မဿဲ 23
23
ဘာသာရေးခေါင်းဆောင်များအား ပြစ်တင်ရှုတ်ချတော်မူခြင်း
1ယေရှုက လူထုပရိသတ်များနှင့် မိမိတပည့်တော်တို့အား 2“ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် မောရှေ၏ပညတ်ကျမ်းကို အနက်ဖွင့်ရန် အခွင့်အာဏာရရှိထားသူများဖြစ်ကြ၏။#23:2 မူရင်းဂရိကျမ်းတွင် “မောရှေ၏ ထိုင်ခုံပေါ်တွင် ထိုင်ကြသည်” ဟု ဖော်ပြထားသည်။ 3ထို့ကြောင့် သူတို့သွန်သင်သမျှကို နာခံ၍လုပ်ဆောင်ကြလော့။ သို့သော်လည်း သူတို့၏ အကျင့်အတိုင်း မကျင့်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မိမိတို့သွန်သင်သည့်အတိုင်း ကိုယ်တိုင်မလုပ်ဆောင်ကြသောကြောင့်ဖြစ်၏။ 4သူတို့သည် လေးလံ၍ထမ်းရခက်သောဝန်ထုပ်များကို လူတို့အား ထမ်းစေကြသော်လည်း ကိုယ်တိုင်ကမူ ထိုအရာတို့ကို လက်ဖျားနှင့်မျှ မတို့ကြ။
5သူတို့လုပ်ဆောင်သမျှသည် လူမြင်သာစေရန်သာ ဖြစ်၏။ သူတို့၏လက်မောင်းများပေါ်တွင် ကျမ်းစာပိုဒ်များပါရှိသည့် အဆောင်ကို အပြားကြီးပြုလုပ်၍ ပတ်ထားတတ်ကြ၏။ ရှည်လျားသည့် အမြိတ်ပါသောဝတ်ရုံတို့ကိုလည်း ဝတ်ဆင်တတ်ကြ၏။ 6ဧည့်ခံပွဲများတွင်လည်း အထူးခုံ၌လည်းကောင်း၊ ဂျူးဝတ်ပြုဆောင်တွင် အထူးနေရာများ၌လည်းကောင်း ထိုင်လိုကြ၏။ 7ဈေးအရပ်တို့တွင် လူတို့၏ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ဆရာတော်#23:7 မူရင်းဂရိကျမ်းတွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။ဟု ခေါ်ကြခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။
8သို့သော်လည်း သင်တို့သည် ဆရာတော်ဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် ဆရာတစ်ပါးတည်းသာရှိသောကြောင့်ဖြစ်၏။ သင်တို့အားလုံးသည်လည်း ညီအစ်ကိုမောင်နှမများ#23:8 မူရင်းဂရိကျမ်းတွင် “ညီအစ်ကိုများ” ဟု ဖော်ပြထားသည်။ဖြစ်ကြ၏။ 9ဤကမ္ဘာမြေပေါ်၌ မည်သူ့ကိုမျှ အဖဟု မခေါ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံတွင် သင်တို့၏ အဖတစ်ပါးတည်းရှိတော်မူသောကြောင့်ဖြစ်၏။ 10သင်တို့အား ခေါင်းဆောင်ဟု ခေါ်ဝေါ်သည်ကိုလည်း မခံကြနှင့်။ သင်တို့တွင် ခရစ်တော်#23:10 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။ဟူသော ခေါင်းဆောင်တစ်ပါးတည်းရှိ၏။ 11သင်တို့ထဲတွင် အကြီးမြတ်ဆုံးသောသူသည် သင်တို့၏ အစေခံဖြစ်ရမည်။ 12မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။
13သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှ ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသည့်သူများကိုလည်း ဝင်ခွင့်မပေးဘဲ နေကြသောကြောင့်ဖြစ်၏။
14သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် မုဆိုးမတို့၏ အိမ်များကို သိမ်းယူတတ်ပြီး ရှည်လျားစွာဆုတောင်းခြင်းဖြင့် ဘာသာရေးကိုင်းရှိုင်းသကဲ့သို့ ဟန်ဆောင်တတ်ကြသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် ပို၍ ကြီးလေးသောပြစ်ဒဏ်ကို ခံရကြလိမ့်မည်။#23:14 အချို့လက်ရေးမူကျမ်းများတွင် ဤအပိုဒ်ငယ်မပါဝင်ပါ။
15သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် လူတစ်ဦး ဂျူးဘာသာဝင်ဖြစ်လာစေရန် တောတောင်ရေမြေကို ဖြတ်၍ လှည့်လည်ကြပြီး ဘာသာဝင်ဖြစ်လာသောအခါ ထိုသူကို သင်တို့ထက် နှစ်ဆပို၍ ငရဲသို့လားထိုက်သူ ဖြစ်စေကြသောကြောင့်ဖြစ်၏။
16မျက်မမြင်သောလမ်းပြတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့က ‘တစ်စုံတစ်ဦးသည် ဗိမာန်တော်ကို တိုင်တည်၍ ကျိန်ဆိုလျှင်မတည်နိုင်ပါ။ ဗိမာန်တော်အတွင်းရှိ ရွှေကိုတိုင်တည်၍ ကျိန်ဆိုမှသာ တည်သည်’ ဟု ဆိုတတ်ကြသောကြောင့်ဖြစ်၏။ 17မိုက်မဲသောမျက်မမြင်တို့… မည်သည့်အရာသည် သာ၍ ကြီးမြတ်သနည်း။ ထိုရွှေလော၊ သို့မဟုတ် ထိုရွှေကို သန့်ရှင်းစေသောဗိမာန်တော်လော။ 18ထို့ပြင် ‘တစ်စုံတစ်ဦးသည် ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုလျှင်မတည်နိုင်ပါ။ ယဇ်ပလ္လင်ပေါ်ရှိ လှူဖွယ်ပစ္စည်းကိုတိုင်တည်၍ ကျိန်ဆိုမှသာ တည်သည်’ ဟု ဆိုတတ်ကြ၏။ 19မျက်မမြင်တို့… မည်သည့်အရာသည် ပို၍ ကြီးမြတ်သနည်း။ လှူဖွယ်ပစ္စည်းလော၊ သို့မဟုတ် ထိုလှူဖွယ်ပစ္စည်းကို သန့်ရှင်းစေသောယဇ်ပလ္လင်လော။ 20ထို့ကြောင့် တစ်စုံတစ်ဦးသည် ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုလျှင် ယဇ်ပလ္လင်မျှသာမက ယဇ်ပလ္လင်ပေါ်၌ ရှိသော အရာအားလုံးကိုလည်း တိုင်တည်၍ ကျိန်ဆို၏။ 21တစ်စုံတစ်ဦးသည် ဗိမာန်တော်ကို တိုင်တည်၍ ကျိန်ဆိုလျှင် ဗိမာန်တော်မျှသာမက ဗိမာန်တော်၌ စံမြန်းသောဘုရားသခင်ကိုလည်း တိုင်တည်၍ ကျိန်ဆို၏။ 22တစ်စုံတစ်ဦးသည် ကောင်းကင်ဘုံကို တိုင်တည်၍ ကျိန်ဆိုလျှင် ဘုရားသခင်၏ရာဇပလ္လင်တော်မျှသာမက ထိုပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောဘုရားသခင်ကိုလည်း တိုင်တည်၍ ကျိန်ဆို၏။
23သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပင်စိမ်းရွက်၊ စမုန်စပါးနှင့် ဇီရာစေ့တို့ကို ဆယ်ပုံတစ်ပုံလှူဒါန်းကြသော်လည်း ပညတ်ကျမ်းထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ သနားကြင်နာခြင်းနှင့် ယုံကြည်ခြင်းတို့ကိုမူ လျစ်လျူရှုထားကြသောကြောင့်ဖြစ်၏။ ဆယ်ပုံတစ်ပုံကို လှူဒါန်းကြရမည်မှန်သော်လည်း ထိုထက်အရေးကြီးသော အချက်တို့ကို လျစ်လျူမရှုသင့်ပေ။ 24မျက်မမြင်သောလမ်းပြတို့… သင်တို့သည် ခြင်တစ်ကောင်ကိုမျှ မမျိုမိစေရန် ရေကိုစစ်ကြသော်လည်း ကုလားအုတ်ကိုမူ မျိုချကြပြီ။#23:24 ဝတ်ပြုရာကျမ်းတွင် ခြင်နှင့် ကုလားအုတ်နှစ်မျိုးလုံးကို အစာအဖြစ် မစားရန် တားမြစ်ထားသည်။
25သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခွက်နှင့်ပန်းကန်၏ အပြင်ဘက်ကို ဆေးကြောကြသော်လည်း အတွင်း၌မူ လောဘကြီးခြင်း၊ စိတ်အလိုလိုက်ခြင်းတို့နှင့် ပြည့်ကြသောကြောင့်ဖြစ်၏။ 26အို မျက်မမြင်သောဖာရိရှဲ… ခွက်နှင့်ပန်းကန်#23:26 အချို့လက်ရေးမူကျမ်းများတွင် “ပန်းကန်” မပါဝင်ပါ။၏ အတွင်းဘက်ကို ဦးစွာဆေးကြောလော့။ ထိုသို့ပြုလျှင် အပြင်ဘက်သည်လည်း သန့်ရှင်းလိမ့်မည်။
27သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ထုံးဖြူသုတ်ထားသော အုတ်ဂူများနှင့်တူ၍ အပြင်ဘက်၌ လှပသော်လည်း အတွင်းတွင်မူ လူသေရိုးများနှင့် အညစ်အကြေးပေါင်းစုံတို့ဖြင့် ပြည့်လျက်ရှိသောကြောင့်ဖြစ်၏။ 28သင်တို့သည်လည်း အပြင်ပန်းအားဖြင့် ဖြောင့်မတ်ဟန်ရှိ၏။ သို့သော်လည်း အတွင်းတွင် သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် တရားမဲ့ခြင်းတို့ဖြင့် ပြည့်လျက်ရှိ၏။
29သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သင်တို့ဘိုးဘေးများသတ်ခဲ့သော ပရောဖက်တို့အတွက် သင်္ချိုင်းဂူများကို ဆောက်လုပ်ပေးကြသောကြောင့်ဖြစ်၏။ သင်တို့ဘိုးဘေးများ သတ်ခဲ့သည့်ဖြောင့်မတ်သောသူတို့၏ အထိမ်းအမှတ်ကျောက်တိုင်များကို အလှဆင်ကြ၏။ 30ထို့နောက် ‘ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိခဲ့ပါက ပရောဖက်တို့ကို သတ်သောအမှုတွင် ပူးပေါင်းမည်မဟုတ်ပါ’ ဟု ဆိုကြ၏။
31ဤသို့ ပြောဆိုခြင်းဖြင့် သင်တို့သည် ပရောဖက်များကို သတ်သောမျိုးဆက်များဖြစ်ကြောင်း ကိုယ်တိုင်သက်သေခံကြ၏။ 32သို့ဖြစ်၍ သင်တို့ဘိုးဘေးများ စတင်ခဲ့သောပြစ်မှုကို အဆုံးတိုင်အောင် ကျူးလွန်ကြလော့။ 33မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
34ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှင်များနှင့် ကျမ်းတတ်ဆရာများကို သင်တို့ထံ စေလွှတ်မည်။ သို့သော် သင်တို့သည် တချို့ကို လက်ဝါးကပ်တိုင်တွင် သတ်ကြလိမ့်မည်။ တချို့ကို ဝတ်ပြုဆောင်များတွင် ရိုက်၍ တစ်မြို့ပြီးတစ်မြို့ လိုက်လံဖမ်းဆီးကြလိမ့်မည်။ 35သို့ဖြစ်၍ ဖြောင့်မတ်သူအာဗေလ၏သွေးမှစ၍ ယဇ်ပလ္လင်နှင့် ဗိမာန်တော်ကြား၌ သင်တို့သတ်ခဲ့သည့် ဗာရခိသား ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာပေါ်၌ ပရောဖက်ရှိသမျှတို့ ပေးဆပ်ခဲ့ရသောသွေးကြွေးကို သင်တို့ပြန်ဆပ်ရလိမ့်မည်။ 36သင်တို့အား ငါအမှန်ဆို၏။ ဤစီရင်မှုရှိသမျှသည် ယခုရှိသောမျိုးဆက်များအပေါ် ကျရောက်လိမ့်မည်။
ဂျေရုဆလင်မြို့အတွက် ဝမ်းနည်းပူဆွေးတော်မူခြင်း
37အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်သည် ပရောဖက်များကို သတ်ဖြတ်၍ သင့်ထံသို့ ဘုရားသခင်စေလွှတ်တော်မူသော တမန်တော်များကို ကျောက်ခဲနှင့် ပေါက်သတ်၏။ ကြက်မသည် ကြက်ကလေးများကို သူ၏ တောင်ပံအောက်၌ အုပ်၍ ကာကွယ်သကဲ့သို့ သင်၏ သားသမီးတို့ကို စုစည်းစေရန် အကြိမ်ကြိမ် ငါအလိုရှိ၏။ သို့သော်လည်း သင်သည် ထိုသို့ အလိုမရှိ။ 38သင်တို့ အိမ်သည် လူသူကင်းမဲ့သောအရပ်#23:38 အချို့မူရင်းဂရိကျမ်းများတွင် “လူသူကင်းမဲ့သောအရပ်” မပါဝင်ပါ။အဖြစ် စွန့်ပစ်ထားခြင်းခံရလိမ့်မည်။ 39သင်တို့အား ငါပြောဆိုသည်မှာ ‘ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော’#23:39 ဆာ ၁၁၈:၂၆။ ဟူ၍ သင်တို့မကြွေးကြော်မီအထိ သင်တို့သည် ငါ့ကို မည်သည့်အခါမျှ မြင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
မဿဲ 23: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.