၃ ဓမ္မရာဇဝင် 10:1-13
၃ ဓမ္မရာဇဝင် 10:1-13 Judson Bible (JBMLE)
ရှေဘပြည်ကို အစိုးရသောမိဖုရားသည် ရှောလမုန်၏ဂုဏ်အသရေနှင့် ထာဝရဘုရား၏နာမတော်သတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှာလာ၏။ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဖိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုတ်များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက်၍၊ ရှောလမုန်မင်းကြီးထံတော်သို့ ဝင်သောအခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ။ ရှေဘမိဖုရားသည် ရှောလမုန်၏ပညာအလုံးစုံကိုလည်းကောင်း၊ တည်ဆောက်သော အိမ်တော်ကိုလည်းကောင်း၊ စားပွဲတော်တန်ဆာကိုလည်းကောင်း၊ အမှုတော်စောင့်တို့ နေရာထိုင်ရာကိုလည်းကောင်း၊ လုလင်တို့ခစားသည် အခြင်းအရာကိုလည်းကောင်း၊ သူတို့ဝတ်သောအဝတ်တန်ဆာကိုလည်းကောင်း၊ ဝန်စာရေးများကိုလည်းကောင်း၊ ထာဝရဘုရား၏အိမ်တော်၌ မီးရှို့ရာယဇ်ပူဇော်ခြင်းကိုလည်းကောင်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊ ကိုယ်တော်၏အခြင်းအရာနှင့် ကိုယ်တော်၏ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သတင်းစကားမှန်ပါ၏။ သို့သော်လည်း၊ ကိုယ်တိုင်ရောက်၍မမြင်မီ ထိုစကားကိုမယုံ။ ယခုမူကား၊ အရင်ကြားသောစကားသည် တစ်ဝက်ကိုမျှမမီ။ ကိုယ်တော်၏ပညာနှင့် ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသောသတင်းကို လွန်ကဲပါ၏။ ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။ ကိုယ်တော်ကိုနှစ်သက်၍၊ ဣသရေလနိုင်ငံ၏ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှာ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အားပြောဆို၍၊ ရွှေအခွက်တစ်ရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သော နံ့သာမျိုးနှင့်အမျှ များပြားသောနံ့သာမျိုးသည် နောက်တစ်ဖန်မရောက်။ ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကိုလည်း ဆောင်ခဲ့ကြ၏။ ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကိုလည်းကောင်း၊ သီချင်းဆိုသောသူတို့ စောင်းနှင့်တယောတို့ကိုလည်းကောင်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် နောက်တစ်ဖန်မရောက်၊ ယနေ့တိုင်အောင် မပေါ်လာ။ ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတစ်ပါး၊ ရှေဘမိဖုရား၏အလိုဆန္ဒပြည့်စုံစေခြင်းငှာ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။
၃ ဓမ္မရာဇဝင် 10:1-13 Common Language Bible (BCL)
ရှေဘပြည့်ရှင်ဘုရင်မသည် ရှောလမုန်၏ကျော် စောကိတ္တိသတင်းကိုကြားလျှင် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။- ဘုရင်မသည်နံ့သာမျိုး၊ ကျောက်မျက်ရတနာ၊ ရွှေအမြောက်အများတင်ဆောင်ထားသည့် ကုလားအုတ်များနှင့်တကွ များစွာသော အခြံအရံလိုက်ပါလျက်ရောက်ရှိလာလေ သည်။ သူသည်မင်းကြီးရှေ့တော်သို့ရောက်သော အခါမိမိစဉ်းစားရသမျှသောပုစ္ဆာတို့ကို မေးတော်မူ၏။- မင်းကြီးကလည်းတစ်ခုမကျန်ဖြေကြား တော်မူသည်။ မင်းကြီးမဖြေရှင်းနိုင်လောက် အောင်ခက်ခဲသည့်ပုစ္ဆာဟူ၍မရှိ။- ဘုရင်မသည်မင်းကြီးဉာဏ်ပညာရှိပုံ၊ မင်းကြီး ဆောက်လုပ်ထားသည့်နန်းတော်၊ သူကျွေးမွေးသည့် အစားအစာ၊ မှူးမတ်များနေထိုင်ရန်အဆောက် အအုံများ၊ နန်းတွင်းအရာရှိအစေခံများကို စီမံခန့်ခွဲပုံနှင့်သူတို့ဝတ်ဆင်ထားသောဆင် တူဝတ်စုံများ၊ စားသောက်ပွဲများတွင်မင်းကြီး အားလုပ်ကျွေးရသည့်အစေအပါးများ၊ ဗိမာန်တော်တွင်ပူဇော်ထားသည့်ယဇ်များကို မြင်သောအခါအံ့သြတွေဝေ၍သွားလေသည်။- သူသည်ရှောလမုန်အား``ကျွန်ုပ်သည်ရှေဘပြည် တွင်ရှိစဉ်အခါက အဆွေတော်နှင့်အဆွေတော် ၏ဉာဏ်ပညာတော်အကြောင်းကိုကြားသိခဲ့ရ သည့်သတင်းမှန်ပေ၏။- သို့ရာတွင်ကျွန်ုပ်သည်ကိုယ်တိုင်မျက်မြင်ဒိဌ မတွေ့မမြင်ရမိစဉ်အခါက ထိုသတင်းကို မယုံနိုင်ပါ။ ထိုစဉ်အခါကကျွန်ုပ်ကြားသိ ရသည့်အရာများသည် ယခုတွေ့မြင်ရသည့် အမှုအရာများ၏ထက်ဝက်မျှပင်မရှိပါ။ အဆွေတော်၏ဉာဏ်ပညာတော်နှင့်စည်းစိမ် ချမ်းသာသည်ကျွန်ုပ်ကြားသိခဲ့သည်ထက် များစွာပိုမိုကြီးကျယ်ပါပေသည်။- အဆွေတော်၏မိဖုရားများသည်အလွန်မင်္ဂ လာရှိကြပါသည်တကား။ အဆွေတော်၏ အပါးတော်တွင်အစဉ်ခစားလျက် အဆွေ တော်၏ထံမှဉာဏ်ပညာနှင့်ယှဉ်သောစကား များကိုကြားရသူအဆွေတော်၏အစေခံ များသည်လည်း အလွန်မင်္ဂလာရှိကြပါသည် တကား။- အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။ ထိုနောက်ရှေဘဘုရင်မသည်ရှောလမုန်အား ရွှေချိန်ငါးတန်နီးပါးကိုလည်းကောင်း၊ နံ့သာ မျိုးအမြောက်အမြားနှင့်ကျောက်မျက်ရတနာ တို့ကိုလည်းကောင်းပေးဆက်တော်မူ၏။ ရှောလမုန် ရရှိဖူးသမျှသောနံ့သာမျိုးတို့အနက်ဘုရင် မပေးဆက်သည့်နံ့သာမျိုး၏ပမာဏမှာ အများဆုံးဖြစ်သတည်း။ သြဖိရမြို့မှရွှေများကိုတင်ဆောင်လာသော ဟိရံ၏သင်္ဘောစုသည် စန္ဒကူးသားနှင့်ကျောက် မျက်ရတနာမြောက်မြားစွာကိုလည်းယူ ဆောင်ခဲ့လေသည်။- ရှောလမုန်သည်စန္ဒကူးသားကိုဗိမာန်တော်နှင့် နန်းတော်တွင် လက်ရန်းများပြုလုပ်ရာတွင်လည်း ကောင်း၊ ဂီတဆရာများအတွက်စောင်းကြီး၊ စောင်းငယ်များပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုတော်မူ၏။ ထိုမျှကောင်းသောစန္ဒကူး သားမျိုးကိုဣသရေလပြည်သို့ ယခင်အဘယ် အခါကမျှမသွင်းစဖူးချေ။ ယနေ့တိုင် အောင်လည်းမမြင်ဘူးချေ။ ရှောလမုန်မင်းသည်အခါအားလျော်စွာ ပေးလေ့ ပေးထရှိသည့်လက်ဆောင်များကို ရှေဘဘုရင်မ အားရက်ရောစွာပေးတော်မူသည့်အပြင် ဘုရင်မ အလိုရှိသမျှသောအရာတို့ကိုလည်းပေးတော် မူ၏။ ထို့နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။
၃ ဓမ္မရာဇဝင် 10:1-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရား၏နာမတော်ဖြင့် ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မ ကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။ သူသည် မြောက်မြားစွာသော အမွှေးနံ့သာများ၊ ရွှေများနှင့် အဖိုးတန်ကျောက်များကို ကုလားအုတ်များပေါ်တင်ဆောင်လျက် နောက်လိုက်ဗိုလ်ပါအများအပြားတို့နှင့် ဂျေရုဆလင်မြို့သို့ရောက်လာ၍ ရှောလမုန်မင်းကြီးထံသို့ဝင်ကာ စိတ်ထဲ၌ရှိသမျှတို့ကို မေးမြန်းပြောဆိုလေ၏။ ရှောလမုန်မင်းကြီးသည် သူမေးသမျှမေးခွန်းတို့ကို ဖြေကြားနိုင်၏။ မင်းကြီးအဖို့ မဖြေနိုင်လောက်အောင် ခက်ခဲသည့်မေးခွန်းဟူ၍ တစ်ခုမျှမရှိ။ ရှေဘဘုရင်မသည် ဉာဏ်ပညာအလုံးစုံနှင့်ပြည့်စုံသောရှောလမုန်မင်းကြီးနှင့် သူတည်ဆောက်သောနန်းတော်၊ စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။ ထို့ကြောင့် ရှင်ဘုရင်အား “အကျွန်ုပ်တိုင်းပြည်၌ ကြားသိနေရသော မင်းကြီး၏အောင်မြင်မှုသတင်း၊ ဉာဏ်ပညာသတင်းများသည် အမှန်ပင်ဖြစ်ပေ၏။ အကျွန်ုပ်ကိုယ်တိုင် ဤနေရာသို့လာ၍ မျက်စိဖြင့်မမြင်ရမီအထိ ဤသတင်းကို မယုံကြည်ခဲ့ပါ။ အကျွန်ုပ်ကြားသိထားသောအရာသည် ထက်ဝက်မျှပင်မရှိပါ။ မင်းကြီး၏ဉာဏ်ပညာနှင့် စည်းစိမ်များသည် အကျွန်ုပ်ကြားသိရသည်ထက် သာလွန်နေပါသည်တကား။ မင်းကြီးထံခစားရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။ ရှေ့တော်တွင် အစဉ်အမှုထမ်းရပြီး မင်းကြီး၏ပညာစကားကို ကြားနာရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။ မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။ ထို့နောက် သူသည် ရှင်ဘုရင်အား ရွှေတာလန်တစ်ရာ့နှစ်ဆယ်၊ မြောက်မြားစွာသောအမွှေးနံ့သာများနှင့် အဖိုးတန်ကျောက်များကို ဆက်သလေ၏။ ရှောလမုန်မင်းကြီးအား ရှေဘဘုရင်မ ဆက်သခဲ့သော များပြားလှသောအမွှေးနံ့သာမျိုး နောက်ထပ် ရောက်မလာတော့ချေ။ ထို့ပြင် ဟိရံမင်းကြီး၏သင်္ဘောများသည် ဩဖိရအရပ်မှရွှေများယူဆောင်လာသည့်အပြင် ဩဖိရအရပ်မှ စန္ဒကူးသစ်သားအများအပြားနှင့် အဖိုးတန်ကျောက်များကိုလည်း တင်ဆောင်လာပေး၏။ ရှင်ဘုရင်သည် စန္ဒကူးသစ်သားများဖြင့် ထာဝရဘုရား၏အိမ်တော်လက်ရန်းနှင့် ဘုရင့်နန်းတော်လက်ရန်း၊ သီချင်းသည်တို့အတွက် စောင်းကောက်စောင်းပြားများကို ပြုလုပ်၏။ ထိုမျှလောက်များပြားလှသောစန္ဒကူးသစ်သားတို့သည် ယနေ့တိုင်အောင် ထပ်၍မရောက်လာ၊ ၎င်းတို့ကို ထပ်၍လည်းမတွေ့ရတော့ပေ။ ရှောလမုန်မင်းကြီးသည်လည်း ရှေဘဘုရင်မအား စေတနာအလျောက် လက်ဆောင်များကို ပေးသည့်အပြင် သူအလိုရှိသမျှ တောင်းသမျှတို့ကိုလည်း ပေးသေး၏။ ထို့နောက် ဘုရင်မသည် မိမိနောက်လိုက်ဗိုလ်ပါများနှင့်အတူ မိမိပြည်သို့ ပြန်သွားလေ၏။