စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့် ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော်မူ၏။ လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘောတို့ကို ချိန်တော်မူ၏။ ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌အပ်လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။ ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဖို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ်ခံရသောနေ့အဖို့ ဖန်ဆင်းတော်မူ၏။ မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည်အသင်းဖွဲ့သော်လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။ ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။ လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့် သင့်တင့်စေတော်မူ၏။ ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သော ဥစ္စာအနည်းငယ်သည်၊ မတရားသဖြင့်ရသော ဥစ္စာအများထက်သာ၍ကောင်း၏။ လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည်၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။ ရှင်ဘုရင်၏နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည်ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေနှင့်။ မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ ပါသမျှသောအလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။ ရှင်ဘုရင်ပြုသောဒုစရိုက်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်းအားဖြင့်သာ တည်တတ်၏။ ဖြောင့်မတ်သောနှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ်၏။ ရှင်ဘုရင်၏အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက်တော်ကို ဖြေတတ်၏။ ရှင်ဘုရင်မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာသောမိုးတိမ်ကဲ့သို့ ဖြစ်၏။ ရွှေကိုရတတ်ခြင်းထက် ပညာကိုရတတ်ခြင်းသည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဉာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
သုတ္တံ 16 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 16:1-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ