တစ်နေ့ချင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့်၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကို လွှတ်လော့ဟု မိန့်တော်မူ၏။ တမန်တော်တို့က၊ အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်းပန်ကြလျှင်၊- သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနုတ်၍ ပင်လယ်၌ စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်။ အစေအပါသည် လယ်ထွန်သော်လည်းကောင်း၊ သိုး၊ နွား ကျောင်းသော်လည်းကောင်း၊ လယ်ပြင်မှလာ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါကို၊ အသော့လာ၍ စားပွဲ၌ လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း။- ထိုအစေအပါကို၊ ငါစားစရာဖို့ ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကို လုပ်ကျွေးလော့။ ထိုနောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော။- ထိုအစေအပါသည် သခင်စီရင်သည်အတိုင်း ပြုသောကြောင့်၊ သခင်၌ ကျေးဇူးတင်သလော။ ကျေးဇူးမတင်။- ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါ ဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။ ယေရုရှလင်မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည်စပ်ကြား၌ လျှောက်သွားတော်မူ၏။- ရွာတစ်ရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသောသူတစ်ကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်၊- သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။- ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။- ထိုသူတို့တွင် တစ်ယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။- ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။- ယေရှုကလည်း၊ တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။- ဤတစ်ပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ ပြန်လာသောသူ တစ်ယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊- သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။ ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်။- ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။ တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တစ်ရက်ကိုမျှ တွေ့မြင်လို၍၊ မတွေ့မမြင်ရသော အချိန်ကာလ ရောက်လိမ့်မည်။- ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။- ကောင်းကင်တစ်ဖက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။- ထိုသို့မဖြစ်မီ သူသည် များစွာသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။- နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက် နေကြ၏။- ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့လည်းကောင်း၊- လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုးရွာ၍ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့လည်းကောင်း၊- လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။ ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှာ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။- လောတ၏မယားကို အောက်မေ့ကြလော့။- အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ ရှာကြံ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။- ငါဆိုသည်ကား၊ ထိုနေ့ညတွင် အိပ်ရာတစ်ခု၌ ရှိသောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့ဟု မိန့်တော်မူလျှင်၊ သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေလင်းတတို့သည် စုဝေးကြလတ္တံ့ဟု မိန့်တော်မူ၏။
ရှင်လုကာ 17 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 17
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 17:4-37
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို