YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 11

11
ယေရှု​နှင့် နှစ်ခြင်းဆရာ​ယောဟန်
1ယေရှု​သည် တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ထိုသို့ ညွှန်ကြားတော်မူ​ပြီး​သောအခါ ပတ်ဝန်းကျင်​မြို့ရွာများ​တွင် ဟောပြော​သွန်သင်​ရန် ထို​အရပ်​မှ ကြွတော်မူ၏။
2ထောင်​ထဲတွင်​ရှိသော နှစ်ခြင်းဆရာ​ယောဟန်​သည် ခရစ်တော်#11:2 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ပြုတော်မူသော​အမှုတို့​ကို ကြားလေ၏။ ထို့ကြောင့် မိမိ​တပည့်တို့​ကို ယေရှု​ထံ စေလွှတ်​၍ 3“အရှင်​သည် အကျွန်ုပ်တို့​စောင့်မျှော်နေသော ခရစ်တော်​မှန်သလော။#11:3 မူရင်း​ဂရိကျမ်း​တွင် “အရှင်​သည် ကြွလာမည့်​သူ ဖြစ်သလော” ဟူ၍ ဖော်ပြထားသည်။ သို့မဟုတ် အကျွန်ုပ်တို့​သည် အခြားသူ​ကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
4ယေရှု​က ထို​သူတို့​အား “သင်တို့​ကြားရ၊ မြင်ရ​သမျှတို့​ကို ပြန်သွား​၍ ယောဟန်​ကို ပြောကြလော့။ 5မျက်မမြင်တို့​သည် မျက်စိ​မြင်ကြပြီ။ ခြေမသန်သူတို့​သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့​သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့​သည် ကြားကြပြီ။ သေဆုံးသော​သူတို့​သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့​သည်လည်း သတင်းကောင်း​ကို ကြားကြရပြီ။ 6ငါ့​ကြောင့် စိတ်မပျက်သော​သူ​သည် မင်္ဂလာ​ရှိ၏” ဟု ပြန်​၍ မိန့်တော်မူ၏။
7ယောဟန်​၏​တပည့်များ ထွက်သွားကြ​ပြီးနောက် ယေရှု​က ယောဟန်​အကြောင်း​နှင့် ဆက်စပ်​၍ လူထုတို့​အား ဤသို့ ဟောပြောတော်မူ၏။ ယေရှု​က “သင်တို့​သည် မည်ကဲ့သို့သော​သူ​ကို​ရှာ​ရန် တော​သို့ ထွက်သွားကြသနည်း။ လေတိုက်​လျှင် လှုပ်ယမ်းသည့် ကျူပင်​ကဲ့သို့သော​သူ​ကို​လော။ 8သို့မဟုတ် မည်ကဲ့သို့သော​သူ​ကို​ရှာ​ရန် သွားကြသနည်း။ အဖိုးတန်​အဝတ်အထည်တို့​ကို ဝတ်ဆင်သော​သူ​ကို​လော။ အဖိုးတန်​အဝတ်အထည်​ကို ဝတ်ဆင်​သူတို့​သည် နန်းတော်များ​၌သာ နေကြ၏။ 9သို့ဖြစ်လျှင် မည်ကဲ့သို့သော​သူ​ကို​ရှာ​ရန် သွားကြသနည်း။ ပရောဖက်​တစ်ပါး​ကို​လော။ မှန်ပါ၏။ ထို​သူ​သည် ပရောဖက်​ထက် ပို၍​ကြီးမြတ်သော​သူ​ဖြစ်သည်​ဟု ငါ​ဆို၏။ 10ကျမ်းစာ​၌
‘ကြည့်ရှုလော့။ ငါ​၏​တမန်​ကို ဦးစွာ စေလွှတ်မည်။
သူ​သည် သင်​သွားမည့်​လမ်း​ကို သင့်​ရှေ့​တွင် ပြင်ဆင်​လိမ့်မည်’#11:10 မာလ ၃:၁။
ဟု ရေးသားထားသည်​မှာ ဤ​ယောဟန်​ကို ဆိုလို၏။
11သင်တို့​အား ငါ​အမှန်​ဆို၏။ အမျိုးသမီးများ​မှ မွေးဖွားသောသူများ​ထဲတွင် နှစ်ခြင်းဆရာ​ယောဟန်​ထက် ကြီးမြတ်သော​သူ မရှိပါ။ သို့သော်လည်း ကောင်းကင်​နိုင်ငံတော်​တွင် အသေးနုပ်ဆုံးသောသူ​သည် ယောဟန်​ထက် ကြီးမြတ်၏။ 12နှစ်ခြင်းဆရာ​ယောဟန် စတင်​ဟောပြောချိန်​မှ​စ၍ ယခု​တိုင်အောင် ကောင်းကင်​နိုင်ငံတော်​သည် အတင်း​တိုးဝင်ခြင်း​ခံရ၏။ ထို​အတင်း​တိုးဝင်ကြသော​သူတို့​က နိုင်ငံတော်​ကို လုယူ​သိမ်းပိုက်ကြ၏။ 13အဘယ်ကြောင့်ဆိုသော် ယောဟန်​ပေါ်ထွန်းလာသည့်​အချိန်​တိုင်အောင် ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းများ​သည် လက်ရှိ​အချိန်​အကြောင်း​ကို ကြိုတင်​ဟောပြော​သောကြောင့်​ဖြစ်၏။ 14သင်တို့​သည် ငါ့​စကား​ကို လက်ခံနိုင်​ပါက ‘ဧလိယ​ကြွလာမည်’ ဟူသော ပရောဖက်များ​၏ ဟောပြောချက်​သည် ယောဟန်​ကို ရည်ညွှန်း၏။#11:14 မာလ ၄:၅။ 15နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။
16ဤ​ခေတ်လူတို့​ကို မည်သည့်​အရာ​နှင့် ခိုင်းနှိုင်းရမည်နည်း။ ထို​သူတို့​သည် ဈေးအရပ်​၌ ကစားနေသော​ကလေးများ​နှင့် တူကြ၏။ ထို​ကလေးများ​က
17‘ငါတို့​သည် သင်တို့​အတွက် တီးမှုတ်​သော်လည်း
သင်တို့​သည် မကကြ။
ငိုချင်း​ကို သီဆို​သော်လည်း
မငိုကြွေးကြ’
ဟူ၍ အချင်းချင်း​ပြောဆိုကြ၏။
18နှစ်ခြင်းဆရာ​ယောဟန်​သည် မသောက်မစားဘဲ​နေသည်​ကို လူတို့​က ‘သူ​သည်​နတ်ဆိုးပူးသူ​ဖြစ်သည်’ ဟု ဆိုတတ်ကြ၏။ 19တစ်ဖက်​တွင် လူသား#11:19 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော​ဂုဏ်ပုဒ်​ဖြစ်သည်။​သည် စားသောက်​၍​နေသည်​ကို လူတို့​က ‘သူ​သည် အစားကြီးသူ၊ စပျစ်ဝိုင်​သောက်ကြူးသူ​ဖြစ်၏။ အခွန်​ကောက်သူများ​နှင့် အပြစ်သားတို့​၏​မိတ်ဆွေ​လည်း ဖြစ်သည်’ ဟု ဆိုကြပြန်၏။ သို့သော်လည်း ဉာဏ်ပညာ​သည် မှန်ကန်ကြောင်း ၎င်း​၏​လုပ်ဆောင်မှုများ​က ဖော်ပြသည်” ဟု မိန့်တော်မူ၏။
မယုံကြည်သူများ​အပေါ်​ကျရောက်မည့် စီရင်ခြင်း
20ထို့နောက် မိမိ​အံ့ဖွယ်တန်ခိုး​များစွာ​ပြတော်မူခဲ့သည့် မြို့များ​သည် နောင်တမရ​သောကြောင့် ယေရှု​သည် ထို​မြို့တို့​ကို ပြစ်တင်​ရှုတ်ချတော်မူ၏။
21ယေရှု​က “အို ခေါရာဇိန်မြို့… သင်​သည် အမင်္ဂလာ​ရှိ၏။ အို ဗက်ဇဲဒမြို့… သင်​သည် အမင်္ဂလာ​ရှိ၏။ ငါ​သည် သင်တို့​တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့​ကို တိုင်ရာမြို့​နှင့် ဆီဒုန်မြို့​တွင် ပြခဲ့​လျှင် ထို​မြို့တို့​၌ ရှိသော​သူတို့​သည် လျှော်ထည်ကြမ်း​ကို ဝတ်​၍ ပြာ​ထဲတွင် ထိုင်​လျက် ယခင်​ကတည်းက​ပင် မိမိတို့​၏ အပြစ်များ​အတွက် နောင်တရခဲ့ပြီး​ဖြစ်​လိမ့်မည်။ 22ထို့ကြောင့် တရားစီရင်သော​နေ့​တွင် သင်တို့​သည် တိုင်ရာမြို့​နှင့်​ဆီဒုန်မြို့​ထက် ပို​၍ အပြစ်ဒဏ်ခံရ​လိမ့်မည်​ဟု ငါ​ဆို၏။
23အို ကပေရနောင်မြို့… သင်​သည် ကောင်းကင်​တိုင်အောင် ချီးမြှောက်​ခံရပါမည်လော။ မခံရပါ။ သင်​သည် မရဏ​နိုင်ငံ​တိုင်အောင် နှိမ့်ချ​ခံရ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်​၌ ငါ​ပြုခဲ့သော အံ့ဖွယ်တန်ခိုးတို့​ကို ဆိုးသွမ်းသည့် သောဒုံမြို့​တွင် ပြုခဲ့​လျှင် ထို​မြို့​သည် ယနေ့​တိုင်အောင် တည်ဆဲ​ရှိမည်​ဖြစ်​သောကြောင့်​ပင် ဖြစ်၏။ 24တရားစီရင်သော​နေ့​တွင် သင်​သည် သောဒုံမြို့​ထက် ပို​၍ အပြစ်ဒဏ်ခံရ​လိမ့်မည်​ဟု ငါ​ဆိုသည်” ဟု မိန့်တော်မူ၏။
ယေရှု​၏​ကျေးဇူးတော်ချီးမွမ်းခြင်း
25ထို​အချိန်​၌ ယေရှု​က “ကောင်းကင်​နှင့် မြေကြီး​၏​အရှင်​သခင် ဖြစ်တော်မူသော​အဖ… လောကီ​ပညာရှင်များ​နှင့် ဉာဏ်ပညာ​ထက်မြက်သူများ​အား ဤ​အရာများ​ကို ဝှက်ထားတော်မူ​၍ ကလေးငယ်တို့​အား ဖော်ပြတော်မူ​သောကြောင့် ကျေးဇူးတင်ပါ၏။ 26မှန်ပါ၏ အဖ။ ဤ​သည်​မှာ အဖ​ခမည်းတော် နှစ်သက်တော်မူသော​အရာ​ပင် ဖြစ်၏။
27ငါ့​ခမည်းတော်​သည် အရာ​အားလုံး​ကို ငါ့​အား ပေးအပ်တော်မူပြီ။ သားတော်​ကို ခမည်းတော်​မှလွဲ၍ မည်သူ​မျှ​မသိ။ ခမည်းတော်​ကိုလည်း သားတော်​နှင့် သားတော်​ဖော်ပြ​ရန် ရွေးချယ်တော်မူသော​သူတို့​မှလွဲ၍ မည်သူ​မျှ​မသိ။
28လေးလံသော​ဝန်​ကို​ထမ်း​၍ ပင်ပန်းနေသော​သူ​အပေါင်းတို့ ငါ့​ထံသို့​လာကြလော့။ ငါ​သည် သင်တို့​အား ငြိမ်းအေး​ချမ်းသာမှု​ကို ပေးမည်။ 29ငါ့​ထမ်းပိုး​ကို​ယူ​၍ ထမ်း​ကာ ငါ့​ထံမှ သင်ယူကြလော့။ ငါ​သည် နူးညံ့သိမ်မွေ့​၍ နှိမ့်ချသော​စိတ်နှလုံး​ရှိ​သောကြောင့် သင်တို့​၏​စိတ်ဝိညာဉ်​သည် သက်သာရာ​ရ​လိမ့်မည်။ 30အဘယ်ကြောင့်ဆိုသော် ငါ့​ထမ်းပိုး​သည် ထမ်း​လွယ်​ပြီး ငါ့​ဝန်​သည်လည်း ပေါ့​သောကြောင့်​ဖြစ်၏” ဟု မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

မဿဲ 11: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ