YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 18

18
အာဟပ်မင်းကြီးအတွက် ဧလိယ၏သတင်းစကား
1ထို့နောက် ရက်​ပေါင်း​များစွာ​ကုန်လွန်​လာ​၏​။ သုံး​နှစ်​ကြာ​လျှင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဧလိယ​ထံသို့​ရောက်လာ​၍ “​အာဟပ်​မင်းကြီး​ကို ကိုယ်တိုင်​သွား​တွေ့​လော့​။ ငါ​သည် မြေပြင်​ပေါ်သို့ မိုး​ကို​ရွာ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။ 2ထို့ကြောင့် ဧလိယ​သည် အာဟပ်​မင်းကြီး​ထံ ကိုယ်တိုင်​သွား​လေ​၏​။ ထိုစဉ်က ရှမာရိ​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြီး ဆိုက်ရောက်​နေ​၏​။ 3အာဟပ်​မင်းကြီး​သည် နန်းတော်အုပ်​ဩဗဒိ​ကို ဆင့်ခေါ်​၏​။ ဩဗဒိ​သည် ထာဝရဘုရား​ကို အလွန်​ကြောက်ရွံ့ရိုသေ​သော​သူ​ဖြစ်​၏​။ 4ထာဝရဘုရား​၏​ပရောဖက်​များ​ကို ယေဇဗေလ​သတ်​ခဲ့​စဉ်က ဩဗဒိ​သည် ပရောဖက်​တစ်ရာ​ကို ငါးဆယ်​စီ​ခွဲ​၍ လိုဏ်ဂူ​ထဲတွင် ဝှက်ထား​ခဲ့​ပြီး အစာ​ရေစာ​ကို​လည်း ကျွေးမွေး​ခဲ့​၏​။ 5အာဟပ်​မင်းကြီး​က ဩဗဒိ​အား “​မြင်း​နှင့်​လား​တို့​အသက်ရှင်​နိုင်​ရန် မြက်ပင်​ရလိုရငြား တိုင်းပြည်​အနှံ့​ရှိ စမ်းချောင်း​ပေါက်​ရာ​နေရာ​၊ မြစ်ချောင်း​စီး​ရာ​နေရာ​ရှိသမျှ​သို့ သွား​ကြည့်​လော့​။ သို့မဟုတ်လျှင် တိရစ္ဆာန်​အချို့​ကို ငါ​တို့​သတ်ပစ်​ရ​လိမ့်မည်​”​ဟု ဆို​၏​။ 6တစ်ပြည်လုံး​အနှံ့​သွား​ကြည့်​ရန် ကိုယ်​သွား​ရ​မည့်​နေရာ​ကို​ခွဲဝေ​ပြီး အာဟပ်​မင်းကြီး​နှင့်​ဩဗဒိ​တို့ တစ်ယောက်တစ်လမ်းစီ ထွက်သွား​ကြ​၏​။
7ဩဗဒိ​ထွက်သွား​စဉ် လမ်း​တွင် ဧလိယ​နှင့်​ဆုံ​၏​။ သူ​သည် ဧလိယ​ကို မှတ်မိ​သဖြင့် သူ့​ရှေ့​တွင်​ပျပ်ဝပ်​ကာ “​အကျွန်ုပ်​၏​အရှင် ဧလိယ​ပါ​တကား​”​ဟု ဆို​၏​။
8ဧလိယ​က​လည်း “​ငါ​ပင်​ဖြစ်​၏​။ သင့်​သခင်​ထံ​သွား​၍ ‘​ဤ​အရပ်​၌ ဧလိယ​ရှိ​၏​’​ဟူ၍ လျှောက်တင်​လော့​”​ဟု သူ့​အား ဆို​၏​။
9သို့သော် ဩဗဒိ​က “​အရှင့်​အစေအပါး​အကျွန်ုပ်​သည် မည်သည့်​အပြစ်​ကို​ပြု​မိ​၍ အကျွန်ုပ်​ကို အာဟပ်​မင်းကြီး​သတ်​ရ​အောင် သူ့​လက်​ထဲသို့ အပ်​ရ​သနည်း​။ 10အရှင်​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ အရှင့်​ကို​ရှာဖွေ​ရန် အကျွန်ုပ်​သခင်​သည် နိုင်ငံ​တိုင်း​၊ လူမျိုး​တိုင်း​ထံသို့ အကျွန်ုပ်​ကို စေလွှတ်​ခဲ့​ပါ​သည်​။ ‘ဤ​နေရာ​တွင် ဧလိယ​မ​ရှိ​ပါ​’​ဟု လျှောက်တင်​သော​နိုင်ငံ​နှင့် လူမျိုး​အား အရှင့်​ကို​မ​တွေ့​ကြောင်း ကျိန်ဆို​စေ​ခဲ့​ပါ​၏​။
11ယခုမှာ အရှင်​က သင့်​သခင်​ထံ​သွား​၍ ‘​ဧလိယ​နှင့်​တွေ့​ပါ​ပြီ​’​ဟု လျှောက်​စေ​ပါ​သည်​တကား​။ 12အကျွန်ုပ်​ထွက်သွား​သည်​နှင့် ထာဝရဘုရား​၏​ဝိညာဉ်​တော်​က အရှင့်​ကို အကျွန်ုပ်​မ​သိ​နိုင်​သော​နေရာ​သို့ ဆောင်ယူ​သွား​လျှင် အကျွန်ုပ်​သည် အာဟပ်​မင်းကြီး​ကို သွား​လျှောက်တင်​ပြီးမှ အရှင့်​ကို မ​တွေ့​သောအခါ အကျွန်ုပ်​ကို သူ​သတ်​ပါ​လိမ့်မည်​။ အရှင့်​အစေအပါး​အကျွန်ုပ်​သည် ငယ်ရွယ်​စဉ်​မှစ၍ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​သူ​ဖြစ်​ပါ​၏​။ 13ထာဝရဘုရား​၏​ပရောဖက်​များ​ကို ယေဇဗေလ​သတ်​ခဲ့​စဉ်က အကျွန်ုပ်​မည်သို့​ပြု​ပေး​ခဲ့​သည်​ကို အရှင်​မ​ကြား​မိ​ပါ​သလော​။ အကျွန်ုပ်​သည် ထာဝရဘုရား​၏​ပရောဖက်​တစ်ရာ​ကို ငါးဆယ်​စီ​ခွဲ​၍ လိုဏ်ဂူ​ထဲတွင် ဝှက်ထား​ခဲ့​ပြီး အစာ​ရေစာ​ကို​လည်း ကျွေးမွေး​ခဲ့​ပါ​၏​။ 14ယခုမှာ အရှင်​က ‘​သင့်​သခင်​ထံ​သွား​၍ ဤ​အရပ်​၌ ဧလိယ​ရှိ​၏​’​ဟု လျှောက်​စေ​သဖြင့် အကျွန်ုပ်​သွားလျှောက်​လျှင် အကျွန်ုပ်​ကို သူ​သတ်​ပါ​လိမ့်မည်​”​ဟု ဆို​၏​။
15ထိုအခါ ဧလိယ​က “​ငါ​ကိုးကွယ်​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ယနေ့ အာဟပ်​မင်းကြီး​နှင့် ငါ​အမှန်ပင်​တွေ့​မည်​”​ဟု သူ့​အား ပြန်ပြော​၏​။
16ထို့ကြောင့် ဩဗဒိ​သည် အာဟပ်​မင်းကြီး​ထံ ပြန်လာ​၍​အခစားဝင်​ပြီး လျှောက်တင်​ရာ အာဟပ်​မင်းကြီး​သည် ဧလိယ​ကို သွားရောက်​တွေ့ဆုံ​၏​။ 17အာဟပ်​မင်းကြီး​သည် ဧလိယ​ကို တွေ့​သည်​နှင့် အာဟပ်​မင်းကြီး​က “​အစ္စရေး​လူမျိုး​ကို ဒုက္ခပေး​သူ​မှာ သင်​မ​ဟုတ်​လော​”​ဟု မေး​လျှင်
18ဧလိယ​က “​အစ္စရေး​လူမျိုး​ကို ဒုက္ခပေး​သူ​မှာ ငါ​မ​ဟုတ်​။ ထာဝရဘုရား​၏​ပညတ်ချက်​တို့​ကို စွန့်ပယ်​ပြီး ဗာလ​ဘုရား​နောက်သို့​လိုက်​သော သင်​နှင့်​သင့်​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​များ​ပင် ဖြစ်​၏​။ 19ယခုမှာ အစ္စရေး​လူမျိုး​အပေါင်း​တို့​နှင့်တကွ ယေဇဗေလ​စားပွဲ​၌​စား​သော ဗာလ​ဘုရား​၏​ပရောဖက်​လေး​ရာ့​ငါးဆယ်​နှင့် အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​၏​ပရောဖက်​လေး​ရာ​တို့​ကို ဆင့်ခေါ်​၍ ငါ​ရှိ​ရာ​ကရမေလ​တောင်​ပေါ်တွင် စုဝေး​စေ​လော့​”​ဟု ဆို​၏​။
ကရမေလတောင်ပေါ်သို့ရောက်နေသောဧလိယ
20အာဟပ်​မင်းကြီး​သည် အစ္စရေး​အမျိုးသား​အပေါင်း​တို့​ကို လူ​လွှတ်​ခေါ်​စေ​ပြီး ပရောဖက်​တို့​ကို ကရမေလ​တောင်​ပေါ်တွင် စုဝေး​စေ​၏​။ 21ဧလိယ​သည် လူ​အပေါင်း​တို့​ထံသို့​သွား​ပြီး “​သင်​တို့​သည် ခံယူချက်​နှစ်​ခု​ကြား မည်မျှ​ကြာ​အောင် ဇဝေဇဝါ​ဖြစ်​နေ​မည်နည်း​။ ထာဝရဘုရား​သည် ဘုရားသခင်​မှန်​လျှင် ထာဝရဘုရား​နောက်သို့​လိုက်​လော့​။ ဗာလ​သည် ဘုရားသခင်​မှန်​လျှင် သူ့​နောက်​လိုက်​လော့​”​ဟု ဆို​၏ လူ​တို့​သည် တစ်ခွန်းမျှ မ​တုံ့ပြန်​ကြ​။
22ဧလိယ​က ဆက်​၍​လူ​တို့​အား “​ငါ​တစ်ဦးတည်း​သာ ထာဝရဘုရား​၏​ပရောဖက်​အဖြစ် ကျန်​ခဲ့​၏​။ ဗာလ​ဘုရား​၏​ပရောဖက်​များ​မူကား အယောက်​လေး​ရာ့​ငါးဆယ်​ရှိ​၏​။ 23ယခု ငါ​တို့​ကို နွားထီးပျို​နှစ်​ကောင်​ပေး​ပါ​။ နွား​တစ်​ကောင်​ကို သူ​တို့​အဖို့ ရွေး​စေ​ပါ​။ ထို​နွား​ကို ခုတ်ပိုင်း​ပြီး မီး​မ​မွှေး​သေး​ဘဲ​ထင်းပုံ​ပေါ်​တင်​စေ​ပါ​။ ငါ​လည်း ကျန်​နွား​တစ်​ကောင်​ကို အသင့်ပြင်​ပြီး မီး​မ​မွှေး​သေး​ဘဲ ထင်းပုံ​ပေါ်​တင်​မည်​။ 24ထို့နောက် သင်​တို့​ဘုရား​၏​နာမ​ကို ခေါ်​ပါ​။ ငါ​သည်​လည်း ထာဝရဘုရား​၏​နာမ​ကို ခေါ်​မည်​။ မီး​ဖြင့် ထူး​တော်မူ​သော​ဘုရား​သည် ဘုရားသခင်​မှန်​ပါစေ​”​ဟု ဆို​၏​။ လူ​အပေါင်း​တို့​က​လည်း “​ကောင်း​ပါ​ပြီ​”​ဟု ဆို​ကြ​၏​။
25ထို့နောက် ဧလိယ​က ဗာလ​ဘုရား​၏​ပရောဖက်​တို့​အား “​သင်​တို့​သည် လူ​များ​သောကြောင့် သင်​တို့​အဖို့ နွား​တစ်​ကောင်​ကို​ရွေး​ပြီး အလျင်​အသင့်ပြင်​ပါ​။ ပြီးလျှင် မီး​မ​မွှေး​သေး​ဘဲ သင်​တို့​ဘုရား​၏​နာမ​ကို ခေါ်​ပါ​”​ဟု ဆို​၏​။
26ထို့ကြောင့် သူ​တို့​ကို​ပေး​သော​နွား​အား ယူ​၍​အသင့်ပြင်​ပြီး “​အို ဗာလ​ဘုရား​၊ အကျွန်ုပ်​တို့​ကို ထူး​တော်မူ​ပါ​”​ဟု နံနက်အချိန်​မှ မွန်းတည့်​အချိန်​ထိ ဗာလ​ဘုရား​၏​နာမ​ကို​ခေါ်​ကြ​၏​။ သို့သော် တုံ့ပြန်မှု​မ​ရှိ​။ ထူးသံ​လည်း မ​ကြား​ရ​။ သူ​တို့​သည် မိမိ​တို့​တည်​ထား​သော​ယဇ်ပလ္လင်​ပတ်ပတ်လည်​တွင် ကခုန်ယိမ်းထိုး​လျက်​နေ​ကြ​၏​။
27မွန်းတည့်ချိန်​သို့​ရောက်​သောအခါ ဧလိယ​က သူ​တို့​အား “​အသံ​ကျယ်ကျယ်​အော်ခေါ်​ကြ​ပါ​လော့​။ ဗာလ​သည် ဘုရား​မှန်​သည်​မ​ဟုတ်​လော​။ ယခု ဈာန်ဝင်စား​နေ​ကောင်း​နေ​လိမ့်မည်​။ သို့မဟုတ် အလေးအပေါ့ သွား​ကောင်း​သွား​နေ​လိမ့်မည်​။ သို့မဟုတ် ခရီး​လွန်​ကောင်း​လွန်​နေ​လိမ့်မည်​။ သို့မဟုတ် အိပ်ပျော်​ကောင်း​အိပ်ပျော်​နေ​လိမ့်မည်​။ တစ်ယောက်ယောက် သွားနှိုး​ရ​လိမ့်မည်​”​ဟု လှောင်ပြောင်​လေ​၏​။ 28ထို့ကြောင့် သူ​တို့​သည် အသံ​ကျယ်လောင်​စွာ​အော်ခေါ်​သည်​သာမက သူ​တို့​ဓလေ့​အတိုင်း ကိုယ်​ကို​ဓား​လှံ​တို့​ဖြင့်​ထိုးမွှမ်း​သဖြင့် သူ​တို့​ကိုယ်​ပေါ်တွင် သွေးသံရဲရဲ​ဖြစ်​လေ​၏​။ 29ဤသို့ဖြင့် နေ့တစ်ဝက်​ကျိုး​လေ​၏​။ ညဦးပိုင်း​ယဇ်​ပူဇော်​ရ​မည့်​အချိန်​ထိ သူ​တို့​ပရောဖက်ပြု​နေ​ကြ​သော်လည်း တုံ့ပြန်မှု​မ​ရှိ​။ ထူးသံ​ကို မ​ကြား​ရ​။ အရေးလုပ်သူ​လည်း မ​ရှိ​။
30ထိုအခါ ဧလိယ​က လူ​အပေါင်း​တို့​အား “​ငါ့​အနား​သို့ လာ​ကြ​ပါ​”​ဟု ဆို​လျှင် လူ​အပေါင်း​တို့​သည် သူ့​အနား​သို့ လာ​ကြ​၏​။ ထို့နောက် ပြိုပျက်​သွား​သော​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ကို ပြုပြင်​လေ​၏​။ 31“​သင့်​အမည်​ကား အစ္စရေး​ဖြစ်​ရ​မည်​”​ဟု ထာဝရဘုရား​၏​မိန့်ဆို​ခြင်း​ကို​ခံရ​သော​ယာကုပ်​မှ ဆင်းသက်​လာ​သော​အမျိုးအနွယ်​အရေအတွက်​အတိုင်း ဧလိယ​သည် ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို​ယူ​၍ 32ထာဝရဘုရား​၏​နာမ​တည်​ရာ ကျောက်​ယဇ်ပလ္လင်​ကို တည်​ပြီးလျှင် ယဇ်ပလ္လင်​ပတ်ပတ်လည်​တွင် မျိုးစေ့​နှစ်​စေအာ#18:32 “6 ပြည် သို့မဟုတ် 1​4.6 လီတာခန့်”။​လောက်ဆန့်​သည့်​မြောင်း​တစ်​ခု​ကို တူး​၏​။ 33ထင်း​များ​ကို​စီ​ထား​ပြီး နွား​ကို​လည်း ခုတ်ပိုင်း​၍ ထင်းပုံ​ပေါ် တင်​၏​။ 34ထို့နောက် “​အိုး​လေး​လုံး​ကို ရေ​ဖြည့်​ပြီး မီးရှို့ရာယဇ်ကောင်​နှင့် ထင်း​များ​ပေါ် လောင်းချ​ပါ​”​ဟု ဆို​၏​။ “​ဒုတိယ​အကြိမ် လောင်း​ပါ​”​ဟု ဆို​သဖြင့် လူ​တို့​သည် ဒုတိယ​အကြိမ်​ထပ်လောင်း​ကြ​၏​။ “​တတိယ​အကြိမ် လောင်း​ပါ​”​ဟု ဆို​ပြန်​သဖြင့် လူ​တို့​သည် တတိယ​အကြိမ်​ထပ်လောင်း​ကြ​၏​။ 35ဤသို့ဖြင့် ယဇ်ပလ္လင်​ပတ်ပတ်လည်​တွင် ရေ​ဝိုင်း​နေ​ပြီး မြောင်း​ထဲတွင်​လည်း ရေ​ပြည့်​လေ​၏​။
36ညဦးပိုင်း​ယဇ်​ပူဇော်​ရ​မည့်​အချိန်​ရောက်​သောအခါ ပရောဖက်​ဧလိယ​သည် ယဇ်ပလ္လင်​နား​ချဉ်းလာ​၍ “​အာဗြဟံ​၊ ဣဇက်​၊ အစ္စရေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အစ္စရေး​လူမျိုး​တွင်​ဘုရားသခင်​ဖြစ်ကြောင်း​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပြီး ကိုယ်တော်​၏​အမိန့်​တော်​ဖြင့် ဤ​အရာ​အားလုံး​ကို​ပြု​ခြင်း​ဖြစ်ကြောင်း ယနေ့ ဤ​လူ​တို့​ကို သိ​စေ​တော်မူ​ပါ​။ 37အို ထာဝရဘုရား​၊ ထူး​တော်မူ​ပါ​။ အကျွန်ုပ်​ကို ထူး​တော်မူ​ပါ​။ သို့မှ ထာဝရဘုရား​သည် ဘုရားသခင်​မှန်ကြောင်း​၊ ကိုယ်တော်​သည် လူ​တို့​၏​စိတ်​ကို​ပြောင်းလဲ​စေ​နိုင်​ကြောင်း​ကို ဤ​လူ​တို့​သိ​ရ​လိမ့်မည်​”​ဟု ဆုတောင်း​လေ​၏​။
38ထိုအခါ ထာဝရဘုရား​ထံမှ​မီး​ကျလာ​၍ မီးရှို့ရာယဇ်ကောင်​၊ ထင်း​၊ ကျောက်​၊ မြေမှုန့်​တို့​ကို​ပါ လောင်ကျွမ်း​သဖြင့် မြောင်း​ထဲမှ​ရေ​များ​လည်း ခန်းခြောက်​လေ​၏​။ 39လူ​အပေါင်း​တို့​သည် ထို​အဖြစ်​ကို​မြင်​သောအခါ ပျပ်ဝပ်​လျက် “​ထာဝရဘုရား​သည် ဘုရားသခင်​အမှန်​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် ဘုရားသခင်​အမှန်​ဖြစ်​တော်မူ​၏​”​ဟု ကြွေးကြော်​လေ​၏​။
40ထိုအခါ ဧလိယ​က လူ​တို့​အား “​ဗာလ​ဘုရား​၏​ပရောဖက်​တို့​ကို ဖမ်းဆီး​ပါ​။ တစ်ယောက်​မျှ​မ​လွတ်​စေ​နှင့်​”​ဟု ဆို​လျှင် လူ​တို့​က သူ​တို့​ကို ဖမ်းဆီး​လေ​၏​။ ဧလိယ​သည် သူ​တို့​ကို ကိရှုန်​ချောင်း​သို့​ခေါ်သွား​ပြီး ထို​အရပ်​၌ ကွပ်မျက်​လိုက်​လေ​၏​။ 41ထို့နောက် ဧလိယ​က အာဟပ်​မင်းကြီး​အား “​တက်သွား​ပြီး စား​သောက်​ပါ​လော့​။ မိုးသည်းထန်​စွာ​ရွာ​မည့်​အသံ ကြား​ရ​ပြီ​”​ဟု ဆို​၏​။
42အာဟပ်​မင်းကြီး​လည်း တက်သွား​၍​စား​သောက်​လေ​၏​။ ဧလိယ​မူကား ကရမေလ​တောင်ထိပ်​သို့ တက်သွား​ပြီး မြေ​ပေါ်၌​ဒူးထောက်​လျက် ဒူး​နှစ်​လုံး​ကြား​၌ မျက်နှာ​ကို​အပ်ထား​လေ​၏​။ 43ထို့နောက် သူ့​ငယ်သား​အား “​ယခု သွား​ပြီး ပင်လယ်​ဘက်​သို့​ကြည့်​ပါ​”​ဟု ဆို​လျှင် ငယ်သား​က​သွား​ကြည့်​ပြီး “​မည်သည့်​အရိပ်အယောင်​မျှ မ​တွေ့​ရ​ပါ​”​ဟု ပြန်လာ​ပြော​၏​။ ဧလိယ​က မိမိ​ငယ်သား​အား “ထပ်၍​သွား​ပါ”​ဟု ခုနစ်​ကြိမ်​တိုင်တိုင် စေခိုင်း​လေ​၏​။
44ခုနစ်​ကြိမ်​မြောက်​တွင် ငယ်သား​က “​လက်တစ်ဝါးစာ​မိုးတိမ်​တစ်​ခု ပင်လယ်​ဘက်​မှ​တက်လာ​သည်​ကို တွေ့​ပါ​ပြီ​”​ဟု ဆို​၏​။ ထိုအခါ ဧလိယ​က “​အာဟပ်​မင်းကြီး​ထံ​သွား​၍ ‘​ရထား​အသင့်ပြင်​ပြီး ပြန်​ဆင်းသွား​လော့​။ မိုးကြီး​၍​မ​ပြန်​နိုင်​မည်​ကို စိုး​ရ​ပါ​သည်​’​ဟူ၍ ပြောကြား​လော့​”​ဟု ဆို​၏​။
45ထိုတစ်ခဏချင်း​တွင်ပင် မိုးကောင်းကင်​မှ​တိမ်​များ မည်းမှောင်​အုံ့ဆိုင်း​လာ​သည်​သာမက လေ​များ​ပါ​တိုက်လာ​ပြီး မိုး​သည်းထန်​စွာ​ရွာ​လေ​တော့​သည်​။ အာဟပ်​မင်းကြီး​သည်​လည်း ရထား​စီးနင်း​ပြီး ယေဇရေလ​မြို့​သို့ ပြန်သွား​လေ​၏​။ 46ထိုစဉ် ထာဝရဘုရား​၏​လက်​တော်​သည် ဧလိယ​ထံ​သက်ရောက်​လာ​သဖြင့် သူ​သည် ခါးပန်း​ကို​စည်း​ပြီး​ပြေး​ရာ အာဟပ်​မင်းကြီး​ကို​ကျော်​၍ ယေဇရေလ​မြို့​သို့ ကြိုရောက်​နှင့်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်တတိယစောင် 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ