YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 12

12
ဥပုသ်နေ့​အကြောင်း ဆွေးနွေးခြင်း
1ထို​အချိန်ကာလ​တွင် ဥပုသ်နေ့​၌ ယေရှု​သည် ဂျုံခင်းများ​ကို ဖြတ်​၍ ကြွတော်မူ၏။ တပည့်တော်တို့​သည် ဆာလောင်​သောကြောင့် ဂျုံနှံများ​ကို ခြွေဆွတ်​၍ စားကြ၏။ 2သို့သော် ဖာရိရှဲ​တချို့​သည် တပည့်တော်တို့​ပြုသော အရာ​ကို မြင်​သောအခါ “သင်​၏ တပည့်တော်တို့​သည် ပညတ်တရား​အရ ဥပုသ်နေ့​၌ မပြုသင့်သော​အမှု​ကို အဘယ်ကြောင့်​ပြုကြသနည်း” ဟု ကိုယ်တော်​အား လျှောက်ကြ၏။
3ယေရှု​က “ဒါဝိဒ်မင်း​သည် မိမိ​နှင့် မိမိ​၏​အဖော်များ ဆာလောင်သည့်​အချိန်​၌ မည်သို့​ပြုခဲ့သည်​ကို သင်တို့​မဖတ်ဖူးကြသလော။ 4သူ​နှင့် သူ​၏​အပေါင်းအဖော်တို့​သည် ဘုရားသခင်​၏​အိမ်တော်​အတွင်း​သို့ ဝင်​လျက် ယဇ်ပုရောဟိတ်များ​မှအပ အခြား​မည်သူ​မျှ စားခွင့်​မရှိသည့် သန့်ရှင်းသော​မုန့်​ကို ယူ​၍ စား၏။ 5ဗိမာန်တော်​၌ တာဝန်ကျသော ယဇ်ပုရောဟိတ်များ​သည် ဥပုသ်နေ့​၌ အလုပ်​လုပ်ခွင့်​ရှိသည်​ကိုလည်း မောရှေ​၏ ပညတ်ကျမ်း​တွင် သင်တို့​မဖတ်ဖူးသလော။ 6သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဗိမာန်တော်​ထက် သာ​၍ ကြီးမြတ်သူ​သည် ဤ​နေရာ​၌ ရှိ၏။ 7သို့သော် ‘ယဇ်ပူဇော်ခြင်း​ထက် သနားကြင်နာတတ်ခြင်း​ကို ငါ​ပို၍​အလိုရှိ၏’#12:7 ဟော ၆:၆။ ဟူသည့် ကျမ်းစာ​၏ အဓိပ္ပာယ်​ကို သင်တို့ သိရှိ​ပါက အပြစ်မရှိသော ငါ​၏​တပည့်တော်တို့​ကို ပြစ်တင်ရှုတ်ချ​လိမ့်မည် မဟုတ်။ 8အဘယ်ကြောင့်ဆိုသော် လူသား#12:8 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ဥပုသ်နေ့​၏ အရှင်သခင် ဖြစ်​သောကြောင့်​ပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
ဥပုသ်နေ့​၌ ကျန်းမာစေတော်မူခြင်း
9ထို့နောက် ယေရှု​သည် ထို​အရပ်​မှ ထွက်ခွာ​၍ ဂျူးဝတ်ပြုဆောင်​သို့ ဝင်တော်မူ၏။ 10ထို​နေရာ​၌ လက်တစ်ဖက်​သေသော လူ​တစ်ဦး​ကို ယေရှု​သည် တွေ့မြင်တော်မူ၏။ ဖာရိရှဲတို့​ကလည်း ယေရှု​ကို ပြစ်တင်​စွပ်စွဲ​လို​သဖြင့် “ဥပုသ်နေ့​၌ အနာရောဂါ​ကို ကုသပေးခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
11ယေရှု​က “သင်တို့​၏ သိုးတစ်ကောင်​သည် ဥပုသ်နေ့​၌ ရေတွင်း​ထဲ​သို့ ကျ​လျှင် သင်တို့​သည် ထို​သိုး​ကို ဆယ်ယူကြသည်​မဟုတ်လော။ 12လူ​တစ်ဦး​သည် သိုး​တစ်ကောင်​ထက် များစွာ​အဖိုးတန်​သည် မဟုတ်လော။ ထို့ကြောင့် ဥပုသ်နေ့​၌ ကောင်းမှုပြုခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသည်” ဟု မိန့်တော်မူ၏။
13ထို့နောက် ယေရှု​သည် လက်တစ်ဖက်​သေသော​သူ​အား “သင်​၏​လက်​ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ သူ​သည်​လည်း လက်​ကို ဆန့်​သောအခါ အခြားသော​လက်တစ်ဖက်​ကဲ့သို့ပင် အကောင်းပကတိ​အတိုင်း ဖြစ်လေ၏။ 14ထိုအခါ ဖာရိရှဲတို့​သည် ဝတ်ပြုဆောင်​မှ ထွက်သွား​၍ ကိုယ်တော်​ကို သတ်​ရန် မည်သို့​လုပ်ကြံရမည်​ကို တိုင်ပင်ကြ၏။
ဘုရားသခင်​ရွေးကောက်တော်မူသော အစေခံ​ယေရှု
15ယေရှု​သည် ဖာရိရှဲတို့​၏ အကြံအစည်​ကို သိတော်မူ​သဖြင့် ထို​အရပ်​မှ ထွက်ခွာတော်မူ၏။ လူများစွာတို့​သည် နောက်တော်​သို့ လိုက်ကြ၏။ ယေရှု​သည် ထို​သူတို့​အထဲမှ ဖျားနာသူ​ရှိသမျှ​ကို ကျန်းမာစေတော်မူ၏။ 16သို့သော်လည်း ယေရှု​က မိမိ​မည်သူ​ဖြစ်ကြောင်း​ကို မဖော်ပြ​ရန် သူတို့​အား သတိပေးတော်မူ၏။
17ဤ​အရာ​မှာ ပရောဖက်​ဟေရှာယ​၏​ဟောပြောချက်​အတိုင်း ဖြစ်လာ​ရန်​ပင်​ဖြစ်၏။ ထို​ဟောပြောချက်​မှာ
18“ငါ​ရွေးကောက်တော်မူသော အစေခံ​ကို ကြည့်ကြလော့။
သူ​သည် ငါ​ချစ်မြတ်နိုးသူ၊ ငါ့​ကို​ကျေနပ်စေ​သူ ဖြစ်၏။
ငါ​၏​ဝိညာဉ်တော်​ကို သူ့​အပေါ်​သို့ သွန်းလောင်းမည်။
သူ​သည် လူမျိုး​အပေါင်းတို့​အား တရားသော​စီရင်ချက်​ကို ကြေညာ​လိမ့်မည်။
19သူ​သည် ငြင်းခုံခြင်း​နှင့် ဟစ်အော်ခြင်း​ကို မပြု။
သူ​၏ အသံ​ကို လမ်းများ​တွင် မည်သူ​မျှ ကြားရ​လိမ့်မည်​မဟုတ်။
20သူ​သည် ကြေနေသော​ကျူပင်​ကို မချိုး။
တငွေ့ငွေ့​လောင်နေသော မီးစာ​ကို ငြိမ်းသတ်မည်​မဟုတ်။
အဆုံး​၌ တရားမျှတခြင်း စိုးမိုးလာသည်​ထိ ဆောင်ရွက်​လိမ့်မည်။
21သူ​၏ နာမတော်​သည်လည်း
လူမျိုး​အပေါင်းတို့​၏ မျှော်လင့်ရာ​ဖြစ်​လိမ့်မည်”#12:21 ဟေရှာ ၄၂:၁-၄။
ဟူ၍ ဖြစ်၏။
ယေရှု​နှင့် နတ်ဆိုးများ​၏​မင်း
22ထို့နောက် လူတို့​သည် မျက်စိ​မမြင်၊ စကား​ဆွံ့အသော​နတ်ဆိုးပူးသူ​တစ်ဦး​ကို ယေရှု​ထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှု​က ထို​သူ​အား ကုသတော်မူ​သဖြင့် စကား​ပြန်ပြောနိုင်လာ​ပြီး မျက်စိ​လည်း ပြန်မြင်လေ၏။ 23ထိုအခါ လူထု​ပရိသတ်တို့​သည် အံ့သြ​၍ “ယေရှု​သည် ခရစ်တော်​ဟူသော ဒါဝိဒ်မင်း​၏​သားတော် ဖြစ်နိုင်မည်လော” ဟု ဆိုကြ၏။
24သို့သော် ဖာရိရှဲတို့​သည် ထို​အကြောင်း​ကို ကြား​သောအခါ “သူ​သည် နတ်ဆိုးတို့​ကို နှင်ထုတ်နိုင်ခြင်း​မှာ နတ်ဆိုးမင်း​ဗေလဇေဗုလ​၏​တန်ခိုး​ကို ရရှိထား​သောကြောင့်​ဖြစ်သည်” ဟု ဆိုကြ၏။
25ယေရှု​သည် ထို​သူတို့​၏ တွေးတော​ကြံစည်မှု​ကို ကောင်းစွာ​သိတော်မူ​သဖြင့် “နိုင်ငံ​တစ်နိုင်ငံ​တွင် ပြည်တွင်းစစ်​ဖြစ်​လျှင် ထို​နိုင်ငံ​သည် ပျက်စီး​လိမ့်မည်။ ထို​နည်းတူ မြို့​တစ်မြို့၊ သို့မဟုတ် မိသားစု​တစ်စု​တွင် စိတ်ဝမ်းကွဲ​လျှင် ပြိုကွဲ​လိမ့်မည်။ 26အကယ်၍ စာတန်​သည် စာတန်​ကို နှင်ထုတ်​လျှင် သူ​သည် မိမိကိုယ်မိမိ ပြိုကွဲ​ရန် တိုက်ခိုက်ခြင်း​ဖြစ်၏။ သူ​၏ နိုင်ငံ​သည်လည်း တည်တံ့​ခိုင်မြဲမည်​မဟုတ်။ 27ယခု​တွင် ငါ​သည် နတ်ဆိုးတို့​ကို ဗေလဇေဗုလ​တန်ခိုး​ဖြင့် နှင်ထုတ်​လျှင် သင်တို့​၏ ပယောဂဆရာတို့​သည် မည်သူ့​တန်ခိုး​ဖြင့် နှင်ထုတ်ကြသနည်း။ ထို​ပယောဂဆရာတို့​ကပင် သင်တို့​မှားကြောင်း ထောက်ပြကြ​လိမ့်မည်။ 28သို့ရာတွင် ငါ​သည် ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် ထို​နတ်ဆိုးတို့​ကို နှင်ထုတ်သည်​မှန်လျှင် ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​ထံသို့ ရောက်လေပြီ။ 29ခွန်အားကြီးသောသူ​ကို ဦး​စွာ မချည်နှောင်ဘဲ သူ​၏ အိမ်​သို့ ဝင်​၍ ဥစ္စာပစ္စည်းများ​ကို မည်သူမျှ မလုယူနိုင်။ ထို​သူ​ထက် ခွန်အားကြီးသော တစ်စုံတစ်ယောက်​က သူ့​ကို ချည်နှောင်ပြီး​မှသာ သူ​၏ အိမ်​ကို ဖောက်ထွင်း​လုယူနိုင်မည်။
30ငါ့​ဘက်​၌ မနေသော​သူ​သည် ငါ့​ကို​ဆန့်ကျင်၏။ ငါ​နှင့်အတူ မစုစည်းသော​သူ​သည် ပြန့်ကျဲစေသောသူ​ဖြစ်၏။
31ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ လူတို့​သည် မိမိတို့​၏ အပြစ်များ​အားလုံး​နှင့် ဘုရားသခင်​အား စော်ကား​ပြောဆိုသော​အပြစ်တို့​အတွက် ခွင့်လွှတ်တော်မူခြင်း​ခံရနိုင်၏။ သို့ရာတွင် သန့်ရှင်းသော​ဝိညာဉ်တော်​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသော​အပြစ်​အတွက် ခွင့်လွှတ်တော်မူခြင်း​ခံရမည်​မဟုတ်။ 32လူသား​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသူ​သည် ခွင့်လွှတ်တော်မူခြင်း​ခံရနိုင်​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသော​သူ​သည် ယခု​ဘဝ၊ နောင်ဘဝ​၌ ခွင့်လွှတ်တော်မူခြင်း​ခံရမည်​မဟုတ်။
33အသီး​အားဖြင့် အပင်​အမျိုးအစား​ကို သိရ၏။ အသီး​ကောင်း​လျှင် အပင်​ကောင်း၏။ အသီး​မကောင်း​လျှင် အပင်​သည်လည်း ကောင်းမည်​မဟုတ်။ 34မြွေဆိုး​အမျိုးတို့… ဆိုးသွမ်းသော​သင်တို့​သည် ကောင်းမြတ်​၍ မှန်ကန်သော​စကား​ကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံး​ထဲ၌ ပြည့်​နေသော​အရာများ​ကို နှုတ်​ဖြင့် ထုတ်ဖော်​ပြောဆိုတတ်​သောကြောင့်​ဖြစ်၏။ 35ကောင်းသော​သူ​သည် ကောင်းသော​အရာများ​ကို ကောင်းသော​စိတ်နှလုံး​ဘဏ္ဍာတိုက်​အတွင်း​မှ ထုတ်ဖော်တတ်၏။ မကောင်းသော​သူ​သည်လည်း မကောင်းသော​အရာများ​ကို မကောင်းသော​စိတ်နှလုံး​ဘဏ္ဍာတိုက်​အတွင်း​မှ ထုတ်ဖော်တတ်၏။ 36သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​၏ အကျိုးမဲ့​ပြောဆိုသော​စကားများ​အတွက် တရားစီရင်သော​နေ့ရက်​တွင် ဖြေရှင်းချက်​ပေးရ​လိမ့်မည်။ 37သင်တို့​ပြောသော စကားများ​အပေါ်​မူတည်​၍ အပြစ်ဒဏ်​ခံထိုက်သည်၊ မခံထိုက်သည်​ကို စီရင်ချက်ချတော်မူ​လိမ့်မည်” ဟု မိန့်တော်မူ၏။
ယောန​၏ နိမိတ်​လက္ခဏာ
38တစ်နေ့​တွင် ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့​သည် ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ “ဆရာတော်… အကျွန်ုပ်တို့​အား နိမိတ်​လက္ခဏာ​တစ်ခု​ကို ပြတော်မူပါ” ဟု လျှောက်ကြ၏။
39သို့ရာတွင် ယေရှု​က “ဆိုးညစ်​၍ ဘုရားသခင်​ကို မယုံကြည်သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို တောင်းတတ်၏။ သို့သော် ငါ​သည် ပရောဖက်​ယောန​၏​နိမိတ်​လက္ခဏာ​မှလွဲ၍ မည်သည့်​နိမိတ်​လက္ခဏာ​ကိုမျှ ပြမည်​မဟုတ်။ 40ယောန​သည် ငါး​ကြီး​၏ ဝမ်းတွင်း​၌ သုံးရက်​နှင့် သုံးည​တိုင် နေရ​သကဲ့သို့ လူသား​သည် မြေကြီး​ထဲ​၌ သုံးရက်​နှင့် သုံးည နေရ​လိမ့်မည်။
41တရားစီရင်တော်မူသော​နေ့​တွင် နိနဝေမြို့သားတို့​သည် ဤ​မျိုးဆက်တို့​နှင့်အတူ ထ​၍ ဤ​မျိုးဆက်​ကို အပြစ်တင်​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​မြို့သားတို့​သည် ယောန​၏ ဟောပြောခြင်း​အားဖြင့် သူတို့​၏ အပြစ်များ​မှ နောင်တရကြ​သောကြောင့်​ဖြစ်၏။ ကြည့်ရှုလော့။ ယောန​ထက်​ကြီးမြတ်​သူ​သည် ဤ​အရပ်​၌ ရှိ၏။ သို့သော် သင်တို့​သည် နောင်တရ​ရန် ငြင်းဆိုကြ၏။ 42တရားစီရင်တော်မူသော​နေ့​တွင် တောင်ပိုင်း​မိဖုရား​သည် ဤ​မျိုးဆက်​နှင့်အတူ ထမြောက်​၍ ဤ​မျိုးဆက်​အား အပြစ်တင်​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​မိဖုရား​သည် ရှောလမုန်မင်းကြီး​၏ ပညာစကား​ကို နားထောင်​ရန် ဝေးလံသော​အရပ်​မှ ရောက်လာ​သောကြောင့်​ဖြစ်၏။ ကြည့်ရှုလော့။ ရှောလမုန်​မင်းကြီး​ထက် ကြီးမြတ်သော​သူ​သည် ဤ​အရပ်​၌ ရှိ၏။ သို့သော် သင်တို့​သည် ထို​သူ​၏ စကား​ကို နားထောင်​ရန် ငြင်းဆိုကြ၏။
43နတ်ဆိုး​သည် လူ​တစ်ဦး​အထဲမှ ထွက်​သောအခါ တောကန္တာရ​သို့ လှည့်လည်​သွားလာ​၍ ခိုနားစရာ​နေရာ ရှာ​သော်လည်း မတွေ့​သဖြင့် 44‘ငါ​သည် ယခင်​နေခဲ့သော​လူ​ထံသို့ ပြန်နေမည်’ ဟု ပြောလေ၏။ သို့ဖြစ်၍ သူ​သည် ထို​လူ​ထံသို့ ပြန်သွား​သောအခါ လှည်းကျင်းထား​၍ စနစ်တကျ​ပြင်ဆင်ထားသည်​ကို တွေ့လေ၏။ 45ထိုအခါ နတ်ဆိုး​သည် သွား​၍ မိမိ​ထက်​ဆိုးညစ်သော​နတ်ဆိုး​ခုနစ်ကောင်​တို့​ကို ခေါ်ပြီး​လျှင် ထို​လူ​အထဲ​သို့ ဝင်​၍ နေကြ၏။ ထို​လူ​၏​အခြေအနေ​သည်လည်း မူလ​ထက် ပို၍​ဆိုးသွမ်းလေ၏။ ဤ​ဆိုးညစ်သော​မျိုးဆက်​သည်လည်း ထို​နည်းတူ ဖြစ်​လိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှု​၏ စစ်မှန်သော​မိသားစု
46ထိုသို့ လူထု​အား ဟောပြောနေ​စဉ် မယ်တော်​နှင့် ညီတော်တို့​သည် ယေရှု​ကို စကား​ပြောလို​၍ အပြင်​တွင် ရပ်​စောင့်လျက်​နေကြ၏။ 47လူ​တစ်ယောက်​က ယေရှု​အား “သခင်​၏ မယ်တော်​နှင့် ညီတော်တို့​သည် သခင့်​အား စကား​ပြောလို​၍ အပြင်​တွင် ရပ်​စောင့်နေကြပါသည်” ဟု လျှောက်လေ၏။
48ယေရှု​က “ငါ့​မိခင်​သည် မည်သူနည်း။ ငါ့​ညီများ​သည် မည်သူတို့နည်း” ဟု မေးတော်မူ၏။ 49ထို့နောက် လက်တော်​ကို တပည့်တော်များ​ထံသို့ ညွှန်ပြတော်မူ​ပြီးလျှင် “ကြည့်ရှုကြလော့။ ဤ​လူတို့​သည် ငါ့​မိခင်​နှင့် ငါ့​ညီများ ဖြစ်ကြ၏။ 50ကောင်းကင်ဘုံ​၌​ရှိတော်မူသော​ငါ့​ခမည်းတော်​၏ အလိုတော်​အတိုင်း ဆောင်ရွက်သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

မဿဲ 12: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ