YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 19

19
လက်ထပ်ခြင်း​နှင့် ကွာရှင်းခြင်း​အကြောင်း ဆွေးနွေးခြင်း
1ဤ​တရားတော်များ​ကို မိန့်တော်မူ​ပြီး​သောအခါ ယေရှု​သည် ဂါလိလဲပြည်​မှ​ထွက်ခွာ​၍ ဂျော်ဒန်မြစ်​တစ်ဖက်ကမ်း​ရှိ ယုဒပြည်​သို့ ကြွတော်မူ၏။ 2လူအုပ်ကြီး​သည်လည်း နောက်တော်​သို့ လိုက်ကြ​သဖြင့် ထို​အရပ်​တွင် ယေရှု​သည် ဖျားနာသောသူများ​ကို ကျန်းမာစေတော်မူ၏။
3ဖာရိရှဲ​တချို့​သည် စမ်းသပ်လို​သဖြင့် ကိုယ်တော်​ထံသို့ လာ​၍ “လူတစ်ဦး​သည် မည်သည့်​အကြောင်း​ကြောင့်​ဖြစ်စေ မိမိ​ဇနီး​ကို ကွာရှင်းသည်​မှာ ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
4ယေရှု​က “အစဦး​တွင် ဘုရားသခင်​သည် ‘ယောက်ျား​နှင့်​မိန်းမ​ကို ဖန်ဆင်းတော်မူ၏။ 5ထို့ကြောင့် ယောက်ျား​သည် မိခင်​နှင့် ဖခင်​ကို ခွဲခွာ​၍ မိမိ​ဇနီး​နှင့် ပေါင်းဖက်​သဖြင့် သူတို့​နှစ်ဦး​သည် တစ်သားတည်း​ဖြစ်ကြ​လိမ့်မည်’#19:5 က ၁:၂၇၊ ၅:၂၊ ၂:၂၄။ ဟု ကျမ်းစာ​တွင် ပါရှိသည်​ကို သင်တို့ မဖတ်ဖူးကြသလော။ 6သို့ဖြစ်၍ သူတို့​သည် နှစ်ဦး​မဟုတ်တော့ဘဲ တစ်ဦးတည်း​ဖြစ်ကြ၏။ ဘုရားသခင် ပေါင်းဖက်စေတော်မူသော​သူတို့​ကို မည်သူ​က​မျှ မခွဲခွာစေနှင့်” ဟု မိန့်တော်မူ၏။
7ဖာရိရှဲတို့​က “သို့ဖြစ်လျှင် ကွာရှင်းစာချုပ်​ကို ဇနီး​အား ပေး​၍ ကွာ​စေရန် မောရှေ​သည် အဘယ်ကြောင့်​ညွှန်ကြားခဲ့သနည်း” ဟု မေးလျှောက်ကြပြန်၏။
8ယေရှု​က “သင်တို့​သည် အလွန်​ခေါင်းမာ​သောကြောင့် မောရှေ​သည် သင်တို့​အား ဇနီး​နှင့်​ကွာရှင်းခွင့်​ပေးရ၏။ သို့သော် အစဦး​၌ ထိုသို့​မဟုတ်ပါ။ 9သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဇနီးဖြစ်သူ​၏​ဖောက်ပြန်ခြင်း​မှလွဲ၍ မိမိ​ဇနီး​အား ကွာရှင်း​ကာ အခြား​တစ်ဦး​နှင့် လက်ထပ်သော​ခင်ပွန်း​သည် အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။
10တပည့်တော်တို့​ကလည်း ယေရှု​အား “ဇနီးမောင်နှံ​ဆက်နွယ်မှု​သည် ထိုသို့​ဖြစ်​ပါက အိမ်ထောင်​မပြု​လျှင် ပို၍​ကောင်းသည်” ဟု လျှောက်ဆိုကြ၏။
11သို့သော် ယေရှု​က “ဤ​အဆို​ကို လူတိုင်း လက်ခံနိုင်ကြမည်​မဟုတ်။ ဘုရားသခင်​က နားလည်နိုင်စွမ်း​ပေးတော်မူသော​သူတို့​သာ လက်ခံနိုင်ကြ၏။ 12တချို့​မှာ မိခင်​ဝမ်းတွင်း​ကပင် အိမ်ထောင်ပြုနိုင်စွမ်း​မရှိဘဲ မွေးလာကြ၏။ တချို့​မှာ အခြားသူများ​ကြောင့် အိမ်ထောင်​ပြုနိုင်စွမ်း​ကို စွန့်လွှတ်ကြရ၏။ တချို့​မှာ ကောင်းကင်​နိုင်ငံတော်​အတွက် အိမ်ထောင်​မပြုဘဲ​နေကြ၏။ ဤ​အရာ​ကို လက်ခံနိုင်သော​သူ​သည် လက်ခံပါစေ” ဟု မိန့်တော်မူ၏။
ကလေးငယ်များ​ကို ကောင်းချီးပေးတော်မူခြင်း
13တစ်နေ့​တွင် အချို့​မိဘများ​သည် မိမိတို့​၏​သားသမီးများ​အပေါ် ကိုယ်တော်​၏​လက်တော်​တင်​၍ ဆုတောင်းပေး​စေရန် ကိုယ်တော်​ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့​သည် ထို​သူတို့​ကို ဟန့်တားကြ၏။
14သို့သော် ယေရှု​က “ကလေးငယ်များ ငါ့​ထံ​လာပါစေ။ သူတို့​ကို မတားကြနှင့်။ ကောင်းကင်​နိုင်ငံတော်​သည် ထိုသို့သော​သူတို့​၏ နိုင်ငံတော်​ဖြစ်သည်” ဟု မိန့်တော်မူ၏။ 15ထို့နောက် ကလေးငယ်များ​၏ ခေါင်း​ပေါ်တွင် လက်တော်​တင်​၍ ကောင်းချီးပေး​ပြီးလျှင် ထို​နေရာ​မှ ထွက်ကြွတော်မူ၏။
ချမ်းသာကြွယ်ဝသော​သူ
16ထိုအခါ လူတစ်ဦး​သည် ယေရှု​ထံသို့ လာ​၍ “ဆရာတော်#19:16 အချို့​လက်ရေးမူကျမ်းများ​တွင် “ကောင်းမြတ်သော​ဆရာတော်” ဟု ဖော်ပြထားသည်။… ထာဝရ​အသက်​ကို ရရှိ​ရန် အကျွန်ုပ်​သည် မည်သည့်​ကောင်းမှု​ကို ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
17ယေရှု​က “ကောင်းမှု​နှင့်​ပတ်သက်၍ အဘယ်ကြောင့်​ငါ့​ကို မေးသနည်း။ ကောင်းမြတ်သော​အရှင် တစ်ပါးတည်း​သာ​ရှိ၏။ ထာဝရ​အသက်​ကို ရလို​လျှင် ပညတ်တော်များ​ကို လိုက်နာလော့” ဟု မိန့်တော်မူ၏။
18ထို​သူ​က “မည်သည့် ပညတ်များ​ဖြစ်ပါသနည်း” ဟု လျှောက်၏။ ယေရှု​က “လူ့​အသက်​ကို မသတ်နှင့်။ သူတစ်ပါး​သားမယား​ကို မပြစ်မှားနှင့်။ မခိုးယူနှင့်။ မမှန်သော​သက်သေ​ကို မထွက်ဆိုနှင့်။ 19သင်​၏​မိဘ​ကို ရိုသေလော့။ ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို ကိုယ်​နှင့်​အမျှ ချစ်လော့”#19:19 ထွ ၂၀:၁၂-၁၆၊ တရား ၅:၁၆-၂၀၊ ဝတ် ၁၉:၁၈။ ဟု မိန့်တော်မူ၏။
20ထို​လူငယ်​က “အကျွန်ုပ်​သည် ဤ​ပညတ်တော်​အားလုံး​ကို ငယ်စဉ်​ကပင် လိုက်နာခဲ့ပါ၏။ မည်သည့်​အချက် လိုနေပါ​သေးသနည်း” ဟု လျှောက်ပြန်၏။
21ယေရှု​က “သင်​သည် ပြည့်စုံ​လို​ပါက သွား​၍ သင်​၏ ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
22သို့ရာတွင် ထို​လူငယ်​သည် ဥစ္စာပစ္စည်း​ကြွယ်ဝသူ​ဖြစ်​သောကြောင့် ထို​စကားကို ကြား​သော် စိတ်မသက်မသာ​ဖြင့် ထွက်သွားလေ၏။
23ထိုအခါ ယေရှု​က တပည့်တော်တို့​အား “ငါ​အမှန်​ဆိုရ​လျှင် ချမ်းသာသော​သူ​သည် ကောင်းကင်​နိုင်ငံတော်​ထဲသို့ ဝင်​ရန် ခဲယဉ်းလှ၏။ 24ထပ်မံ​၍ ငါ​ပြောမည်။ ချမ်းသာသော​သူ​သည် ဘုရားသခင်​၏​နိုင်ငံတော်​ထဲသို့ ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်နဖားပေါက်​ထဲသို့ လျှိုဝင်​ရန် ပို၍​လွယ်ကူသည်” ဟု မိန့်တော်မူ၏။
25တပည့်တော်တို့​သည် ထို​စကား​ကို ကြား​သောအခါ အလွန်​အံ့အားသင့်​လျက် “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်ခြင်း​ခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
26ယေရှု​သည် သူတို့​အား စူးစိုက်​ကြည့်တော်မူ​၍ “ဤ​အမှု​ကို လူ​မတတ်နိုင်ပါ။ သို့သော် ဘုရားသခင်​သည် အရာ​အားလုံး​ကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
27ထိုအခါ ပေတရု​က “အကျွန်ုပ်တို့​သည် အရာ​အားလုံး​ကို စွန့်​၍ နောက်တော်သို့ လိုက်ကြပါပြီ။ ထို​အတွက်​ကြောင့် မည်သည့်​အကျိုး​ကို ရကြပါမည်နည်း” ဟု မေးလျှောက်လေ၏။
28ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ အရာ​အားလုံး​ကို အသစ်ပြုပြင်သော​အချိန်​တွင် လူသား#19:28 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော​ဂုဏ်ပုဒ်​ဖြစ်သည်။​သည် မိမိ​၏ ဘုန်းတော်​နှင့်​ပြည့်စုံသော ရာဇ​ပလ္လင်​ပေါ်တွင် ထိုင်​လိမ့်မည်။ ထိုအခါ ငါ့​နောက်သို့ လိုက်ကြသော​သင်တို့​သည် ရာဇပလ္လင်​ဆယ့်နှစ်ခု​ပေါ်တွင် ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု ဆယ့်နှစ်စု​ကို တရားစီရင်ကြ​လိမ့်မည်။ 29ငါ့​အတွက်​ကြောင့်#19:29 မူရင်း​ဂရိကျမ်း​တွင် “ငါ​၏​အမည်​နာမ​ကြောင့်” ဟု ဖော်ပြထားသည်။ မိမိ​အိမ်များ၊ မြေများ၊ ညီအစ်ကို​မောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာ​ကို စွန့်လွှတ်သောသူတို့​သည် ဤ​ဘဝ​၌ အဆ​တစ်ရာ အကျိုး​ခံစားရသည်​သာမက ထာဝရ​အသက်​ကိုလည်း ရရှိ​လိမ့်မည်။ 30သို့ရာတွင် ယခု အကြီးမြတ်ဆုံးသောသူ​များ​သည် အသေးနုပ်ဆုံး​ဖြစ်​လိမ့်မည်။ ယခု​အသေးနုပ်ဆုံးသော​သူများ​သည် အကြီးမြတ်ဆုံး​ဖြစ်​လိမ့်မည်။

လက်ရှိရွေးချယ်ထားမှု

မဿဲ 19: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ