ဆာလံ 83
83
ရန်သူများရှုံးနိမ့်ရန်ဆုတောင်း
1အိုဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အို ဘုရားသခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့်။ 2ကိုယ်တော်၏ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြပါ၏။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ၏။ 3ကိုယ်တော်၏လူစုတစ်ဖက်၌ ပရိယာယ်ကိုကြံ၍၊ ကိုယ်တော်ကွယ်ကာတော်မူသော သူတို့တစ်ဖက်၌ တိုင်ပင်ကြပါ၏။ 4ဣသရေလ၏နာမကို နောက်တစ်ဖန် အောက်မေ့စရာမရှိစေခြင်းငှာ လာကြ၊ သူတို့အမျိုးကို ပယ်ဖြတ်ကြကုန်အံ့ဟု ဆိုကြပါ၏။ 5သဘော တညီတညွတ်တည်းတိုင်ပင်၍၊ ကိုယ်တော်တစ်ဖက်၌ အချင်းချင်းသင်းဖွဲ့သောသူ ဟူမူကား။ 6ဧဒုံပြည်၌နေသောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊ 7ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက်ပြည်သား၊ တုရုမြို့သားနှင့်တကွ ဖိလိတ္တိအမျိုးသားတို့သည် သင်းဖွဲ့ကြပါ၏။ 8အာရှုရိအမျိုးသားတို့သည်လည်း၊ ဝိုင်း၍ လောတအမျိုးသားတို့ဘက်သို့ ဝင်ကြပါ၏။
9မိဒျန်အမျိုးကိုလည်းကောင်း၊ ခိရှုန်ချောင်းနားမှာ သိသရမင်းနှင့် ယာဘိန်မင်းကိုလည်းကောင်းပြုသကဲ့သို့ သူတို့ကို ပြုတော်မူပါ။#သူကြီး၊ ၇:၁-၂၃၊၄:၆-၂၂။ 10ထိုသူတို့သည် အင်္ဒေါရအရပ်၌ဆုံးရှုံး၍၊ မြေပေါ်မှာ နောက်ချေးကဲ့သို့ ဖြစ်ကြပါ၏။ 11ငါတို့သည် ဘုရားသခင်၏အိမ်များကို ကိုယ်ဖို့သိမ်းယူကြကုန်အံ့ဟုဆိုသော ဩရဘမင်းနှင့် ဇေဘမင်းကဲ့သို့၊#သူကြီး၊ ၇:၂၅၊ ၈:၁၂။ 12ဤသူတို့၏မှူးမတ်များကိုလည်းကောင်း၊ ဇေဘဟမင်းနှင့် ဇာလမုန္နမင်းကဲ့သို့ ဤသူတို့၏ မင်းသားအပေါင်းကိုလည်းကောင်း ဖြစ်စေတော်မူပါ။ 13အကျွန်ုပ်၏ဘုရားသခင်၊ လေပွေ၌ပါသွားသော အမှိုက်ကဲ့သို့လည်းကောင်း၊ လေတိုက်၍လွင့်သော ဖွဲ့ကဲ့သို့လည်းကောင်း သူတို့ကိုဖြစ်စေတော်မူပါ။ 14တောကို မီးရှို့သကဲ့သို့လည်းကောင်း၊ တောင်ပေါ်မှာ မီးလောင်သကဲ့သို့လည်းကောင်း၊ 15ထိုနည်းတူ၊ မိုးသက်မုန်တိုင်းတော်အားဖြင့် သူတို့ကိုညှဉ်းဆဲ၍၊ ပြင်းစွာသော လေတော်အားဖြင့် ခြောက်လှန့်တော်မူပါ။ 16အိုထာဝရဘုရား၊ သူတို့မျက်နှာကို ရှက်စေတော်မူ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော။ 17စိတ်ပျက်၍ အစဉ်ပင်ပန်းခြင်းရှိကြပါစေသော။ အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။ 18ထာဝရဘုရားဟူ၍ နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင်၊ မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား ဖြစ်တော်မူကြောင်းကို သိကြပါစေသော။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 83: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.