YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 17

17
ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်မည်ကို ဧလိယဆင့်ဆိုခြင်း
1ဂိလဒ်​ပြည်​ရှိ တိရှဘိ​မြို့သား​ဧလိယ​က အာဟပ်​မင်းကြီး​အား “​ငါ​ကိုးကွယ်​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​နှစ်​များ​အတွင်း ငါ​အမိန့်​မ​ပေး​ဘဲ မိုး​မ​ရွာ​၊ နှင်း​မ​ကျ​စေ​ရ​”​ဟု ဆို​၏​။
2ထို့နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဧလိယ​ထံသို့​ရောက်လာ​၍ 3“ဤ​အရပ်​မှ​ထွက်​၍ အရှေ့ဘက်​သို့ သွား​လော့​။ ဂျော်ဒန်​မြစ်​အရှေ့ဘက် ခေရိတ်​ချောင်း​နား​တွင် ပုန်းရှောင်​၍ 4ထို​ချောင်းရေ​ကို သောက်​ရ​မည်​။ ထို​နေရာ​တွင် သင့်​ကို​ကျွေးမွေး​ရန် ကျီးအ​တို့​ကို ငါ​မှာထား​ပြီ​”​ဟု မိန့်ဆို​၏​။
5ဧလိယ​လည်း ထွက်သွား​၍ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဂျော်ဒန်​မြစ်​အရှေ့ဘက်​ရှိ ခေရိတ်​ချောင်း​နား​တွင် သွားရောက်​နေထိုင်​လေ​၏​။ 6ကျီးအ​တို့​သည် သူ့​အတွက် အသား​နှင့်​မုန့်​တို့​ကို နံနက်​တစ်​ကြိမ်​၊ ညနေ​တစ်​ကြိမ် ယူဆောင်​လာ​ပေး​၏​။ ထို​ချောင်း​မှ​ရေ​ကို သူ​သောက်​၏​။ 7သို့သော် မြေ​ပေါ်တွင် မိုး​မ​ရွာ​သဖြင့် ကာလ​အတန်ကြာ​သောအခါ ချောင်းရေ​ခန်းခြောက်​သွား​လေ​၏​။
ဧလိယနှင့်မုဆိုးမ
8ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့​ရောက်လာ​၍ 9“​ထ​လော့​။ ဆီဒုန်​ပြည်​၊ ဇရတ္တ​မြို့​သို့​သွား​ပြီး ထို​မြို့​တွင်​နေ​လော့​။ ကြည့်ရှု​လော့​။ ထို​မြို့​တွင် သင့်​ကို​ကျွေးမွေး​ရန် မုဆိုးမ​ကို ငါ​မှာထား​ပြီ​”​ဟု မိန့်ဆို​၏​။ 10ဧလိယ​လည်း ဇရတ္တ​မြို့​သို့ ထ​သွား​လေ​၏​။ မြို့​တံခါး​နား​သို့​ရောက်​သောအခါ ထင်း​ကောက်​နေ​သော​မုဆိုးမ​တစ်​ယောက်​ကို တွေ့​၏​။ သူ​သည် ထို​မုဆိုးမ​ကို​ခေါ်​၍ “​ငါ့​ကို ရေ​တစ်​ခွက်​လောက်​တိုက်​ပါ​”​ဟု ဆို​၏​။ 11ထို​မုဆိုးမ ရေ​သွား​ယူ​စဉ် ဧလိယ​က သူ့​အား “​မုန့်​လည်း အနည်းငယ် ယူလာ​ပေး​ပါ​”​ဟု လှမ်း​ပြော​၏​။
12ထိုအခါ ထို​မုဆိုးမ​က “​သင်​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​၌ မုန့်​မ​ရှိ​ပါ​။ အိုး​ထဲ၌ လက်တစ်ဆုပ်စာ​မုန့်ညက်​နှင့် ဘူး​ထဲ၌​ဆီ​အနည်းငယ်​သာ ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ထင်း​နှစ်​ချောင်း​ကို ကောက်​ပြီးလျှင် အကျွန်ုပ်​နှင့်​အကျွန်ုပ်​သား​အဖို့ မုန့်​ပြန်ဖုတ်​ပါ​မည်​။ ထို​မုန့်​ကို​စား​ပြီးလျှင် အကျွန်ုပ်​တို့ သေ​ဖို့​သာ​ကျန်​ပါ​တော့​သည်​”​ဟု ပြန်ပြော​၏​။
13ဧလိယ​က​လည်း သူ့​အား “​မ​စိုးရိမ်​နှင့်​။ သင်​ပြော​သည့်​အတိုင်း သွား​၍​ပြု​ပါ​။ ပြီးလျှင် မုန့်​သေးသေးလေး​တစ်​ချပ်​ကို​ဖုတ်​ပြီး ငါ့​ကို ဦးစွာ​လာ​ပေး​ပါ​။ နောက်မှ သင်​နှင့်​သင့်​သား​အတွက် ဖုတ်​ပါ​။ 14အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​ထာဝရဘုရား​သည် မြေ​ပေါ်၌ မိုးရွာ​စေ​မည့်​အချိန်​မ​ရောက်​မ​ချင်း အိုး​ထဲမှ​မုန့်ညက် မ​ကုန်​၊ ဘူး​ထဲမှ​ဆီ မ​လျော့​ရ​’​ဟူ၍ မိန့်​တော်မူ​နှင့်​ပြီ​”​ဟု ဆို​၏​။
15ထို​မုဆိုးမ​လည်း ဧလိယ​ဆို​သည့်​အတိုင်း သွား​၍​ပြု​လေ​၏​။ ဧလိယ​အပါအဝင် ထို​အမျိုးသမီး​နှင့် သူ​၏​အိမ်သား​တို့​သည် ရက်​ပေါင်း​များစွာ စား​ရ​ကြ​၏​။ 16ဧလိယ​အား ထာဝရဘုရား​မိန့်ဆို​ထား​သည့်​စကား​အတိုင်း အိုး​ထဲမှ​မုန့်ညက် မ​ကုန်​၊ ဘူး​ထဲမှ​ဆီ မ​လျော့​ဘဲ ရှိ​လေ​၏​။
မုဆိုးမ၏သား အသက်ပြန်ရှင်လာခြင်း
17ထို့နောက်တွင် အိမ်ရှင်​မုဆိုးမ​၏​သား​သည် နာမကျန်း​ဖြစ်​၍ ဝေဒနာ​ပြင်းထန်​သဖြင့် သေဆုံး​လေ​၏​။ 18ထိုအခါ သူ​က ဧလိယ​အား “​အို ဘုရားသခင်​၏​လူ​၊ သင်​နှင့်​အကျွန်ုပ် အဘယ်သို့​ဆိုင်​သနည်း​။ အကျွန်ုပ်​၏​အပြစ်​များ​ကို ပြန်သတိရ​စေရန်​နှင့် အကျွန်ုပ်​သား​ကို​သေ​စေရန် အကျွန်ုပ်​ထံ ရောက်လာ​ခဲ့​သလော​”​ဟု ဆို​လေ​၏​။ 19ထိုအခါ ဧလိယ​က “​သင့်​သား​ကို​ပေး​ပါ​”​ဟု ဆို​ပြီး ထို​မုဆိုးမ​ရင်ခွင်​မှ​သား​ကို​ယူ​၍ မိမိ​နေရာ​အထက်ခန်း​သို့ သယ်သွား​ကာ မိမိ​၏​အိပ်ရာ​ပေါ်တွင် ချထား​၏​။ 20ထို့နောက် “​အို အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​တည်းခို​ရာ​အိမ်​မှ မုဆိုးမ​ကို​ပါ ဒုက္ခရောက်​စေ​တော်မူ​ပြီ​လော​။ ယခု သူ​၏​သား​သေ​ပါ​ပြီ​”​ဟု ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​လေ​၏​။ 21ထို့နောက် သူ​သည် သူငယ်​အပေါ် ကိုယ်ကို​သုံး​ကြိမ်​မှောက်​ပြီး ထာဝရဘုရား​ထံ “​အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ ဤ​သူငယ်​ကို ပြန်​၍​အသက်ရှင်​စေ​တော်မူ​ပါ​”​ဟူ၍ အော်ဟစ်​တောင်းလျှောက်​၏​။
22ဧလိယ​၏​တောင်းလျှောက်သံ​အား ထာဝရဘုရား​နားညောင်း​တော်မူ​ပြီး သူငယ်​ကို အသက်​ပြန်သွင်း​ပေး​၍ သူငယ် အသက်​ပြန်ရှင်​လာ​လေ​၏​။ 23ဧလိယ​သည် သူငယ်​ကို​ပွေ့​ပြီး မိမိ​နေရာ​အထက်ခန်း​မှ အောက်​သို့​ချီလာ​၍ သူငယ်​ကို မိခင်​လက်​သို့​အပ်လိုက်​ပြီး ဧလိယ​က “ကြည့်​ပါ​။ သင့်​သား အသက်​ပြန်ရှင်​ပြီ”​ဟု ဆို​၏​။
24ထိုအခါ ထို​အမျိုးသမီး​က ဧလိယ​အား “​သင်​သည် ဘုရားသခင်​၏​လူ​ဖြစ်ကြောင်း​၊ သင်​ဆင့်ဆို​သော​ထာဝရဘုရား​၏​စကား​တော်​သည် မှန်ကန်​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​ပြီ​”​ဟု ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်တတိယစောင် 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ