​တစ်​ယောက်​ကို တွေ့​၏​။ သူ​သည် ထို​မုဆိုးမ​ကို​ခေါ်​၍ “​ငါ့​ကို ရေ​တစ်​ခွက်​လောက်​တိုက်​ပါ​”​ဟု ဆို​၏​။ ထို​မုဆိုးမ ရေ​သွား​ယူ​စဉ် ဧလိယ​က သူ့​အား “​မုန့်​လည်း အနည်းငယ် ယူလာ​ပေး​ပါ​”​ဟု လှမ်း​ပြော​၏​။ ထိုအခါ ထို​မုဆိုးမ​က “​သင်​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​၌ မုန့်​မ​ရှိ​ပါ​။ အိုး​ထဲ၌ လက်တစ်ဆုပ်စာ​မုန့်ညက်​နှင့် ဘူး​ထဲ၌​ဆီ​အနည်းငယ်​သာ ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ထင်း​နှစ်​ချောင်း​ကို ကောက်​ပြီးလျှင် အကျွန်ုပ်​နှင့်​အကျွန်ုပ်​သား​အဖို့ မုန့်​ပြန်ဖုတ်​ပါ​မည်​။ ထို​မုန့်​ကို​စား​ပြီးလျှင် အကျွန်ုပ်​တို့ သေ​ဖို့​သာ​ကျန်​ပါ​တော့​သည်​”​ဟု ပြန်ပြော​၏​။ ဧလိယ​က​လည်း သူ့​အား “​မ​စိုးရိမ်​နှင့်​။ သင်​ပြော​သည့်​အတိုင်း သွား​၍​ပြု​ပါ​။ ပြီးလျှင် မုန့်​သေးသေးလေး​တစ်​ချပ်​ကို​ဖုတ်​ပြီး ငါ့​ကို ဦးစွာ​လာ​ပေး​ပါ​။ နောက်မှ သင်​နှင့်​သင့်​သား​အတွက် ဖုတ်​ပါ​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​ထာဝရဘုရား​သည် မြေ​ပေါ်၌ မိုးရွာ​စေ​မည့်​အချိန်​မ​ရောက်​မ​ချင်း အိုး​ထဲမှ​မုန့်ညက် မ​ကုန်​၊ ဘူး​ထဲမှ​ဆီ မ​လျော့​ရ​’​ဟူ၍ မိန့်​တော်မူ​နှင့်​ပြီ​”​ဟု ဆို​၏​။ ထို​မုဆိုးမ​လည်း ဧလိယ​ဆို​သည့်​အတိုင်း သွား​၍​ပြု​လေ​၏​။ ဧလိယ​အပါအဝင် ထို​အမျိုးသမီး​နှင့် သူ​၏​အိမ်သား​တို့​သည် ရက်​ပေါင်း​များစွာ စား​ရ​ကြ​၏​။ ဧလိယ​အား ထာဝရဘုရား​မိန့်ဆို​ထား​သည့်​စကား​အတိုင်း အိုး​ထဲမှ​မုန့်ညက် မ​ကုန်​၊ ဘူး​ထဲမှ​ဆီ မ​လျော့​ဘဲ ရှိ​လေ​၏​။ ထို့နောက်တွင် အိမ်ရှင်​မုဆိုးမ​၏​သား​သည် နာမကျန်း​ဖြစ်​၍ ဝေဒနာ​ပြင်းထန်​သဖြင့် သေဆုံး​လေ​၏​။ ထိုအခါ သူ​က ဧလိယ​အား “​အို ဘုရားသခင်​၏​လူ​၊ သင်​နှင့်​အကျွန်ုပ် အဘယ်သို့​ဆိုင်​သနည်း​။ အကျွန်ုပ်​၏​အပြစ်​များ​ကို ပြန်သတိရ​စေရန်​နှင့် အကျွန်ုပ်​သား​ကို​သေ​စေရန် အကျွန်ုပ်​ထံ ရောက်လာ​ခဲ့​သလော​”​ဟု ဆို​လေ​၏​။ ထိုအခါ ဧလိယ​က “​သင့်​သား​ကို​ပေး​ပါ​”​ဟု ဆို​ပြီး ထို​မုဆိုးမ​ရင်ခွင်​မှ​သား​ကို​ယူ​၍ မိမိ​နေရာ​အထက်ခန်း​သို့ သယ်သွား​ကာ မိမိ​၏​အိပ်ရာ​ပေါ်တွင် ချထား​၏​။ ထို့နောက် “​အို အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​တည်းခို​ရာ​အိမ်​မှ မုဆိုးမ​ကို​ပါ ဒုက္ခရောက်​စေ​တော်မူ​ပြီ​လော​။ ယခု သူ​၏​သား​သေ​ပါ​ပြီ​”​ဟု ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​လေ​၏​။ ထို့နောက် သူ​သည် သူငယ်​အပေါ် ကိုယ်ကို​သုံး​ကြိမ်​မှောက်​ပြီး ထာဝရဘုရား​ထံ “​အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ ဤ​သူငယ်​ကို ပြန်​၍​အသက်ရှင်​စေ​တော်မူ​ပါ​”​ဟူ၍ အော်ဟစ်​တောင်းလျှောက်​၏​။ ဧလိယ​၏​တောင်းလျှောက်သံ​အား ထာဝရဘုရား​နားညောင်း​တော်မူ​ပြီး သူငယ်​ကို အသက်​ပြန်သွင်း​ပေး​၍ သူငယ် အသက်​ပြန်ရှင်​လာ​လေ​၏​။ ဧလိယ​သည် သူငယ်​ကို​ပွေ့​ပြီး မိမိ​နေရာ​အထက်ခန်း​မှ အောက်​သို့​ချီလာ​၍ သူငယ်​ကို မိခင်​လက်​သို့​အပ်လိုက်​ပြီး ဧလိယ​က “ကြည့်​ပါ​။ သင့်​သား အသက်​ပြန်ရှင်​ပြီ”​ဟု ဆို​၏​။ ထိုအခါ ထို​အမျိုးသမီး​က ဧလိယ​အား “​သင်​သည် ဘုရားသခင်​၏​လူ​ဖြစ်ကြောင်း​၊ သင်​ဆင့်ဆို​သော​ထာဝရဘုရား​၏​စကား​တော်​သည် မှန်ကန်​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​ပြီ​”​ဟု ဆို​၏​။