ဥပုသ်နှစ် ခုနစ်နှစ်ကိုရေတွက်၍၊ ခုနစ်နှစ် ခုနစ်လီတည်းဟူသော လေးဆယ်ကိုးနှစ်စေ့ပြီးမှ၊ သတ္တမလဆယ်ရက်နေ့၊ အပြစ်ဖြေခြင်းပြုရာနေ့၌၊ ယုဘိလတံပိုးကို တစ်ပြည်လုံး မှုတ်စေရမည်။ ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့်၊ တစ်ပြည်လုံး၌ ပြည်သားအပေါင်းတို့အား၊ လွတ်ရာအခွင့်ကိုကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်းမိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။ ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုပေါက်သော အပင်ကိုမျှမရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။ ယုဘိလနှစ်သည် သန့်ရှင်းသောနှစ်ဖြစ်သောကြောင့်၊ လယ်၌ရသော အသီးအနှံကိုသာစားရမည်။ ယုဘိလနှစ်တွင် လူတိုင်း မိမိပိုင်သောမြေသို့ ပြန်ရမည်။ သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကိုပြုလျှင်၊ တစ်ယောက်ကိုတစ်ယောက် မညှဉ်းဆဲရ။ ယုဘိလနှစ်လွန်၍ လိုသေးသောနှစ်ပေါင်း၊ အသီးအနှံသီးလတ္တံ့သော နှစ်ပေါင်းကိုရေတွက်၍ ရောင်းဝယ်မှုကိုပြုရမည်။ ထိုသို့ အသီးသီးရသော နှစ်များကိုလိုက်၍ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဖိုးလျော့လျက်၊ တိုးလျက်ရောင်းဝယ်ရမည်။ သင်တို့သည် တစ်ယောက်ကိုတစ်ယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင်၊ ထိုပြည်၌ ဘေးလွတ်လျက်နေရကြလိမ့်မည်။ မြေသည်လည်း မိမိအသီးအနှံကိုပေးသဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေရကြလိမ့်မည်။ သင်တို့ကလည်း၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့စားရမည်နည်း။ လယ်မလုပ်ရ။ အသီးအနှံကိုမသိမ်းရပါတကားဟု ဆိုလျှင်၊ အဋ္ဌမတွင် သင်တို့ကိုငါကောင်းကြီးပေး၍၊ ထိုနှစ်တွင် သုံးနှစ်အဖို့ အသီးအနှံကိုဖြစ်စေမည်။ သင်တို့သည် အဋ္ဌမနှစ်တွင်လယ်လုပ်၍ နဝမနှစ်တွင် အသီးအနှံကိုသိမ်းရာ ကာလတိုင်အောင် ဟောင်းသောအသီးအနှံကို စားရကြမည်။ မြေကို သူတစ်ပါးအစဉ်ပိုင်စေခြင်းငှာ မရောင်းရ။ မြေသည် ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌တည်းသော ဧည့်သည်အာဂန္တုဖြစ်ကြ၏။ သင်တို့သည် မြေကိုပိုင်လေရာရာ၌ ရွေးနုတ်ရသောအခွင့်ကို ပေးရကြမည်။ သင်၏အမျိုးသားချင်းသည်ဆင်းရဲ၍၊ မိမိပိုင်သောမြေကိုရောင်းလျှင်လည်းကောင်း၊ သူ၏ပေါက်ဖော်တစ်စုံတစ်ယောက်သည် ဝယ်ခြင်းငှာလာလျှင်လည်းကောင်း၊ မိမိပေါက်ဖော် ရောင်းသောဥစ္စာကို ရွေးနုတ်ရသောအခွင့်ရှိရမည်။ ထိုမြေကို ရွေးနုတ်သောသူတစ်ယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနုတ်နိုင်လျှင်၊ မိမိမြေသို့ ပြန်အံ့သောငှာ၊ ရောင်း၍လွန်သော နှစ်ပေါင်းကိုရေတွက်ပြီးမှ၊ လိုသေးသောအဖိုးကို အထက်ကရောင်းခဲ့သောသူအား ပြန်ပေးရမည်။ ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။ မြို့ထဲ၌ရှိသောအိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တစ်နှစ်အတွင်းတွင် ရွေးနုတ်သောအခွင့်ရှိစေရမည်။ တစ်နှစ်အတွင်းတွင် မရွေးနုတ်လျှင်၊ ထိုအိမ်ကိုဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။ မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့မှတ်၍ ရွေးနုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ သို့ရာတွင် လေဝိသားပိုင်သောမြို့နှင့် မြို့အိမ်တို့ကို၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနုတ်ရသောအခွင့်ရှိ၏။ လေဝိသားပိုင်သောမြို့ကိုလည်းကောင်း၊ အိမ်ကိုလည်းကောင်း၊ သူတစ်ပါးဝယ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိသားတို့သည်၊ ကိုယ်နေရာမြို့အိမ်မှ တစ်ပါးအခြားသော ဥစ္စာမရှိ။ သို့ဆိုသော်လည်း၊ လေဝိသားမြို့နယ်၌ရှိသော လယ်ယာတို့ကိုမရောင်းရ။ အစဉ်အမြဲပိုင်ရမည်။ သင်၏အမျိုးသားချင်းသည် ဆင်းရဲ၍လက်အားလျော့သဖြင့် တစ်ပါးအမျိုးသား ဧည့်သည်အာဂန္တုကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာနေစေခြင်းငှာ သူ့ကိုမစရမည်။ သူ၌ အတိုးအပွားကိုမယူရ။ သင်၏အမျိုးသားချင်းသည် သင့်ထံမှာနေစေခြင်းငှာ၊ သင်၏ဘုရားသခင်ကို ကြောက်ရွံ့လော့။ အတိုးအပွားကိုမျှော်လင့်၍ ငွေကိုလည်းကောင်း၊ စားစရာကိုလည်းကောင်း သူ၌မချေးမငှားရ။ ငါသည် ခါနာန်ပြည်ကိုသင်တို့အားပေး၍၊ သင်တို့၏ ဘုရားသခင်ဖြစ်အံ့သောငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်၏အမျိုးသားချင်းသည်ဆင်းရဲ၍ သင်၌အရောင်းခံလျှင်၊ အစေခံကျွန်ကိုပြုသကဲ့သို့ သူ့ကိုအနိုင်မပြုရ။ သူသည်သူငှားကဲ့သို့လည်းကောင်း၊ ဧည့်သည်ကဲ့သို့လည်းကောင်း၊ သင့်ထံမှာနေ၍ ယုဘိလနှစ်တိုင်အောင် အစေခံရမည်။ ထိုအခါ သူသည် သားသမီးနှင့်တကွထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည်။ အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်မှငါနုတ်ဆောင်သော ငါ၏အမှုထမ်းဖြစ်၍၊ အစေခံကျွန်ဖြစ်စေခြင်းငှာ၊ မရောင်းရ။ သူ့ကို ကြမ်းတမ်းစွာမစီရင်ရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ သင်သည်စေခိုင်းသောကျွန်၊ ကျွန်မတို့ကို၊ သင့်ပတ်လည်ဝန်းကျင်တို့၌ နေသောသာသနာပလူတို့တွင် ဝယ်ရမည်။ ထိုမှတစ်ပါး၊ သင်တို့တွင်တည်းနေသော တစ်ကျွန်းတစ်နိုင်ငံသားတို့ကိုလည်းကောင်း၊ သင်တို့ပြည်၌ သူတို့ရသောသားသမီးများကိုလည်းကောင်း ဝယ်၍ပိုင်ရမည်။ သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင်တို့နှင့် သင်တို့သားသမီးတို့သည် အမွေခံ၍ပိုင်ရမည်။ ကိုယ်အမျိုးသားချင်းတည်းဟူသော ဣသရေလအမျိုးသားဖြစ်လျှင်၊ တစ်ယောက်ကိုတစ်ယောက် ကြမ်းတမ်းစွာမစီရင်ရ။ သင့်အနားမှာတည်းနေသော တစ်ကျွန်းတစ်နိုင်ငံသားသည် ငွေရတတ်၍ သူ၏အနားမှာနေသော သင်၏အမျိုးသားချင်းဆင်းရဲသဖြင့်၊ သင့်အနားမှာတည်းနေသော တစ်ကျွန်းတစ်နိုင်ငံသား၌လည်းကောင်း၊ သူ၏သားမြေး၌လည်းကောင်း၊ ကိုယ်ကိုရောင်းချလျှင်၊ ရောင်းပြီးမှ ရွေးနုတ်သောအခွင့် ရှိစေရမည်။ မိမိအမျိုးသား တစ်စုံတစ်ယောက်သည် ရွေးနုတ်ရမည်။ ဘကြီး၊ ဘထွေး၊ ညီအစ်ကိုတော်မှစ၍ အဆွေအမျိုးပေါက်ဖော်ရင်း တစ်စုံတစ်ယောက်သည် ရွေးနုတ်ရမည်။ ကိုယ်တိုင်တတ်နိုင်လျှင်လည်း ကိုယ်ကိုရွေးနုတ်ရမည်။ သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သောနှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကိုရေတွက်ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကို ထောက်၍လည်းကောင်း၊ သူငှားလုပ်ရသည်ကာလကို ထောက်၍လည်းကောင်း၊ ကိုယ်အဖိုးကိုစီရင်ရမည်။
ဝတ်ပြုရာ 25 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဝတ်ပြုရာ 25:8-50
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ