အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍၊ ညှဉ်းဆဲခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌ နေရာကျကြပါ၏။ ငါ့ကိုကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ်လျှင် သည်းခံနိုင်၏။ ငါ့ကိုရန်ဘက်ပြုသောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် ထိုသူကိုငါရှောင်နိုင်၏။ ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့် ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါအသိအကျွမ်းဖြစ်၏။ အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်းကို ပြုကြပြီ။ ဘုရားသခင်၏အိမ်တော်သို့ လူအစုအဝေးနှင့် အတူသွားကြပြီ။ သူတို့ကို သေမင်းဖမ်းဆီးပါစေ။ အသက်ရှင်လျက် မရဏနိုင်ငံသို့ ဆင်းသက်ကြပါစေ။ အကြောင်းမူကား၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့အထဲ၌ရှိကြ၏။ ငါမူကား၊ ဘုရားသခင်ကိုပတ္ထနာပြု၍၊ ထာဝရဘုရားသည် ကယ်တင်တော်မူမည်။ ညဉ့်ဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည်ညည်းတွားမြည်တမ်း၍၊ ငါ၏အသံကို ကြားတော်မူမည်။ ငါ့ကို စစ်တိုက်ကြစဉ်တွင်၊ ငါ့အသက်ကို ရွေးနုတ်၍ ချမ်းသာပေးတော်မူမည်။ ငါ့ဘက်၌နေသောသူ အများရှိကြ၏။ ရှေးကာလမှစ၍ အမြဲစီရင်သော ဘုရားသခင်သည် နားထောင်၍ သူတို့ကို နှိမ့်ချတော်မူမည်။ သူတို့သည် ပြောင်းလဲခြင်းမရှိသောကြောင့် ဘုရားသခင်ကို မကြောက်မရွံ့ကြ။ ထိုသို့သောသူသည် မိတ်ဆွေဖြစ်သောသူကိုပြစ်မှား၍ သစ္စာပျက်တတ်၏။ သူ၏စကားသည် ထောပတ်ထက်ချောသော်လည်း၊ စစ်တိုက်မည်ဟု အကြံရှိ၏။ သူ၏စကားသည် ဆီထက်ပျော့သော်လည်း၊ ထုတ်သောဓားဖြစ်၏။ ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ။ အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီးရာတွင်းထဲသို့ ချတော်မူမည်။ လူအသက်ကို သတ်သောသူနှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာ တစ်ဝက်ခန့်မျှ မရှင်ရကြ။ အကျွန်ုပ်မူကား၊ ကိုယ်တော်၌ ခိုလှုံပါမည်။
ဆာလံ 55 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 55:11-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ