ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။ ထို့နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဧလိယထံသို့ရောက်လာ၍ “ဤအရပ်မှထွက်၍ အရှေ့ဘက်သို့ သွားလော့။ ဂျော်ဒန်မြစ်အရှေ့ဘက် ခေရိတ်ချောင်းနားတွင် ပုန်းရှောင်၍ ထိုချောင်းရေကို သောက်ရမည်။ ထိုနေရာတွင် သင့်ကိုကျွေးမွေးရန် ကျီးအတို့ကို ငါမှာထားပြီ”ဟု မိန့်ဆို၏။ ဧလိယလည်း ထွက်သွား၍ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဂျော်ဒန်မြစ်အရှေ့ဘက်ရှိ ခေရိတ်ချောင်းနားတွင် သွားရောက်နေထိုင်လေ၏။ ကျီးအတို့သည် သူ့အတွက် အသားနှင့်မုန့်တို့ကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ယူဆောင်လာပေး၏။ ထိုချောင်းမှရေကို သူသောက်၏။ သို့သော် မြေပေါ်တွင် မိုးမရွာသဖြင့် ကာလအတန်ကြာသောအခါ ချောင်းရေခန်းခြောက်သွားလေ၏။ ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ “ထလော့။ ဆီဒုန်ပြည်၊ ဇရတ္တမြို့သို့သွားပြီး ထိုမြို့တွင်နေလော့။ ကြည့်ရှုလော့။ ထိုမြို့တွင် သင့်ကိုကျွေးမွေးရန် မုဆိုးမကို ငါမှာထားပြီ”ဟု မိန့်ဆို၏။ ဧလိယလည်း ဇရတ္တမြို့သို့ ထသွားလေ၏။ မြို့တံခါးနားသို့ရောက်သောအခါ ထင်းကောက်နေသောမုဆိုးမတစ်ယောက်ကို တွေ့၏။ သူသည် ထိုမုဆိုးမကိုခေါ်၍ “ငါ့ကို ရေတစ်ခွက်လောက်တိုက်ပါ”ဟု ဆို၏။ ထိုမုဆိုးမ ရေသွားယူစဉ် ဧလိယက သူ့အား “မုန့်လည်း အနည်းငယ် ယူလာပေးပါ”ဟု လှမ်းပြော၏။ ထိုအခါ ထိုမုဆိုးမက “သင်၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်၌ မုန့်မရှိပါ။ အိုးထဲ၌ လက်တစ်ဆုပ်စာမုန့်ညက်နှင့် ဘူးထဲ၌ဆီအနည်းငယ်သာ ရှိပါ၏။ အကျွန်ုပ်သည် ထင်းနှစ်ချောင်းကို ကောက်ပြီးလျှင် အကျွန်ုပ်နှင့်အကျွန်ုပ်သားအဖို့ မုန့်ပြန်ဖုတ်ပါမည်။ ထိုမုန့်ကိုစားပြီးလျှင် အကျွန်ုပ်တို့ သေဖို့သာကျန်ပါတော့သည်”ဟု ပြန်ပြော၏။ ဧလိယကလည်း သူ့အား “မစိုးရိမ်နှင့်။ သင်ပြောသည့်အတိုင်း သွား၍ပြုပါ။ ပြီးလျှင် မုန့်သေးသေးလေးတစ်ချပ်ကိုဖုတ်ပြီး ငါ့ကို ဦးစွာလာပေးပါ။ နောက်မှ သင်နှင့်သင့်သားအတွက် ဖုတ်ပါ။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါထာဝရဘုရားသည် မြေပေါ်၌ မိုးရွာစေမည့်အချိန်မရောက်မချင်း အိုးထဲမှမုန့်ညက် မကုန်၊ ဘူးထဲမှဆီ မလျော့ရ’ဟူ၍ မိန့်တော်မူနှင့်ပြီ”ဟု ဆို၏။ ထိုမုဆိုးမလည်း ဧလိယဆိုသည့်အတိုင်း သွား၍ပြုလေ၏။ ဧလိယအပါအဝင် ထိုအမျိုးသမီးနှင့် သူ၏အိမ်သားတို့သည် ရက်ပေါင်းများစွာ စားရကြ၏။ ဧလိယအား ထာဝရဘုရားမိန့်ဆိုထားသည့်စကားအတိုင်း အိုးထဲမှမုန့်ညက် မကုန်၊ ဘူးထဲမှဆီ မလျော့ဘဲ ရှိလေ၏။ ထို့နောက်တွင် အိမ်ရှင်မုဆိုးမ၏သားသည် နာမကျန်းဖြစ်၍ ဝေဒနာပြင်းထန်သဖြင့် သေဆုံးလေ၏။ ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။ ထိုအခါ ဧလိယက “သင့်သားကိုပေးပါ”ဟု ဆိုပြီး ထိုမုဆိုးမရင်ခွင်မှသားကိုယူ၍ မိမိနေရာအထက်ခန်းသို့ သယ်သွားကာ မိမိ၏အိပ်ရာပေါ်တွင် ချထား၏။ ထို့နောက် “အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုရာအိမ်မှ မုဆိုးမကိုပါ ဒုက္ခရောက်စေတော်မူပြီလော။ ယခု သူ၏သားသေပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်လေ၏။ ထို့နောက် သူသည် သူငယ်အပေါ် ကိုယ်ကိုသုံးကြိမ်မှောက်ပြီး ထာဝရဘုရားထံ “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ဤသူငယ်ကို ပြန်၍အသက်ရှင်စေတော်မူပါ”ဟူ၍ အော်ဟစ်တောင်းလျှောက်၏။ ဧလိယ၏တောင်းလျှောက်သံအား ထာဝရဘုရားနားညောင်းတော်မူပြီး သူငယ်ကို အသက်ပြန်သွင်းပေး၍ သူငယ် အသက်ပြန်ရှင်လာလေ၏။ ဧလိယသည် သူငယ်ကိုပွေ့ပြီး မိမိနေရာအထက်ခန်းမှ အောက်သို့ချီလာ၍ သူငယ်ကို မိခင်လက်သို့အပ်လိုက်ပြီး ဧလိယက “ကြည့်ပါ။ သင့်သား အသက်ပြန်ရှင်ပြီ”ဟု ဆို၏။ ထိုအခါ ထိုအမျိုးသမီးက ဧလိယအား “သင်သည် ဘုရားသခင်၏လူဖြစ်ကြောင်း၊ သင်ဆင့်ဆိုသောထာဝရဘုရား၏စကားတော်သည် မှန်ကန်ကြောင်းကို အကျွန်ုပ်သိပါပြီ”ဟု ဆို၏။
ဓမ္မရာဇဝင်တတိယစောင် 17 ကိုဖတ်ပါ။
နားထောင်ပါ။ ဓမ္မရာဇဝင်တတိယစောင် 17
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဓမ္မရာဇဝင်တတိယစောင် 17:1-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ