YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 21

21
ဂျေရုဆလင်မြို့​သို့ အောင်ပွဲခံ​၍ ဝင်ရောက်တော်မူခြင်း
1ယေရှု​နှင့် တပည့်တော်တို့​သည် ဂျေရုဆလင်မြို့​သို့ ချဉ်းကပ်​၍ သံလွင်တောင်​ခြေ​ရှိ ဗက်ဖာဂေရွာ​သို့ ရောက်လာကြ၏။ ထိုအခါ ယေရှု​သည် တပည့်တော်​နှစ်ပါး​ကို စေလွှတ်​၍ 2“သင်တို့​ရှေ့တွင်​ရှိသော ရွာ​သို့​သွားကြလော့။ ရွာ​ထဲသို့ ဝင်လျှင်​ဝင်ချင်း ကြိုးချည်ထားသော​မြည်းမ​နှင့် မြည်းကလေး​ကို တွေ့မြင်ရ​လိမ့်မည်။ မြည်းတို့​ကို ကြိုးဖြေ​၍ ငါ့​ထံသို့​ခေါ်ဆောင်လာကြလော့။ 3တစ်စုံတစ်ဦး​က သင်တို့​အား ‘အဘယ်ကြောင့် မြည်း​ကို ကြိုးဖြေကြသနည်း’ ဟု မေး​လျှင် ‘သခင်​အသုံးပြုလို​သောကြောင့်​ဖြစ်၏’ ဟု ဖြေကြလော့။ ထိုသို့​ဖြေလျှင် သူ​သည် ချက်ချင်း​ယူခွင့်ပြု​လိမ့်မည်” ဟု မိန့်မှာတော်မူ၏။
4ဤ​အရာ​မှာ ပရောဖက်​ဟောပြောခဲ့သည့်​အကြောင်းအရာ ဖြစ်လာ​ရန်​ပင်​ဖြစ်၏။ ထို​ဟောပြောချက်​မှာ
5“သင်တို့​၏​ရှင်ဘုရင်​သည် မြည်း​နှင့်
မြည်းကလေး​ပေါ်တွင် စီး​၍
နူးညံ့သိမ်မွေ့သော​စိတ်​ဖြင့် သင်တို့​ထံသို့​ကြွလာတော်မူပြီ​ဟု
ဇိအုန်​မြို့သူမြို့သားတို့#21:5 မူရင်း​ဂရိကျမ်း​တွင် “ဇိအုန်​သမီး” ဟု ပါရှိသည်။​အား ပြောကြလော့”#21:5 ဇာ ၉:၉။
ဟူ၍ ဖြစ်၏။
6တပည့်တော်​နှစ်ပါးတို့​သည်လည်း ယေရှု​ညွှန်ကြားတော်မူသည့်​အတိုင်း သွား​၍ လုပ်ဆောင်ကြပြီး 7မြည်း​နှင့်​မြည်းကလေး​ကို ခေါ်ဆောင်လာကြ၏။ ထို့နောက် သူတို့​၏​အဝတ်များ​ကို မြည်း​နှင့်​မြည်းကလေး​ပေါ်​၌ ခင်းပေးကြ​ရာ ယေရှု​သည်လည်း စီးတော်မူ၏။
8အလွန်​များပြားလှသော​လူအုပ်ကြီး​က မိမိတို့​၏ အဝတ်များ​ကို လမ်း​ပေါ်တွင်​ဖြန့်ခင်းကြ၏။ တချို့​က သစ်ကိုင်းသစ်ခက်တို့​ကို ခုတ်​၍ လမ်း​ပေါ်တွင် ဖြန့်ခင်းကြ၏။ 9ယေရှု​ရှေ့တော်​နှင့် နောက်တော်​တွင် လိုက်ပါသော​လူထုတို့​က
“ဒါဝိဒ်မင်း​၏ သားတော်​ကို ချီးမွမ်းကြ​ပါစေသော။#21:9 ဂရိဘာသာ​ဖြင့် တိုက်ရိုက်​အသံထွက်​လျှင် “ဟောရှဏ္ဏ” ဟူ၍ ဖြစ်သည်။ ၎င်း​သည် ချီးမွမ်း​ကြွေးကြော်သည့်​စကား​ဖြစ်ပြီး တိုက်ရိုက်​ပြန်ဆို​လျှင် ယခု​ကယ်တင်တော်မူပါ​ဟု အဓိပ္ပာယ်ရသည်။ ၂၁:၉ ခ တွင်လည်း ထို​နည်းတူ​ဖြစ်သည်။
ထာဝရဘုရား​၏ အမည်​နာမ​နှင့် ကြွလာသော​အရှင်​သည် မင်္ဂလာ​ရှိပါစေသော။
အမြင့်ဆုံးသော ကောင်းကင်ဘုံ​၌ ဘုရားသခင်​၏ ဂုဏ်တော်​ကို ချီးမွမ်းကြ​ပါစေသော”#21:9 ဆာ ၁၁၈:၂၅-၂၆၊ ၁၄၈:၁။
ဟု ကြွေးကြော်ကြ၏။
10ယေရှု​သည် ဂျေရုဆလင်မြို့​သို့ ဝင်တော်မူ​သော် တစ်မြို့လုံး​အုတ်အုတ်သဲသဲ​ဖြစ်​ကာ “ဤ​သူ​သည် မည်သူနည်း” ဟု မေးမြန်းကြ၏။
11လူထု​ပရိသတ်များ​က “ဤ​သူ​သည် ဂါလိလဲပြည် နာဇရက်မြို့​မှ ပရောဖက်၊ ယေရှု​ဖြစ်သည်” ဟု ဖြေဆိုကြ၏။
ဗိမာန်တော်​ကို ရှင်းလင်းတော်မူခြင်း
12ထို့နောက် ယေရှု​သည် ဗိမာန်တော်​သို့ ဝင်​၍ ဗိမာန်တော်​၌ ရောင်းဝယ်ဖောက်ကား​နေကြသောသူ​အားလုံး​ကို နှင်ထုတ်တော်မူ၏။ ငွေ​လဲလှယ်နေသော​သူတို့​၏ စားပွဲများ​နှင့် ချိုးငှက်​ရောင်းသော​သူတို့​၏ ခုံများ​ကို မှောက်လှန်တော်မူ၏။ 13ယေရှု​က “ကျမ်းစာ​တွင် ‘ငါ​၏ အိမ်တော်​သည် ဆုတောင်းရာ​အိမ်တော်​ဟု ခေါ်ဆို​ရမည်’ ဟူ၍ ရေးသားထား​သော်လည်း သင်တို့​သည် အိမ်တော်​ကို ဓားပြစခန်း​ဖြစ်စေကြပြီ”#21:13 ဟေရှာ ၅၆:၇၊ ယေ ၇:၁၁။ ဟု သူတို့​အား မိန့်တော်မူ၏။
14ထိုအခါ ဗိမာန်တော်​၌ မျက်မမြင်များ​နှင့် ခြေမသန်သူများ​သည် ကိုယ်တော်​ထံသို့ လာကြ​သော် ကိုယ်တော်​သည် သူတို့​အား ကျန်းမာစေတော်မူ၏။ 15သို့သော် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​သည် ယေရှု​ပြုသော အံ့ဖွယ်​အမှုများ​ကိုလည်းကောင်း၊ “ဒါဝိဒ်မင်း​၏ သားတော်​ကို ချီးမွမ်းကြ​ပါစေသော” ဟု ဗိမာန်တော်​၌ ကလေးငယ်များ​အော်ဟစ်ကြသည်​ကို​လည်းကောင်း မြင်​လျှင် ဒေါသထွက်ကြ၏။
16ထို့ကြောင့် သူတို့​က “ဤ​ကလေးငယ်များ မည်သို့​ပြောဆိုနေကြသည်​ကို ကြားသလော” ဟု ကိုယ်တော်​အား မေးကြ၏။
ယေရှု​က “ငါ​ကြား၏။ ကျမ်းစာ​၌ ‘ကလေးများ​နှင့် နို့စို့သူငယ်များ​က ကိုယ်တော်​ကို ချီးမွမ်း​စေရန် ကိုယ်တော်​သည် သင်ကြားပေးတော်မူပြီ’#21:16 ဆာ ၈:၂။ ဟူ၍​ရေးသားထားသည်​ကို သင်တို့ တစ်ခါမျှ​မဖတ်ဖူးသလော” ဟု မိန့်တော်မူ၏။ 17ထို့နောက် ယေရှု​သည် သူတို့​ထံမှ ထွက်ခွာ​၍ ဗေသနိရွာ​သို့ ကြွ​ကာ ထို​ရွာ​၌ တစ်ညတာ​တည်းခိုတော်မူ၏။
သဖန်းပင်​အား ကျိန်တော်မူခြင်း
18မနက်ခင်း​တွင် ဂျေရုဆလင်မြို့​သို့ ပြန်ကြွတော်မူ​စဉ် ယေရှု​သည် ဆာလောင်တော်မူ၏။ 19ထိုအခါ လမ်းဘေး​၌ သဖန်းပင်​တစ်ပင်​ကို မြင်သော် အပင်​နားသို့ ကြွတော်မူ၏။ သို့သော် အသီး​တစ်လုံး​မျှ​မရှိဘဲ အရွက်များ​ကိုသာ တွေ့မြင်တော်မူ၏။ ထိုအခါ ယေရှု​က ထို​အပင်​အား “ယခု​မှစ၍ မည်သည့်​အခါမျှ သင်​၌ အသီး​မသီးပါစေနှင့်” ဟု မိန့်တော်မူ၏။ ထို​သဖန်းပင်​သည်လည်း ချက်ချင်း​ခြောက်သွေ့သွားလေ၏။
20ထို​ဖြစ်ရပ်​ကို တပည့်တော်တို့​သည် မြင်​လျှင် အလွန်​အံ့အားသင့်​လျက် “သဖန်းပင်​သည် မည်သို့သော​အားဖြင့် ချက်ချင်း​ခြောက်သွေ့သွားသနည်း” ဟု မေးလျှောက်ကြ၏။
21ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​သည် သံသယ​ကင်းသော ယုံကြည်ခြင်း​ရှိ​လျှင် ထို​သဖန်းပင်​ကို ငါ​ပြု​သကဲ့သို့ သင်တို့​ပြုနိုင်မည်။ ထိုမျှမက ဤ​တောင်​အား ‘ဤ​နေရာ​မှ ရွေ့​ကာ ပင်လယ်​သို့ ကျလော့’ ဟု ပြော​လျှင် ပြောသည့်​အတိုင်း ဖြစ်​လိမ့်မည်။ 22သင်တို့​သည် မည်သည့်​အရာ​ကို​မဆို ယုံကြည်ခြင်း​ဖြင့် ဆုတောင်း​လျှင် တောင်း​သမျှ​ကို ရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။
အခွင့်အာဏာတော်​ကို စစ်ဆေးမေးမြန်းကြခြင်း
23ယေရှု​သည် ဗိမာန်တော်​သို့ ဝင်တော်မူ​၍ သွန်သင်တော်မူ​စဉ် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် အကြီးအကဲများတို့​သည် ကိုယ်တော်​ထံသို့ ချဉ်းကပ်​၍ “သင်​သည် ဤ​အခြင်းအရာများ​ကို မည်သည့်​အခွင့်အာဏာ​ဖြင့် လုပ်ဆောင်နေသနည်း။ ဤ​အခွင့်အာဏာ​ကို မည်သူ​က ပေးသနည်း” ဟု မေးလျှောက်ကြ၏။
24ယေရှု​က “သင်တို့​ကို မေးခွန်း​တစ်ခု ငါ​မေးမည်။ သင်တို့ ဖြေနိုင်​ပါက မည်သည့်​အခွင့်အာဏာ​ဖြင့် ဤ​အခြင်းအရာများ​ကို လုပ်ဆောင်နေကြောင်း ငါ​ပြောမည်။ 25ယောဟန်​၏ နှစ်ခြင်းမင်္ဂလာ​ပေးရသော​အခွင့်အာဏာ​သည် ကောင်းကင်ဘုံ​မှ လာသလော။ လူ့​ထံမှ လာသလော” ဟု မေးတော်မူ၏။
ထိုအခါ သူတို့​က “ငါတို့​သည် ‘ကောင်းကင်ဘုံ​မှ လာသည်’ ဟု ဖြေ​လျှင် သူ​က ‘ထိုသို့​ဆိုလျှင် သင်တို့​သည် အဘယ်ကြောင့် ယောဟန်​ကို မယုံကြသနည်း’ ဟု မေး​လိမ့်မည်။ 26သို့သော် ငါတို့​က ‘လူ့​ထံမှ​လာသည်’ ဟု ဖြေ​လျှင် လူထုပရိသတ်​ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့​သည် ယောဟန်​ကို ပရောဖက်​တစ်ပါး​ဖြစ်သည်​ဟု ယုံကြည်ထားကြ​သောကြောင့်​ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ 27ထို့ကြောင့် သူတို့​က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှု​အား ဖြေဆိုကြ၏။
ထိုအခါ ယေရှု​က “ငါ​သည်လည်း မည်သည့်​အခွင့်အာဏာ​ဖြင့် လုပ်ဆောင်နေကြောင်း​ကို သင်တို့​အား​မပြောနိုင်” ဟု ထို​သူတို့​အား မိန့်တော်မူ၏။
သား​နှစ်ဦး ပုံဥပမာ
28ထို့နောက် ယေရှု​က “ဤ​အကြောင်းအရာ​ကို သင်တို့ မည်သို့​ထင်ကြသနည်း။ လူတစ်ယောက်​၌ သား​နှစ်ယောက်​ရှိ၏။ သူ​သည် သားကြီး​ထံသို့​သွား​၍ ‘ငါ့​သား… ယနေ့ စပျစ်ခြံ​သို့ သွား​၍ အလုပ်လုပ်လော့’ ဟု ပြော၏။ 29သားဖြစ်သူ​က ‘ကျွန်ုပ် မသွားလိုပါ’ ဟု ပြန်​ပြော၏။ သို့သော်လည်း နောက်မှ နောင်တရ​၍ စပျစ်ခြံ​သို့ သွားလေ၏။ 30ထို့နောက် ဖခင်ဖြစ်သူ​သည် သားငယ်​ထံသို့ သွား​၍ ယခင်​အတိုင်း​ပြောလေ၏။ သားငယ်​က ‘ဟုတ်ကဲ့ အဖေ။ ကျွန်ုပ် သွားပါမည်’ ဟု ဆို၏။ သို့သော်လည်း မသွားဘဲ​နေ၏။
31ထို​သား​နှစ်ဦးတို့​တွင် မည်သူ​သည် ဖခင်​စကား​ကို နားထောင်သနည်း” ဟု မေးတော်မူ၏။
တပည့်တော်တို့​က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။
ယေရှု​က သူတို့​အား “ငါ​အမှန်​ဆိုရ​လျှင် အကျင့်ပျက်သော​အခွန်ကောက်သူများ​နှင့် ပြည့်တန်ဆာများ​သည် ဘုရားသခင်​၏ နိုင်ငံတော်​သို့ သင်တို့​ထက်​အလျင် ဝင်ကြ​လိမ့်မည်။ 32နှစ်ခြင်းဆရာ​ယောဟန်​သည် လာ​၍ မှန်ကန်​စွာ အသက်ရှင်​ရန် သင်တို့​အား လမ်းပြခဲ့၏။ သို့သော် သင်တို့​သည် သူ့​ကို မယုံကြ။ အခွန်ကောက်သူများ​နှင့် ပြည့်တန်ဆာများ​ကမူ ယုံကြည်ကြ၏။ သင်တို့​သည် ထို​အရာ​ကို မြင်​လျက်နှင့်ပင် နောင်တရ​၍ သူ့​ကို ယုံကြည်လာခြင်း​မရှိကြ။
ဆိုးသွမ်းသော​စပျစ်ခြံလုပ်သားများ ပုံဥပမာ
33အခြားသော​ပုံဥပမာ​တစ်ခု​ကို နားထောင်ကြလော့။ မြေရှင်​တစ်ဦး​သည် စပျစ်ခြံ​ကို စိုက်ပျိုး​၍ ခြံခတ်လေ၏။ သူ​သည် ထို​ခြံ​ထဲတွင် စပျစ်သီးနယ်ရာ​ကျင်း​ကို တူး​ပြီး ကင်းစောင့်မျှော်စင်​ကိုလည်း ဆောက်၏။ ထို့နောက် ထို​စပျစ်ခြံ​ကို စပျစ်ခြံလုပ်သားများ​အား ငှားရမ်း​၍ အခြား​တိုင်းပြည်​သို့ သွားလေ၏။ 34စပျစ်သီးဆွတ်ချိန် ရောက်​သောအခါ စပျစ်သီး​တချို့​ကို ရယူ​ရန် အစေခံတို့​ကို စပျစ်ခြံလုပ်သားများ​ထံသို့ စေလွှတ်လိုက်၏။ 35သို့သော် စပျစ်ခြံလုပ်သားများ​က သူ​၏​အစေခံများ​ကို ဖမ်းချုပ်​လျက် တစ်ဦး​ကို​ရိုက်​၍ တစ်ဦး​ကို​သတ်​ကာ တစ်ဦး​ကို ကျောက်ခဲ​နှင့်​ပေါက်ကြ၏။ 36ထို့ကြောင့် မြေရှင်​သည် ယခင်​ထက်​ပို၍များသော အစေခံများ​ကို စေလွှတ်လေ၏။ သို့သော်လည်း စပျစ်ခြံလုပ်သားများ​က သူတို့​ကို ယခင်​အတိုင်း ပြုမူကြ၏။
37နောက်ဆုံး​တွင် မြေရှင်​က ‘ငါ့​သား​ကိုမူ သူတို့​လေးစားကြ​လိမ့်မည်’ ဟု တွေး​လျက် မိမိ​သား​ကို စေလွှတ်လိုက်၏။
38သို့သော် စပျစ်ခြံလုပ်သားများ​က မြေရှင်​၏​သား​ကို မြင်​သောအခါ ‘ဤ​သူ​သည် အမွေဆက်ခံမည့်သူ​ဖြစ်၏။ လာကြ။ သူ့​ကို​သတ်​၍ သူ​၏​အမွေ​ကို ရယူကြစို့’ ဟု အချင်းချင်း​တိုင်ပင်ကြ၏။ 39ထို့နောက် သူ့​ကို ဖမ်း​ကာ စပျစ်ခြံ​အပြင်​သို့ ထုတ်​၍ သတ်ကြ၏။
40ဤသို့​ဖြစ်လျှင် မြေရှင် ရောက်လာ​သောအခါ စပျစ်ခြံလုပ်သားတို့​ကို မည်သို့​ပြု​လိမ့်မည်နည်း” ဟု မေးတော်မူ၏။
41လူတို့​က “သူ​သည် ထို​ဆိုးသွမ်းသော​သူတို့​ကို ရက်စက်​စွာ သုတ်သင်ဖယ်ရှား​လိမ့်မည်။ ထို့နောက် စပျစ်သီးဆွတ်ချိန်​တွင် သူ့​အား စပျစ်သီး​တချို့​ပေးမည့် အခြားသော​စပျစ်ခြံလုပ်သားတို့​အား ထို​စပျစ်ခြံ​ကို ငှားရမ်းပါ​လိမ့်မည်” ဟု လျှောက်ကြ၏။
42ထိုအခါ ယေရှု​က “ကျမ်းစာ​၌
‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည်
အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏။
ဤ​အမှု​သည် ထာဝရဘုရား ပြုတော်မူသော​အမှု​ဖြစ်၏။
ငါတို့​မျက်စိ​ရှေ့​၌လည်း အံ့ဖွယ်​ဖြစ်၏’#21:42 ဆာ ၁၁၈:၂၂-၂၃။
ဟု ရေးထားသည်​ကို သင်တို့ မဖတ်ဖူးကြသလော။
43ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​၏​နိုင်ငံတော်​ကို သင်တို့​ထံမှ သိမ်းယူ​၍ နိုင်ငံတော်​၏​အသီး​ကို သီးသည့်​လူများ​ထံသို့ ပေးအပ်တော်မူ​လိမ့်မည်။ 44ထို​ကျောက်​ပေါ်သို့ ကျသော​သူ​သည် တစ်စစီ​ကျိုးပဲ့​လိမ့်မည်။ ထို​ကျောက်​သည် တစ်စုံတစ်ဦး​အပေါ်သို့ ကျ​လျှင်​လည်း ထို​သူ​သည် ညက်ညက်ကြေ​လိမ့်မည်” ဟု မိန့်တော်မူ၏။#21:44 အချို့​လက်ရေးမူကျမ်းများ​တွင် ဤ​အပိုဒ်​မပါဝင်ပါ။
45ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဖာရိရှဲတို့​က ထို​ပုံဥပမာ​ကို ကြား​သောအခါ ယေရှု​သည် မိမိတို့​အား ဆိုးသွမ်းသော​စပျစ်ခြံလုပ်သားများ​အဖြစ် ရည်ညွှန်း​ပြောဆိုကြောင်း သဘောပေါက်ကြ၏။ 46ထို့ကြောင့် သူတို့​သည် ယေရှု​ကို ဖမ်းဆီး​လိုကြ၏။ သို့သော်လည်း လူတို့​ကို ကြောက်ရွံ့ကြ၏။ အဘယ်ကြောင့်ဆိုသော် လူထု​သည် ယေရှု​ကို ပရောဖက်​တစ်ပါး​ကဲ့သို့ မှတ်ယူကြ​သောကြောင့်​ဖြစ်၏။

လက်ရှိရွေးချယ်ထားမှု

မဿဲ 21: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ