သုတ္တံ 16
16
1စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့် ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော်မူ၏။ 2လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘောတို့ကို ချိန်တော်မူ၏။ 3ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌အပ်လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။ 4ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဖို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ်ခံရသောနေ့အဖို့ ဖန်ဆင်းတော်မူ၏။ 5မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည်အသင်းဖွဲ့သော်လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။ 6ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။ 7လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့် သင့်တင့်စေတော်မူ၏။ 8ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သော ဥစ္စာအနည်းငယ်သည်၊ မတရားသဖြင့်ရသော ဥစ္စာအများထက်သာ၍ကောင်း၏။ 9လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည်၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။ 10ရှင်ဘုရင်၏နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည်ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေနှင့်။ 11မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ ပါသမျှသောအလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။ 12ရှင်ဘုရင်ပြုသောဒုစရိုက်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်းအားဖြင့်သာ တည်တတ်၏။ 13ဖြောင့်မတ်သောနှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ်၏။ 14ရှင်ဘုရင်၏အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက်တော်ကို ဖြေတတ်၏။ 15ရှင်ဘုရင်မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာသောမိုးတိမ်ကဲ့သို့ ဖြစ်၏။
16ရွှေကိုရတတ်ခြင်းထက် ပညာကိုရတတ်ခြင်းသည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဉာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။ 17ဖြောင့်မတ်သောသူလိုက်သောလမ်းမူကား၊ ဒုစရိုက်ကို ရှောင်ခြင်းတည်း။ ထိုလမ်းမှမလွှဲဘဲ အမြဲလိုက်သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ်၏။ 18မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။ 19စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဖော်၍ စိတ်နှိမ့်ချခြင်းသည်၊ မာနကြီးသောသူတို့နှင့် ဆက်ဆံ၍ လုယူသောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။ 20ပညာနှင့် အမှုစောင့်သောသူသည် အကျိုးကိုရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။ 21လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာသတိရှိသည်ဟု ကျော်စောရာသို့ ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကို တိုးပွားစေတတ်၏။ 22ဉာဏ်ပညာကိုရသောသူသည် အသက်စမ်းရေတွင်းကို ရ၏။ မိုက်သောသူတို့၏ သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။ 23ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။ 24သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။ 25လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။#သု၊ ၁၄:၁၂။ 26အလုပ်လုပ်သောသူသည်၊ မိမိပါးစပ်တောင်းသောကြောင့်၊ မိမိအဖို့ လုပ်တတ်၏။ 27အဓမ္မလူသည် မကောင်းသောအမှုကို ကြိုးစား၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။ 28သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သောသူသည်လည်း၊ မိတ်ဆွေတို့ကို ကွဲပြားစေတတ်၏။ 29ကြမ်းကြုတ်သောသူသည် အိမ်နီးချင်းကိုချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင်တတ်၏။ 30ကောက်သောအကြံကို ကြံစည်ခြင်းငှာမျက်စိမှိတ်၍၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့်၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ်၏။ 31ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏။ 32စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်လည်းကောင်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကိုတိုက်ယူသော သူထက်လည်းကောင်း သာ၍ကောင်း၏။ 33စာရေးတံတို့ကို အိတ်ထဲ၌လောင်းလျက်ရှိရာတွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
သုတ္တံ 16: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.