YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 10:1-13

ဓမ္မရာဇဝင်တတိယစောင် 10:1-13 MSBU

ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ရှောလမုန်​မင်းကြီး ဂုဏ်သတင်းကြီး​သည်​ကို ရှေဘ​ဘုရင်မ ကြားသိ​သောအခါ ရှောလမုန်​မင်းကြီး​ကို စကားထာဝှက်​၍ ပညာစမ်း​ရန် ရောက်ရှိ​လာ​၏​။ သူ​သည် မြောက်မြား​စွာ​သော အမွှေးနံ့သာ​များ​၊ ရွှေ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် နောက်လိုက်​ဗိုလ်ပါ​အများအပြား​တို့​နှင့် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ ရှောလမုန်​မင်းကြီး​ထံသို့​ဝင်​ကာ စိတ်​ထဲ၌​ရှိသမျှ​တို့​ကို မေးမြန်း​ပြောဆို​လေ​၏​။ ရှောလမုန်​မင်းကြီး​သည် သူ​မေး​သမျှ​မေးခွန်း​တို့​ကို ဖြေကြား​နိုင်​၏​။ မင်းကြီး​အဖို့ မ​ဖြေ​နိုင်​လောက်အောင် ခက်ခဲ​သည့်​မေးခွန်း​ဟူ၍ တစ်​ခု​မျှ​မ​ရှိ​။ ရှေဘ​ဘုရင်မ​သည် ဉာဏ်ပညာ​အလုံးစုံ​နှင့်​ပြည့်စုံ​သော​ရှောလမုန်​မင်းကြီး​နှင့် သူ​တည်ဆောက်​သော​နန်းတော်​၊ စားသောက်ပွဲ​တည်ခင်းပုံ​၊ မင်းမှုထမ်း​တို့​၏​နေရာထိုင်ခင်း​၊ အမှုထမ်း​တို့​တာဝန်ထမ်းဆောင်ပုံ​နှင့် ဝတ်စားဆင်ယင်ပုံ​၊ ဖလားတော်ဝန်​များ​၊ ထာဝရဘုရား​၏​အိမ်​တော်​တွင် ပူဇော်​သော​မီးရှို့ရာယဇ်​များ စသည်​တို့​ကို မြင်​သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်​ရ​လေ​၏​။ ထို့ကြောင့် ရှင်ဘုရင်​အား “​အကျွန်ုပ်​တိုင်းပြည်​၌ ကြားသိ​နေ​ရ​သော မင်းကြီး​၏​အောင်မြင်မှု​သတင်း​၊ ဉာဏ်ပညာ​သတင်း​များ​သည် အမှန်ပင်​ဖြစ်​ပေ​၏​။ အကျွန်ုပ်ကိုယ်တိုင် ဤ​နေရာ​သို့​လာ​၍ မျက်စိ​ဖြင့်​မ​မြင်​ရ​မီ​အထိ ဤ​သတင်း​ကို မ​ယုံကြည်​ခဲ့​ပါ​။ အကျွန်ုပ်​ကြားသိ​ထား​သော​အရာ​သည် ထက်ဝက်​မျှ​ပင်​မ​ရှိ​ပါ​။ မင်းကြီး​၏​ဉာဏ်ပညာ​နှင့် စည်းစိမ်​များ​သည် အကျွန်ုပ်​ကြားသိ​ရ​သည်​ထက် သာလွန်​နေ​ပါ​သည်​တကား​။ မင်းကြီး​ထံ​ခစား​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။ ရှေ့​တော်​တွင် အစဉ်​အမှုထမ်း​ရ​ပြီး မင်းကြီး​၏​ပညာစကား​ကို ကြားနာ​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။ မင်းကြီး​ကို​နှစ်သက်မြတ်နိုး​၍ အစ္စရေး​ရာဇပလ္လင်​တွင် စံမြန်း​စေ​တော်မူ​သော မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာ​ရှိ​စေ​သတည်း​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို ထာဝရ​ချစ်​တော်မူ​သည်​ဖြစ်၍ သူ​တို့​ကို တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ​စီရင်အုပ်ချုပ်​ရန် မင်းကြီး​ကို ရှင်ဘုရင်​အဖြစ် ခန့်ထား​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ ထို့နောက် သူ​သည် ရှင်ဘုရင်​အား ရွှေ​တာလန်​တစ်ရာ့​နှစ်ဆယ်​၊ မြောက်မြား​စွာ​သော​အမွှေးနံ့သာ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ဆက်သ​လေ​၏​။ ရှောလမုန်​မင်းကြီး​အား ရှေဘ​ဘုရင်မ ဆက်သ​ခဲ့​သော များပြား​လှ​သော​အမွှေးနံ့သာ​မျိုး နောက်ထပ် ရောက်​မ​လာ​တော့​ချေ​။ ထို့ပြင် ဟိရံ​မင်းကြီး​၏​သင်္ဘော​များ​သည် ဩဖိရ​အရပ်​မှ​ရွှေ​များ​ယူဆောင်​လာ​သည့်​အပြင် ဩဖိရ​အရပ်​မှ စန္ဒကူး​သစ်သား​အများအပြား​နှင့် အဖိုးတန်​ကျောက်​များ​ကို​လည်း တင်ဆောင်​လာ​ပေး​၏​။ ရှင်ဘုရင်​သည် စန္ဒကူး​သစ်သား​များ​ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​လက်ရန်း​နှင့် ဘုရင့်​နန်းတော်​လက်ရန်း​၊ သီချင်းသည်​တို့​အတွက် စောင်းကောက်​စောင်းပြား​များ​ကို ပြုလုပ်​၏​။ ထိုမျှလောက်​များပြား​လှ​သော​စန္ဒကူး​သစ်သား​တို့​သည် ယနေ့​တိုင်အောင် ထပ်၍​မ​ရောက်လာ​၊ ၎င်း​တို့​ကို ထပ်၍​လည်း​မ​တွေ့​ရ​တော့​ပေ​။ ရှောလမုန်​မင်းကြီး​သည်​လည်း ရှေဘ​ဘုရင်မ​အား စေတနာ​အလျောက် လက်ဆောင်​များ​ကို ပေး​သည့်​အပြင် သူ​အလို​ရှိသမျှ တောင်း​သမျှ​တို့​ကို​လည်း ပေး​သေး​၏​။ ထို့နောက် ဘုရင်မ​သည် မိမိ​နောက်လိုက်ဗိုလ်ပါ​များ​နှင့်အတူ မိမိ​ပြည်​သို့ ပြန်သွား​လေ​၏​။