ဆာလံ 148
148
ဘဝဂ်ပေါ်မှာချီးမွမ်းရန်
1ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။ 2ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့ ချီးမွမ်းကြလော့။ 3နေလတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။ 4ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ်မှာ ရေများတို့၊ ချီးမွမ်းကြလော့။ 5ထိုအရာတို့ကို အမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ။ 6ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည်စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။
7မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာအရပ်များ၊ 8မီးနှင့်မိုးသီး၊ မိုးပွင့်နှင့်အခိုးအငွေ့၊ အမိန့်တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊ 9တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသော အပင်၊ အာရဇ်ပင်ရှိသမျှ၊ 10သားရဲနှင့် သားယဉ်အပေါင်း၊ တွားတတ်သောတိရိစ္ဆာန်နှင့် ပျံတတ်သောငှက် အစရှိသော၊ 11လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သားအပေါင်း၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း၊ 12လူပျိုနှင့် အပျိုများ၊ လူအိုနှင့် လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ 13နာမတော်တစ်ပါးတည်းသာလျှင် မြတ်၍၊ ဘုန်းတော်သည် မြေကြီးနှင့် ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြစေ။ 14မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်းဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ်တော်မူ၏။ ဟာလေလုယ။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 148: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.