YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 20

20
စပျစ်ခြံ​လုပ်သားများ ပုံဥပမာ
1ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ မြေရှင်​တစ်ဦး​သည် မိမိ​၏​စပျစ်ခြံ​အတွက် လုပ်သားများ​ငှား​ရန် နံနက်​စောစော ထွက်သွား၏။ 2ထို​သူ​သည် လုပ်သားတို့​အား နေ့စားခ​ငွေဒင်္ဂါး​တစ်ပြား#20:2 မူရင်း​ဂရိကျမ်း​တွင် “ဒေနာရိ” ဟု ပါရှိသည်။ ဒေနာရိ​တစ်ပြား​၏ တန်ဖိုး​သည် လုပ်သား​တစ်ဦး​၏​တစ်နေ့တာ​လုပ်အားခ​နှင့် ညီမျှသည်။ ပေး​ရန် သဘောတူ​ပြီးနောက် မိမိ​စပျစ်ခြံ​သို့ စေလွှတ်လိုက်၏။
3ထို့နောက် နံနက်​ကိုးနာရီ​အချိန်​တွင်#20:3 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “တတိယ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “တတိယ​နာရီ” ဟု ဆိုရာ​တွင် နံနက်​ကိုးနာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။ အပြင်​သို့ ထွက်လာ​ရာ လူ​တချို့​သည် အလုပ်​မရှိဘဲ ဈေး​၌ ရပ်နေကြသည်​ကို တွေ့မြင်လေ၏။ 4ထို့ကြောင့် ထို​သူတို့​အား ‘သင်တို့​သည်လည်း စပျစ်ခြံ​သို့​သွား​၍ အလုပ်လုပ်ကြ။ ထိုက်သင့်ငွေ​ကို ငါ​ပေးမည်’ ဟု ဆို​သဖြင့် ထို​သူတို့​သည် သွားကြ၏။ 5မွန်းတည့်ချိန်#20:5 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “ဆဋ္ဌမ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “ဆဋ္ဌမ​နာရီ” ဟု ဆိုရာ​တွင် မွန်းတည့်ချိန်​ကို ဆိုလိုခြင်း​ဖြစ်သည်။​နှင့် မွန်းလွဲ​သုံးနာရီ​ခန့်​တွင်#20:5 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “နဝမ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “နဝမ​နာရီ” ဟု ဆိုရာ​တွင် မွန်းလွဲ​သုံးနာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။ ထွက်​၍ ထိုနည်းတူ​ပြုလေ၏။
6ညနေ​ငါးနာရီ​ခန့်​တွင်#20:6 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “ဒသမ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “ဒသမ​နာရီ” ဟု ဆိုရာ​တွင် ညနေ​ငါးနာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။ ထွက်ပြန်​လျှင် လူ​တချို့​သည် အလုပ်​မရှိဘဲ​ရပ်နေသည်​ကို တွေ့မြင်​သဖြင့် ‘သင်တို့​သည် အဘယ်ကြောင့် တစ်နေ့လုံး​အလုပ်​မရှိဘဲ ဤ​နေရာ​တွင် ရပ်နေကြသနည်း’ ဟု မေး၏။
7ထို​သူတို့​က ‘ကျွန်ုပ်တို့​အား ငှားမည့်သူ​မရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။
မြေရှင်​က ထို​သူတို့​အား ‘သင်တို့​သည်လည်း ငါ့​စပျစ်ခြံ​သို့​သွား​၍ အလုပ်လုပ်ကြ’ ဟု ဆို၏။
8ညချမ်း​အချိန်​ရောက်​သောအခါ စပျစ်ခြံ​ပိုင်ရှင်​သည် သူ​၏​စီမံခန့်ခွဲရေးမှူး​အား ‘လုပ်သားများ​ကို ခေါ်​ကာ နောက်ဆုံး​အလုပ်​ဝင်သူ​မှစ၍ အဦးဆုံး​အလုပ်​ဝင်သူ​အထိ လုပ်အားခ​ကို​ပေးလော့’ ဟု ဆို၏။ 9ညနေ​ငါးနာရီ​ခန့်​တွင် အလုပ်ဝင်သည့်​သူများ ရောက်လာ​သော် စီမံခန့်ခွဲရေးမှူး​သည် ထို​သူတို့​အား ငွေဒင်္ဂါး​တစ်ပြား​စီ ပေးလေ၏။ 10ဦးစွာ​အလုပ်​ဝင်သူများ​သည် ရောက်လာ​ပြီးလျှင် မိမိတို့​သည် ပို​၍ ရမည်​ဟု ထင်မှတ်ကြ၏။ သို့သော် သူတို့​သည်လည်း ငွေဒင်္ဂါး​တစ်ပြား​စီ​ပင် ရကြ၏။ 11ထို​သူတို့​သည် လုပ်အားခ​ကို လက်ခံရရှိ​သောအခါ မြေရှင်​အပေါ် မကျေမနပ်ဖြစ်​လျက် 12‘နောက်​မှ အလုပ်​ဝင်သော ဤ​သူတို့​သည် တစ်နာရီ​သာ လုပ်ဆောင်ကြ၏။ ကျွန်ုပ်တို့​သည် တစ်နေ့လုံး နေပူ​ထဲတွင် ပင်ပန်း​စွာ လုပ်ဆောင်ကြရပါ၏။ သို့သော် အရှင်​သည် သူတို့​အား ကျွန်ုပ်တို့​နှင့် ညီတူညီမျှ​ပေးလေပြီ’ ဟု ပြောဆိုကြ၏။
13ထိုအခါ မြေရှင်​က သူတို့​အထဲမှ​တစ်ဦး​အား ‘မိတ်ဆွေ… ငါ​သည် သင့်​အပေါ် မတရား​မလုပ်ပါ။ တစ်နေ့​လျှင် ငွေဒင်္ဂါး​တစ်ပြား​နှင့် အလုပ်လုပ်​ရန် သင်​သဘောတူခဲ့သည်​မဟုတ်လော။ 14သင်​ရထိုက်သည့်​လုပ်အားခ​ကို ယူ​၍ ပြန်လော့။ နောက်​မှ ဝင်သော​သူတို့​ကိုလည်း သင့်​ကို ပေး​သကဲ့သို့ ငါ​ပေးလို၏။ 15ငါ​ပိုင်သည့် ငွေ​ကို ငါ​သုံးလိုသည့်​အတိုင်း သုံးခွင့်​မရှိ​သလော။ ငါ​သည် ရက်ရော​သောကြောင့် သင်တို့​သည် မနာလိုစိတ်​ရှိသလော’ ဟု တုံ့ပြန်၏။
16ထို့ကြောင့် ယခု အကြီးမြတ်ဆုံးသော​သူတို့​သည် အသေးနုပ်ဆုံး​ဖြစ်​လိမ့်မည်။ ယခု​အသေးနုပ်ဆုံးသော​သူတို့​သည် အကြီးမြတ်ဆုံး​ဖြစ်​လိမ့်မည်” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်​အကြောင်း​ကို ထပ်မံ​၍ ကြိုတင်​ဟောတော်မူခြင်း
17ယေရှု​သည် ဂျေရုဆလင်မြို့​သို့ ကြွတော်မူ​စဉ် လမ်း​၌ တပည့်တော်​ဆယ့်နှစ်ပါး​ကို ဘေးသို့​သီးခြား​ခေါ်​၍ 18“နားထောင်ကြလော့။ ငါတို့​သည် ဂျေရုဆလင်မြို့​သို့ သွား​လျက်​ရှိ၏။ ထို​မြို့​တွင် လူသား#20:18 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော​ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​၏​လက်​သို့ အပ်နှံခြင်း​ခံရမည်။ သူတို့​သည် သူ့​ကို သေဒဏ်​ပေးကြ​လိမ့်မည်။ 19လူသား​ကို လူမျိုးခြားတို့​၏​လက်​သို့ အပ်နှံ​၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်​တွင် သတ်ခြင်း စသည်တို့​ကို​ပြု​စေ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။
သူတစ်ပါး​ကို အစေခံခြင်း​အကြောင်း သွန်သင်တော်မူခြင်း
20ထို့နောက် ဇေဗေဒဲ​၏​ဇနီး​သည် သား​နှစ်ယောက်​နှင့်အတူ ယေရှု​ထံသို့ လာ​၍ ရှေ့တော်​တွင် ဒူးထောက်​လျက် ကျေးဇူးပြုတော်မူ​ရန် လျှောက်လေ၏။ 21ထိုအခါ ယေရှု​က “မည်သည့်​အရာ​ကို တောင်းလိုသနည်း” ဟု မေးတော်မူ၏။
သူ​က “ကိုယ်တော်​၏​နိုင်ငံတော်​တွင် ကျွန်မ​၏ သား​နှစ်ယောက်​ကို ကိုယ်တော်​၏​လက်ဝဲတော်ဘက်​၌​တစ်ယောက်၊ လက်ယာတော်ဘက်​၌​တစ်ယောက် ထိုင်ခွင့်​ပေးတော်မူပါ” ဟု လျှောက်၏။
22ယေရှု​က “သင်တို့​သည် မည်သည့်​အရာ တောင်းသည်​ကို သင်တို့​မသိကြ။ ငါ​သောက်မည့်​ဒုက္ခဝေဒနာ​ခွက်​ကို သင်တို့​သောက်နိုင်မည်လော” ဟု ထို​သား​နှစ်ဦး​အား မေးတော်မူ​လျှင် သူတို့​က “အကျွန်ုပ်တို့ သောက်နိုင်ပါသည်” ဟု လျှောက်ကြ၏။
23ယေရှု​က “သင်တို့​သည် ငါ​၏​ခွက်​ကို အမှန်​သောက်ကြရမည်။ သို့ရာတွင် ငါ​၏ လက်ဝဲ​နှင့်​လက်ယာ တစ်ဖက်စီ​၌ ထိုင်ခွင့်​ကို ငါ​ပေးသည်​မဟုတ်။ ထို​နေရာများ​ကို ငါ​၏ ခမည်းတော်​သည် မိမိ​ရွေးချယ်တော်မူသောသူများ​အတွက် ပြင်ဆင်တော်မူ၏” ဟု မိန့်တော်မူ၏။
24ထို​အကြောင်း​ကို ကျန်​တပည့်တော်​ဆယ်ပါး​တို့ ကြား​သောအခါ ထို​ညီအစ်ကို​နှစ်ဦး​ကို ဒေါသထွက်ကြ၏။ 25သို့သော်လည်း ယေရှု​သည် တပည့်တော်တို့​ကို မိမိ​ထံ ခေါ်​လျက် “လူမျိုးခြားများ​၏​အစိုးရမင်းတို့​သည် လူများ​အပေါ် အုပ်စိုးခြယ်လှယ်​တတ်ကြ၏။ အကြီးအမှူးတို့​သည်လည်း မိမိ​လက်အောက်တွင်​ရှိသော လူများ​အပေါ် အာဏာပြတတ်ကြ၏။ 26သင်တို့​ကမူ ထိုသို့​မပြုကြနှင့်။ သင်တို့​အထဲတွင် ခေါင်းဆောင်​ဖြစ်လိုသူ​သည် သင်တို့​၏ အစေခံ​ဖြစ်ရမည်။ 27အထွတ်အမြတ်​ဖြစ်လိုသော​သူ​သည် သင်တို့​၏ ကျွန်​ဖြစ်ရမည်။ 28လူသား​ပင်လျှင် သူတစ်ပါး​ကို​စေခိုင်း​ရန် ကြွလာသည်​မဟုတ်။ သူတစ်ပါး​အား အစေခံ​ရန်​နှင့် မိမိ​အသက်​ကို စွန့်​၍ လူများ​အား ရွေးနုတ်​ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
မျက်မမြင်​နှစ်ဦးတို့​ကို မျက်စိ​မြင်စေတော်မူခြင်း
29ယေရှု​နှင့် တပည့်တော်များ​သည် ဂျေရိခေါမြို့​မှ ထွက်ခွာ​သောအခါ လူအုပ်ကြီး​သည် နောက်တော်​သို့ လိုက်ကြ၏။ 30ထို​အရပ်​တွင် မျက်မမြင်​နှစ်ဦးတို့​သည် လမ်းဘေး​၌ ထိုင်နေကြ၏။ သူတို့​သည် ယေရှု​ကြွသွားတော်မူ​ကြောင်း ကြား​သောအခါ “ဒါဝိဒ်မင်း​၏ သားတော် သခင်… အကျွန်ုပ်တို့​ကို သနားတော်မူပါ” ဟု အော်ဟစ်ကြ၏။
31လူထု​က ထို​သူတို့​အား တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်ကြ​သော်လည်း သူတို့​က “ဒါဝိဒ်မင်း​၏ သားတော် သခင်… အကျွန်ုပ်တို့​ကို သနားတော်မူပါ” ဟု ပို၍​အော်ဟစ်ကြ၏။
32ယေရှု​သည် ရပ်တော်မူ​၍ သူတို့​အား ခေါ်​ကာ “သင်တို့​အတွက် မည်သို့​ပြု​စေလိုသနည်း” ဟု မေးတော်မူ၏။
33သူတို့​က “သခင်… အကျွန်ုပ်တို့​၏ မျက်စိ​ကို မြင်စေတော်မူပါ” ဟု လျှောက်ကြ၏။ 34ယေရှု​သည် သနားတော်မူ​သဖြင့် သူတို့​၏​မျက်စိ​ကို လက်​နှင့်​တို့ထိတော်မူ၏။ သူတို့​သည် ချက်ချင်း​ပင် မျက်စိ​မြင်​၍ နောက်တော်​သို့​လိုက်ကြ၏။

လက်ရှိရွေးချယ်ထားမှု

မဿဲ 20: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

မဿဲ 20 အကြောင်း ဗီဒီယိုများ