YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 22

22
မင်္ဂလာဧည့်ခံပွဲ​ပုံဥပမာ
1တစ်ဖန် ယေရှု​သည် သူတို့​အား ပုံဥပမာများ​ဖြင့် မိန့်တော်မူ၏။ 2ယေရှု​က “ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ ဘုရင်တစ်ပါး​သည် မိမိ​သား​အတွက် မင်္ဂလာဧည့်ခံပွဲ​ကို ကျင်းပပေး၏။ 3ထို​ဘုရင်​သည် မင်္ဂလာဧည့်ခံပွဲ​သို့ ဖိတ်ခေါ်ခံထားရသော​သူများ​ကို ခေါ်​ရန် အစေအပါးတို့​အား စေလွှတ်၏။ သို့သော် ထို​သူတို့​သည် လာ​ရန်​ငြင်းဆိုကြ၏။
4နောက်တစ်ဖန် သူ​သည် အခြား​အစေအပါးတို့​ကို စေလွှတ်​၍ ‘ဧည့်ခံပွဲ​ကို ငါ​ပြင်ဆင်ထားပြီ။ နွားများ​နှင့် ဆူဖြိုးသော​နွားကလေးများ​ကိုလည်း သတ်ထားပြီ။ အရာ​အားလုံး အဆင်သင့်​ဖြစ်ပြီ။ မင်္ဂလာဧည့်ခံပွဲ​သို့ လာကြပါ​ဟူ၍ ဖိတ်ခေါ်ခံထားရသော​သူများ​အား ပြောကြလော့’ ဟု မှာလိုက်ပြန်၏။ 5သို့သော်လည်း ဖိတ်ခေါ်ခံထားရသော​သူများ​သည် လျစ်လျူရှု​၍ တချို့​သည် မိမိ​လယ်​သို့​လည်းကောင်း၊ တချို့​သည် ကုန်သွယ်ရာ​သို့​လည်းကောင်း ထွက်သွားကြ၏။ 6အခြားသောသူတို့​က ဘုရင်​၏​အစေအပါးတို့​ကို ဖမ်းချုပ်​၍ နှိပ်စက်​ကာ သတ်ဖြတ်ကြ၏။
7ထိုအခါ ဘုရင်​သည် အမျက်ထွက်​၍ သူ​၏​တပ်​ကို စစ်ချီစေ​ပြီး ထို​လူသတ်သမားများ​ကို သတ်​ကာ သူတို့​၏​မြို့​ကို မီးရှို့စေ၏။ 8ထို့နောက် သူ​၏ အစေအပါးတို့​အား ‘မင်္ဂလာ​ဧည့်ခံပွဲ​သည် အဆင်သင့်​ဖြစ်ပြီ။ သို့သော် ဖိတ်ခေါ်ခံထားရသော​သူများ​သည် မင်္ဂလာပွဲ​နှင့် မထိုက်တန်ကြပါ။ 9ထို့ကြောင့် လမ်းဆုံလမ်းခွများ​သို့ သွား​၍ တွေ့​သမျှသော​သူတို့​ကို မင်္ဂလာ​ဧည့်ခံပွဲ​သို့ ဖိတ်ခေါ်ခဲ့ကြလော့’ ဟု အမိန့်ပေးလေ၏။ 10ထို​အစေအပါးတို့​သည် လမ်းများ​သို့​သွား​၍ တွေ့သမျှ​လူဆိုး၊ လူကောင်းတို့​ကို ခေါ်လာကြ၏။ ထိုအခါ မင်္ဂလာခန်းမ​သည်လည်း ဧည့်သည်များ​နှင့် ပြည့်လေ၏။
11ဘုရင်​သည် ဧည့်သည်များ​ကို ကြည့်ရှု​ရန် ရောက်လာ​သောအခါ မင်္ဂလာပွဲ​ဝတ်စုံ​မဝတ်ဆင်ထားသော လူတစ်ဦး​ကို သတိထားမိလေ၏။ 12ထိုအခါ ဘုရင်​က ‘မိတ်ဆွေ… မင်္ဂလာပွဲ​ဝတ်စုံ​ကို မဝတ်ဘဲ မည်သို့​ရောက်လာသနည်း’ ဟု မေးတော်မူ၏။ သို့သော် ထို​သူ​သည် မဖြေနိုင်ဘဲ​ရှိ၏။ 13ထိုအခါ ဘုရင်​က အခြွေအရံတို့​အား ‘သူ​၏ ခြေလက်တို့​ကို ချည်​၍ အပြင်ဘက်​အမှောင်​ထဲသို့ ပစ်လိုက်ကြလော့။ ထို​နေရာ​၌ သူသည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်’ ဟု ဆိုလေ၏။
14အဘယ်ကြောင့်ဆိုသော် ဖိတ်ခေါ်ခံရသူ​များစွာ ရှိ​သော်လည်း ရွေးကောက်ခံရသူ​မှာ အနည်းငယ်​သာ ရှိသောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။
ဆီဇာဘုရင်​အား အခွန်​ပေးဆောင်ခြင်း
15ထိုအခါ ဖာရိရှဲတို့​သည် စုဝေး​လျက် ယေရှု​မိန့်တော်မူ​မည့် စကားတော်​ထဲမှ အမှား​ကို ရှာ​၍ ဖမ်းဆီး​ရန် တိုင်ပင်ကြ၏။ 16ထို့နောက် သူတို့​၏​တပည့်များ​ကို ဟေရုဒ်​ဘက်တော်သားများ​နှင့်တကွ ယေရှု​ထံတော်သို့ စေလွှတ်​၍ “ဆရာတော်… ဆရာတော်​သည် ဖြောင့်မှန်သော​သူ​ဖြစ်ပြီး ဘက်မလိုက်တတ်ကြောင်း အကျွန်ုပ်တို့​သိကြပါ၏။ ဆရာတော်​သည် လူ့​မျက်နှာ​ကို မထောက်ဘဲ ဘုရားသခင်​၏​တရားလမ်း​အား မှန်ကန်​စွာ သွန်သင်တတ်ပါ၏။ 17သို့ဖြစ်၍ ဆရာတော် မည်သို့​ထင်မြင်သည်​ကို အကျွန်ုပ်တို့​အား​ပြောပါ။ ဆီဇာဘုရင်​အား အကျွန်ုပ်တို့​က အခွန်​ပေးဆောင်ခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
18သို့သော်လည်း ယေရှု​သည် ထို​သူတို့​၏ ဆိုးညစ်သော​အကြံအစည်​ကို သိတော်မူ​သဖြင့် “သူတော်ကောင်း​ယောင်ဆောင်သူတို့… သင်တို့​သည် အဘယ်ကြောင့်​ငါ့​ကို ထောင်ချောက်ဆင်ဖမ်း​ရန် ကြိုးစားကြသနည်း။ 19အခွန်ဆောင်ရာ​တွင်​သုံးသည့် ဒင်္ဂါးပြား​တစ်ပြား​ကို ပြလော့” ဟု မိန့်တော်မူ​လျှင် သူတို့​သည် ဒင်္ဂါးပြား#22:19 မူရင်း​ဂရိကျမ်း​တွင် “ဒေနာရိ” ဟု ပါရှိသည်။ ဒေနာရိ​တစ်ပြား​၏ တန်ဖိုး​သည် လုပ်သား​တစ်ဦး​၏​တစ်နေ့တာ​လုပ်အားခ​နှင့် ညီမျှသည်။​တစ်ပြား​ကို ယူခဲ့ကြ၏။ 20ထိုအခါ ယေရှု​က “ဤ​ဒင်္ဂါးပြား​ပေါ်၌ မည်သူ့​ပုံ​နှင့် မည်သူ့​အမည် ပါရှိသနည်း” ဟု မေးတော်မူ၏။
21သူတို့​က “ဆီဇာဘုရင်​၏ ပုံ​နှင့်​အမည် ပါရှိသည်” ဟု လျှောက်ကြ၏။
ထိုအခါ ယေရှု​က “သို့ဖြစ်လျှင် ဆီဇာဘုရင်​နှင့်​ဆိုင်သော​အရာများ​ကို ဆီဇာဘုရင်​အား ပေးဆောင်ကြလော့။ ဘုရားသခင်​နှင့်​ဆိုင်သော​အရာများ​ကို ဘုရားသခင်​အား ပေးဆောင်ကြလော့” ဟု ထို​သူတို့​အား မိန့်တော်မူ၏။
22ဤသို့​မိန့်တော်မူသည်​ကို သူတို့​သည် ကြား​လျှင် အံဩ​၍ ကိုယ်တော်​ထံမှ​ထွက်သွားကြ၏။
သေရာ​မှ​ပြန်ရှင်ခြင်း​အကြောင်း ဆွေးနွေးခြင်း
23ထိုနေ့​၌ပင် ဇဒ္ဒုကဲတို့​သည် ယေရှု​ထံသို့ လာကြ၏။ ဇဒ္ဒုကဲတို့​က သေလွန်သော​သူတို့​သည် ရှင်ပြန်ထမြောက်ခြင်း​မရှိ​ဟု ခံယူကြ၏။ 24သူတို့​က ယေရှု​အား “ဆရာတော်… ဇနီး​ရှိသော​လူ​တစ်ဦး​သည် သားသမီး​မထွန်းကားဘဲ သေဆုံးသွား​လျှင် ညီ​ဖြစ်သူ​က ထို​အမျိုးသမီး​ကို လက်ထပ်ယူ​၍ အစ်ကို​ဖြစ်သူ​၏ မျိုးဆက်​မပြတ်​စေရန် ဆောင်ရွက်ရမည်#22:24 တရား ၂၅:၅-၆။​ဟု မောရှေ​ညွှန်ကြားခဲ့ပါ၏။ 25ကျွန်ုပ်တို့​တွင် ညီအစ်ကို ခုနစ်ဦး​ရှိ၏။ အစ်ကိုကြီး​သည် အိမ်ထောင်ပြု​ပြီး သားသမီး​မထွန်းကားဘဲ ကွယ်လွန်၏။ ထို့ကြောင့် သူ​၏​ဇနီး​ကို ညီ​ဖြစ်သူ​က ယူရ၏။ 26ထို​နည်းတူ ဒုတိယမြောက်​ညီ၊ တတိယမြောက်​ညီ စသည်ဖြင့် ညီအစ်ကို​ခုနစ်ဦးလုံး​သည် ထို​အမျိုးသမီး​ကို ယူ​၍ သားသမီး​မထွန်းကားဘဲ ကွယ်လွန်ကြ၏။ 27နောက်ဆုံး​၌ ထို​အမျိုးသမီး​သည်လည်း ကွယ်လွန်သွား၏။ 28ညီအစ်ကို​ခုနစ်ဦးလုံး​နှင့် ပေါင်းဖက်ခဲ့သူ​ဖြစ်​သောကြောင့် သေရာ​မှ​ရှင်ပြန်ထမြောက်မည့်​ကာလ​တွင် ထို​အမျိုးသမီး​သည် မည်သူ​၏ ဇနီး​ဖြစ်မည်နည်း” ဟု မေးလျှောက်ကြ၏။
29ယေရှု​က “သင်တို့​သည် ကျမ်းစာ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုးတော်​ကို​လည်းကောင်း မသိ​သောကြောင့် အယူလွဲနေကြ၏။ 30သေရာ​မှ​ရှင်ပြန်ထမြောက်မည့်​ကာလ​တွင် လူတို့​သည် လက်ထပ်ယူခြင်း​နှင့် လက်ထပ်​ပေးစားခြင်း​ကို ပြုကြမည်​မဟုတ်။ ထို​သူတို့​သည် ကောင်းကင်ဘုံ​ရှိ ကောင်းကင်တမန်များ​ကဲ့သို့​ဖြစ်ကြ​လိမ့်မည်။
31-32သေလွန်သော​သူတို့​ရှင်ပြန်ထမြောက်ခြင်း​နှင့်​ပတ်သက်၍ အာဗြဟံ၊ ဣဇာက်​နှင့် ယာကုပ်​တို့ သေလွန်​ပြီးနောက် အချိန်​ကြာမြင့်​ပြီးမှ​လည်း ဘုရားသခင်​က ‘ငါ​သည် အာဗြဟံ​၏​ဘုရား၊ ဣဇာက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်၏’ ဟု မိန့်တော်မူသည်​ကို ကျမ်းစာ​၌ သင်တို့ မဖတ်ဖူးကြသလော။ သို့ဖြစ်၍ ဘုရားသခင်​သည် သေလွန်သော​သူတို့​၏ ဘုရား​မဟုတ်ပါ။ အသက်ရှင်သော​သူတို့​၏ ဘုရား​ဖြစ်၏” ဟု မိန့်တော်မူ၏။
33ထို​အရာ​ကို လူထု​ပရိသတ်တို့​သည် ကြား​သောအခါ ယေရှု​၏ သွန်သင်ချက်​အပေါ် အံ့ဩကြ၏။
အရေးကြီးဆုံးသော​ပညတ်တော်
34ယေရှု​က ဇဒ္ဒုကဲများ​ကို နှုတ်ဆိတ်သွား​စေတော်မူကြောင်း ဖာရိရှဲတို့​ကြား​လျှင် ကိုယ်တော်​ထံသို့​စုဝေးလာကြ၏။ 35သူတို့​အထဲမှ ကျမ်းတတ်​ပညာရှင်​တစ်ဦး​က ယေရှု​အား 36“ဆရာတော်… ပညတ်ကျမ်း​ထဲတွင် မည်သည့်​ပညတ်တော်​သည် အရေးကြီးဆုံး​ဖြစ်သနည်း” ဟု ထောင်ချောက်ဆင်​၍ မေးလျှောက်လေ၏။
37ယေရှု​က “ ‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့၊ စိတ်ဝိညာဉ်​တစ်ခုလုံး၊ ဉာဏ်​ရှိသမျှ​နှင့် ချစ်လော့’#22:37 တရား ၆:၅။ 38ဟူသော​ပညတ်တော်​သည် ပထမဆုံး​နှင့် အကြီးမြတ်ဆုံး​ဖြစ်၏။ 39ဒုတိယ​ပညတ်တော်​သည်လည်း ထို​နည်းတူ​ဖြစ်​၍ ‘ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို ကိုယ်​နှင့်​အမျှ ချစ်လော့’#22:39 ဝတ် ၁၉:၁၈။ ဟူ၍ ဖြစ်၏။ 40ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်း​ရှိသမျှတို့​သည် ထို​ပညတ်တော်​နှစ်ချက်​အပေါ်တွင် အခြေခံသည်” ဟု မိန့်တော်မူ၏။
ခရစ်တော်​သည် မည်သူ​၏​သားတော်​ဖြစ်သနည်း
41ထို့နောက် ဖာရိရှဲတို့​သည် စုဝေးနေကြ​စဉ် ယေရှု​က 42“ခရစ်တော်#22:42 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ကို မည်သို့​ထင်မှတ်ကြသနည်း။ မည်သည့်​မျိုးဆက်​မှ မွေးဖွားလာသော​သူ​ဖြစ်သနည်း” ဟု မေးတော်မူ​လျှင် ဖာရိရှဲတို့​က “ဒါဝိဒ်မင်း​၏ သားတော်​ဖြစ်သည်” ဟု လျှောက်ကြ၏။
43ယေရှု​က “ထိုသို့​ဖြစ်လျှင် ဒါဝိဒ်မင်း​သည် ဝိညာဉ်တော်​၏​လှုံ့ဆော်မှု​ဖြင့် ခရစ်တော်​ကို အဘယ်ကြောင့် သခင်​ဟု ခေါ်သနည်း။ ဒါဝိဒ်မင်း​က
44‘ထာဝရဘုရား​သည် ကျွန်ုပ်​၏ သခင်​အား
“ငါ​၏ လက်ယာဘက်​၌ ထိုင်လော့။
ငါ​သည် သင်​၏​ရန်သူတို့​ကို သင်​၏​ခြေဖဝါး​အောက်​၌ ချထား​လိမ့်မည်” ဟူ၍ မိန့်တော်မူ၏’#22:44 ဆာ ၁၁၀:၁။
ဟု ဆိုခဲ့၏။
45ဒါဝိဒ်မင်း​က ခရစ်တော်​ကို သခင်​ဟူ၍ ခေါ်​လျှင် ခရစ်တော်​သည် မည်ကဲ့သို့ ဒါဝိဒ်မင်း​၏​သား ဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။
46ထိုအခါ မည်သူ​မျှ အဖြေ​မပေးနိုင်ကြ။ ထို​နေ့​မှစ၍ ယေရှု​အား မည်သူ​မျှ ထပ်မံ​၍ မမေးလျှောက်ဝံ့ကြပေ။

လက်ရှိရွေးချယ်ထားမှု

မဿဲ 22: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

မဿဲ 22 အကြောင်း ဗီဒီယိုများ