YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 25:8-50

ဝတ်ပြုရာ 25:8-50 Judson Bible (JBMLE)

ဥ​ပုသ်​နှစ် ခု​နစ်​နှစ်​ကို​ရေ​တွက်၍၊ ခု​နစ်​နှစ် ခု​နစ်​လီ​တည်း​ဟူ​သော လေး​ဆယ်​ကိုး​နှစ်​စေ့​ပြီး​မှ၊ သ​တ္တ​မ​လ​ဆယ်​ရက်​နေ့၊ အ​ပြစ်​ဖြေ​ခြင်း​ပြု​ရာ​နေ့၌၊ ယု​ဘိ​လ​တံ​ပိုး​ကို တစ်​ပြည်​လုံး မှုတ်​စေ​ရ​မည်။ ငါး​ဆယ်​မြောက်​သော​နှစ်​ကို သန့်​ရှင်း​စေ​သ​ဖြင့်၊ တစ်​ပြည်​လုံး၌ ပြည်​သား​အ​ပေါင်း​တို့​အား၊ လွတ်​ရာ​အ​ခွင့်​ကို​ကြွေး​ကြော်​ရ​မည်။ ယု​ဘိ​လ​နှစ်​ဖြစ်၍၊ လူ​တိုင်း​မိ​မိ​ပိုင်​သော​မြေ၊ မိ​မိ​အ​ဆွေ​အ​မျိုး​ထံ​သို့ ပြန်​ရ​မည်။ ငါး​ဆယ်​မြောက်​သော​နှစ်​သည် ယု​ဘိ​လ​နှစ်​ဖြစ်​သော​ကြောင့် လယ်​မ​လုပ်​ရ။ အ​လို​လို​ပေါက်​သော အ​ပင်​ကို​မျှ​မ​ရိတ်​ရ။ မ​သုတ်​သင်​သော စ​ပျစ်​ဥ​ယျာဉ်​အ​သီး​ကို​မျှ မ​ဆွတ်​ရ။ ယု​ဘိ​လ​နှစ်​သည် သန့်​ရှင်း​သော​နှစ်​ဖြစ်​သော​ကြောင့်၊ လယ်၌​ရ​သော အ​သီး​အ​နှံ​ကို​သာ​စား​ရ​မည်။ ယု​ဘိ​လ​နှစ်​တွင် လူ​တိုင်း မိ​မိ​ပိုင်​သော​မြေ​သို့ ပြန်​ရ​မည်။ သင်​တို့​သည် အ​ချင်း​ချင်း​ရောင်း​ဝယ်​မှု​ကို​ပြု​လျှင်၊ တစ်​ယောက်​ကို​တစ်​ယောက် မ​ညှဉ်း​ဆဲ​ရ။ ယု​ဘိ​လ​နှစ်​လွန်၍ လို​သေး​သော​နှစ်​ပေါင်း၊ အ​သီး​အ​နှံ​သီး​လ​တ္တံ့​သော နှစ်​ပေါင်း​ကို​ရေ​တွက်၍ ရောင်း​ဝယ်​မှု​ကို​ပြု​ရ​မည်။ ထို​သို့ အ​သီး​သီး​ရ​သော နှစ်​များ​ကို​လိုက်၍​ရောင်း​သော​ကြောင့်၊ နှစ်​ပေါင်း အ​နည်း​အ​များ​အ​လိုက် အ​ဖိုး​လျော့​လျက်၊ တိုး​လျက်​ရောင်း​ဝယ်​ရ​မည်။ သင်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် မ​ညှဉ်း​ဆဲ​ရ။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်၏။ သင်​တို့​သည် ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို ကျင့်​စောင့်​လျှင်၊ ထို​ပြည်၌ ဘေး​လွတ်​လျက်​နေ​ရ​ကြ​လိမ့်​မည်။ မြေ​သည်​လည်း မိ​မိ​အ​သီး​အ​နှံ​ကို​ပေး​သ​ဖြင့်၊ သင်​တို့​သည် ဝ​စွာ​စား၍ ဘေး​လွတ်​လျက် နေ​ရ​ကြ​လိမ့်​မည်။ သင်​တို့​က​လည်း၊ သ​တ္တ​မ​နှစ်​တွင် ငါ​တို့​သည် အ​ဘယ်​သို့​စား​ရ​မည်​နည်း။ လယ်​မ​လုပ်​ရ။ အ​သီး​အ​နှံ​ကို​မ​သိမ်း​ရ​ပါ​တ​ကား​ဟု ဆို​လျှင်၊ အ​ဋ္ဌ​မတွင် သင်​တို့​ကို​ငါ​ကောင်း​ကြီး​ပေး၍၊ ထို​နှစ်​တွင် သုံး​နှစ်​အ​ဖို့ အ​သီး​အ​နှံ​ကို​ဖြစ်​စေ​မည်။ သင်​တို့​သည် အ​ဋ္ဌ​မ​နှစ်​တွင်​လယ်​လုပ်၍ န​ဝ​မ​နှစ်​တွင် အ​သီး​အ​နှံ​ကို​သိမ်း​ရာ ကာ​လ​တိုင်​အောင် ဟောင်း​သော​အ​သီး​အ​နှံ​ကို စား​ရ​ကြ​မည်။ မြေ​ကို သူ​တစ်​ပါး​အ​စဉ်​ပိုင်​စေ​ခြင်း​ငှာ မ​ရောင်း​ရ။ မြေ​သည် ငါ့​ဥ​စ္စာ​ဖြစ်၏။ သင်​တို့​သည် ငါ၌​တည်း​သော ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ကြ၏။ သင်​တို့​သည် မြေ​ကို​ပိုင်​လေ​ရာ​ရာ၌ ရွေး​နုတ်​ရ​သော​အ​ခွင့်​ကို ပေး​ရ​ကြ​မည်။ သင်၏​အ​မျိုး​သား​ချင်း​သည်​ဆင်း​ရဲ၍၊ မိ​မိ​ပိုင်​သော​မြေ​ကို​ရောင်း​လျှင်​လည်း​ကောင်း၊ သူ၏​ပေါက်​ဖော်​တစ်​စုံ​တစ်​ယောက်​သည် ဝယ်​ခြင်း​ငှာ​လာ​လျှင်​လည်း​ကောင်း၊ မိ​မိ​ပေါက်​ဖော် ရောင်း​သော​ဥ​စ္စာ​ကို ရွေး​နုတ်​ရ​သော​အ​ခွင့်​ရှိ​ရ​မည်။ ထို​မြေ​ကို ရွေး​နုတ်​သော​သူ​တစ်​ယောက်​မျှ မ​ပေါ်​မ​ရှိ၍၊ မြေ​ရှင်​ဟောင်း​သည် ကိုယ်​တိုင်​ရွေး​နုတ်​နိုင်​လျှင်၊ မိ​မိ​မြေ​သို့ ပြန်​အံ့​သော​ငှာ၊ ရောင်း၍​လွန်​သော နှစ်​ပေါင်း​ကို​ရေ​တွက်​ပြီး​မှ၊ လို​သေး​သော​အ​ဖိုး​ကို အ​ထက်​က​ရောင်း​ခဲ့​သော​သူ​အား ပြန်​ပေး​ရ​မည်။ ပြန်၍​မ​ပေး​နိုင်​လျှင် ရောင်း​ခဲ့​သော​ဥ​စ္စာ​ကို ယု​ဘိ​လ​နှစ်​တိုင်​အောင် ဝယ်​သော​သူ​လက်၌ ရှိ​စေ​ရ​မည်။ ယု​ဘိ​လ​နှစ်​တွင် လက်​လွှတ်၍ အ​ရှင်​ဟောင်း​လက်​သို့ ရောက်​စေ​ရ​မည်။ မြို့​ထဲ၌​ရှိ​သော​အိမ်​ကို အိမ်​ရှင်​ရောင်း​လျှင်၊ တစ်​နှစ်​အ​တွင်း​တွင် ရွေး​နုတ်​သော​အ​ခွင့်​ရှိ​စေ​ရ​မည်။ တစ်​နှစ်​အ​တွင်း​တွင် မ​ရွေး​နုတ်​လျှင်၊ ထို​အိမ်​ကို​ဝယ်​သော​သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် အ​မြဲ​ပိုင်​ရ​ကြ​မည်။ ယု​ဘိ​လ​နှစ်​ရောက်​သော်​လည်း လက်​မ​လွှတ်​ရ။ မြို့​ရိုး​မ​ရှိ၊ ရွာ၌​ရှိ​သော​အိမ်​ကို လယ်​ယာ​ကဲ့​သို့​မှတ်၍ ရွေး​နုတ်​ရ​သော အ​ခွင့်​ရှိ၏။ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ လက်​လွှတ်​ရ​မည်။ သို့​ရာ​တွင် လေ​ဝိ​သား​ပိုင်​သော​မြို့​နှင့် မြို့​အိမ်​တို့​ကို၊ အ​ဘယ်​ကာ​လ​အ​ချိန်​မ​ဆို​ဘဲ ရွေး​နုတ်​ရ​သော​အ​ခွင့်​ရှိ၏။ လေ​ဝိ​သား​ပိုင်​သော​မြို့​ကို​လည်း​ကောင်း၊ အိမ်​ကို​လည်း​ကောင်း၊ သူ​တစ်​ပါး​ဝယ်​လျှင်၊ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ လက်​လွှတ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ လူ​အ​မျိုး​သား​တို့​တွင် လေ​ဝိ​သား​တို့​သည်၊ ကိုယ်​နေ​ရာ​မြို့​အိမ်​မှ တစ်​ပါး​အ​ခြား​သော ဥ​စ္စာ​မ​ရှိ။ သို့​ဆို​သော်​လည်း၊ လေ​ဝိ​သား​မြို့​နယ်၌​ရှိ​သော လယ်​ယာ​တို့​ကို​မ​ရောင်း​ရ။ အ​စဉ်​အ​မြဲ​ပိုင်​ရ​မည်။ သင်၏​အ​မျိုး​သား​ချင်း​သည် ဆင်း​ရဲ၍​လက်​အား​လျော့​သ​ဖြင့် တစ်​ပါး​အ​မျိုး​သား ဧည့်​သည်​အာ​ဂ​န္တု​ကဲ့​သို့​ဖြစ်​လျှင်၊ သင့်​ထံ​မှာ​နေ​စေ​ခြင်း​ငှာ သူ့​ကို​မ​စ​ရ​မည်။ သူ၌ အ​တိုး​အ​ပွား​ကို​မ​ယူ​ရ။ သင်၏​အ​မျိုး​သား​ချင်း​သည် သင့်​ထံ​မှာ​နေ​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​လော့။ အ​တိုး​အ​ပွား​ကို​မျှော်​လင့်၍ ငွေ​ကို​လည်း​ကောင်း၊ စား​စ​ရာ​ကို​လည်း​ကောင်း သူ၌​မ​ချေး​မ​ငှား​ရ။ ငါ​သည် ခါ​နာန်​ပြည်​ကို​သင်​တို့​အား​ပေး၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​အံ့​သော​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်၏​အ​မျိုး​သား​ချင်း​သည်​ဆင်း​ရဲ၍ သင်၌​အ​ရောင်း​ခံ​လျှင်၊ အ​စေ​ခံ​ကျွန်​ကို​ပြု​သ​ကဲ့​သို့ သူ့​ကို​အ​နိုင်​မ​ပြု​ရ။ သူ​သည်​သူ​ငှား​ကဲ့​သို့​လည်း​ကောင်း၊ ဧည့်​သည်​ကဲ့​သို့​လည်း​ကောင်း၊ သင့်​ထံ​မှာ​နေ၍ ယု​ဘိ​လ​နှစ်​တိုင်​အောင် အ​စေ​ခံ​ရ​မည်။ ထို​အ​ခါ သူ​သည် သား​သ​မီး​နှင့်​တ​ကွ​ထွက်၍၊ မိ​မိ​အ​ဆွေ​အ​မျိုး၊ မိ​မိ ဘိုး​ဘ​ပိုင်​သော​မြေ​သို့ ပြန်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ငါ​နုတ်​ဆောင်​သော ငါ၏​အ​မှု​ထမ်း​ဖြစ်၍၊ အ​စေ​ခံ​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ၊ မ​ရောင်း​ရ။ သူ့​ကို ကြမ်း​တမ်း​စွာ​မ​စီ​ရင်​ရ။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ သင်​သည်​စေ​ခိုင်း​သော​ကျွန်၊ ကျွန်​မ​တို့​ကို၊ သင့်​ပတ်​လည်​ဝန်း​ကျင်​တို့၌ နေ​သော​သာ​သ​နာ​ပ​လူ​တို့​တွင် ဝယ်​ရ​မည်။ ထို​မှ​တစ်​ပါး၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​ကို​လည်း​ကောင်း၊ သင်​တို့​ပြည်၌ သူ​တို့​ရ​သော​သား​သ​မီး​များ​ကို​လည်း​ကောင်း ဝယ်၍​ပိုင်​ရ​မည်။ သူ​တို့​သည် ကျွန်​သား​ပေါက်​ဖြစ်၍၊ သင်​တို့​နှင့် သင်​တို့​သား​သ​မီး​တို့​သည် အ​မွေ​ခံ၍​ပိုင်​ရ​မည်။ ကိုယ်​အ​မျိုး​သား​ချင်း​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​လျှင်၊ တစ်​ယောက်​ကို​တစ်​ယောက် ကြမ်း​တမ်း​စွာ​မ​စီ​ရင်​ရ။ သင့်​အ​နား​မှာ​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​သည် ငွေ​ရ​တတ်၍ သူ၏​အ​နား​မှာ​နေ​သော သင်၏​အ​မျိုး​သား​ချင်း​ဆင်း​ရဲ​သ​ဖြင့်၊ သင့်​အ​နား​မှာ​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၌​လည်း​ကောင်း၊ သူ၏​သား​မြေး၌​လည်း​ကောင်း၊ ကိုယ်​ကို​ရောင်း​ချ​လျှင်၊ ရောင်း​ပြီး​မှ ရွေး​နုတ်​သော​အ​ခွင့် ရှိ​စေ​ရ​မည်။ မိ​မိ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​သည် ရွေး​နုတ်​ရ​မည်။ ဘ​ကြီး၊ ဘ​ထွေး၊ ညီ​အစ်​ကို​တော်​မှ​စ၍ အ​ဆွေ​အ​မျိုး​ပေါက်​ဖော်​ရင်း တစ်​စုံ​တစ်​ယောက်​သည် ရွေး​နုတ်​ရ​မည်။ ကိုယ်​တိုင်​တတ်​နိုင်​လျှင်​လည်း ကိုယ်​ကို​ရွေး​နုတ်​ရ​မည်။ သ​ခင်​နှင့် ကျွန်​တို့​သည်၊ ရောင်း​ဝယ်​သော​နှစ်​မှ​စ၍ ယု​ဘိ​လ​နှစ်​တိုင်​အောင် နှစ်​ပေါင်း​ကို​ရေ​တွက်​ပြီး​လျှင်၊ နှစ်​ပေါင်း​အ​နည်း​အ​များ​ကို ထောက်၍​လည်း​ကောင်း၊ သူ​ငှား​လုပ်​ရ​သည်​ကာ​လ​ကို ထောက်၍​လည်း​ကောင်း၊ ကိုယ်​အ​ဖိုး​ကို​စီ​ရင်​ရ​မည်။

ဝတ်ပြုရာ 25:8-50 Common Language Bible (BCL)

ခု​နစ်​နှစ်​ခု​နစ်​လီ​ဖြစ်​သော လေး​ဆယ့်​ကိုး နှစ်​ကို​ရေ​တွက်​လော့။- ထို​နောက်​သတ္တ​မ​လ​ဆယ်​ရက်​နေ့​သည်​အ​ပြစ် ဖြေ​ရာ​နေ့​ဖြစ်​၍ လူ​တစ်​ယောက်​အား​တစ်​ပြည် လုံး​သို့​လှည့်​လည်​လျက်​တံ​ပိုး​ခ​ရာ​မှုတ်​စေ လော့။- ဤ​နည်း​အား​ဖြင့်​ငါး​ဆယ်​မြောက်​နှစ်​ကို သီး​သန့်​သတ်​မှတ်​လျက် တိုင်း​ပြည်​တွင်​နေ ထိုင်​သူ​အ​ပေါင်း​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ကို​ကြေ​ညာ​ရ​မည်။ အ​ရောင်း​အ​ဝယ်​ပြု လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ​ကို ဤ​နှစ်​၌​မူ​လ ပိုင်​ရှင်​သို့​မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ် များ​ထံ​ပြန်​လည်​ပေး​အပ်​ရ​မည်။ ငွေ​ဝယ် ကျွန်​များ​ကို​သူ​တို့​၏​မိ​သား​စု​များ​ထံ သို့​ပြန်​စေ​ရ​မည်။- သင်​တို့​သည်​လယ်​များ​ကို​မ​စိုက်​မ​ပျိုး​ရ။ အ​လို​အ​လျောက်​သီး​သော​အ​သီး​အ​နှံ များ​ကို​လည်း​မ​ဆွတ်​မ​ခူး​ရ။- ထို​နှစ်​တစ်​နှစ်​လုံး​သည်​သင်​တို့​အ​တွက်​နှစ် ထူး​နှစ်​မြတ်​ဖြစ်​၏။ သင်​တို့​သည်​လယ်​မှ အ​လို​အ​လျောက်​ထွက်​သ​မျှ​ကို​သာ​စား သုံး​ရ​ကြ​မည်။ အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို ဤ​နှစ်​၌​မူ​လ​ပိုင်​ရှင်​လက်​သို့​ပြန်​လည်​ပေး အပ်​ရ​မည်။- သို့​မှ​သာ​သင်​သည်​အ​မျိုး​သား​ချင်း​နှင့် အ​ရောင်း​အ​ဝယ်​ပြု​လုပ်​သည့်​အ​ခါ ထိုက် တန်​သော​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။- နောက်​တစ်​ကြိမ်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​မ​ကျ​ရောက်​မီ မြေ​မှ​အ​သီး​အ​နှံ​ထွက် မည့်​နှစ်​အ​နည်း​အ​များ​ကို​တွက်​ချက်​၍ မြေ​၏​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။- အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ရာ​၌​မြေ​မှ​အ​သီး အ​နှံ​ထွက်​အ​ကြိမ်​ပေါင်း​ကို​တွက်​ချက်​၍ ရောင်း ဝယ်​ရ​သည်​ဖြစ်​သော​ကြောင့် အ​သီး​အ​နှံ​ထွက် မည့်​နှစ်​အ​နည်း​အ​များ​အ​လိုက်​မြေ​တန်​ဖိုး ကို​ဖြတ်​ရ​မည်။- သင်​တို့​သည်​အ​မျိုး​သား​ချင်း​ကို​မ​လှည့်​စား ရ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ သင်​တို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​နေ​ထိုင်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ ကို​စောင့်​ထိန်း​လော့။- မြေ​မှ​အ​သီး​အ​နှံ​ထွက်​သ​ဖြင့် သင်​တို့​သည် ဝ​လင်​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​လိမ့်​မည်။- လယ်​များ​ကို​မ​စိုက်​မ​ပျိုး၊ အ​သီး​အ​နှံ​များ ကို​မ​စု​မ​သိမ်း​ရ​သော​သတ္တ​မ​နှစ်​တွင်​မည် ကဲ့​သို့​စား​ရ​ပါ​မည်​နည်း​ဟူ​၍​တစ်​စုံ​တစ် ယောက်​က​မေး​ကောင်း​မေး​လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​သည်​ဆ​ဋ္ဌ​မ​နှစ်​တွင် မြေ ကို​ကောင်း​ချီး​ပေး​သ​ဖြင့်​နှစ်​နှစ်​စာ အ​တွက်​အ​သီး​အ​နှံ​ထွက်​လိမ့်​မည်။- သင်​တို့​သည်​အ​ဋ္ဌ​မ​နှစ်​တွင်​လယ်​များ​ကို​စိုက် ပျိုး​သော​အ​ခါ ဆ​ဋ္ဌ​မ​နှစ်​က​ရိတ်​သိမ်း​ခဲ့​သော အ​သီး​အ​နှံ​ကို​စား​နေ​ရ​ဦး​မည်။ ထို​နှစ်​၌ စိုက်​ပျိုး​သော​အ​သီး​အ​နှံ​များ​ကို​မ​ရိတ်​သိမ်း မီ​တိုင်​အောင် သင်​တို့​တွင်​အ​စား​အ​စာ​ဖူ​လုံ လိမ့်​မည်။ မြေ​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား​သ​ခင်​သာ​ပိုင် သ​ဖြင့် ယင်း​ကို​အ​ပြီး​အ​ပိုင်​မ​ရောင်း​ရ။ သင် တို့​သည်​ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှင့်​သာ ထို ပြည်​သို့​ဝင်​ရောက်​အ​ခြေ​စိုက်​နေ​ထိုင်​သူ များ​ဖြစ်​ကြ​မည်။ မြေ​ကို​ရောင်း​ချသည့်​အ​ခါ​မူ​လ​ပိုင်​ရှင်​က ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ခွင့်​ရှိ​စေ​ရ​မည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​သည် ဆင်း​ရဲ​နွမ်း​ပါး​သ​ဖြင့် မိ​မိ​၏​မြေ​ကို​ရောင်း ချ​ရ​လျှင် သူ​နှင့်​အ​နီး​စပ်​ဆုံး​ဆွေ​မျိုး​သား ချင်း​က​ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ရ​မည်။- ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​မည့်​ဆွေ​မျိုး​သား ချင်း​မ​ရှိ​သော် ပိုင်​ရှင်​သည်​နောင်​အ​ခါ​၌ ငွေ ကြေး​တတ်​နိုင်​သော​အ​ခါ​ကိုယ်​တိုင်​မြေ​ကို ပြန်​၍​ဝယ်​ယူ​နိုင်​စေ​ရ​မည်။- ထို​အ​ခါ​၌​သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည် ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန်​ရှိ​နေ သေး​သော​နှစ်​များ​ကို​တွက်​ချက်​၍​ပေး​သင့် ပေး​ထိုက်​သော​တန်​ဖိုး​ကို​ပေး​၍​ဝယ်​ရ​မည်။ မည်​သို့​ပင်​ဖြစ်​စေ​သူ​သည်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​၌ မိ​မိ​ပိုင်​မြေ​ကို ပြန်​လည်​ရ​ရှိ​မည်။- အ​ကယ်​၍​သူ​သည်​မြေ​ကို​ပြန်​ဝယ်​ယူ​ရန် ငွေ​မ​ရှိ​လျှင် ထို​မြေ​သည်​ရှေ့​လာ​မည့်​ပြန် လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ​ဝယ်​သူ ၏​လက်​ဝယ်​ရှိ​စေ​ရ​မည်။ ထို​နှစ်​၌​ယင်း​မြေ ကို​မူ​လ​ပိုင်​ရှင်​အား​ပြန်​ပေး​ရ​မည်။ မြို့​ရိုး​အ​တွင်း​၌​ရှိ​သော​အိမ်​ကို​ရောင်း​လျှင် ပိုင်​ရှင်​သည်​တစ်​နှစ်​အ​တွင်း​အိမ်​ကို​ပြန်​၍ ဝယ်​ယူ​ခွင့်​ရှိ​သည်။- သို့​ရာ​တွင်​တစ်​နှစ်​အ​တွင်း​အိမ်​ကို​ပြန်​၍​မ ဝယ်​ယူ​လျှင် နောက်​တစ်​ဖန်​ပြန်​လည်​ဝယ်​ယူ ခွင့်​မ​ရှိ​သည့်​အ​ပြင်​ဝယ်​ယူ​သူ​နှင့်​သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ထို​အိမ်​ကို​အ​မြဲ ပိုင်​စေ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် မ​ပေး​ရ။- မြို့​ရိုး​မ​ရှိ​သော​ကျေး​ရွာ​များ​၌​ရှိ​သည့် အိမ်​များ​ကို​ရောင်း​ဝယ်​ရာ​တွင်​လယ်​ယာ များ​ကို​ရောင်း​ဝယ်​သည့်​နည်း​အ​တိုင်း​လိုက် နာ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် ပေး​ရ​မည်။- လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​နေ​ထိုင် ရာ​သတ်​မှတ်​ထား​သော​မြို့​များ​တွင်​မိ​မိ တို့​ရောင်း​ပြီး​သော​အိမ်​များ​ကို​အ​ချိန် မ​ရွေး​ပြန်​၍​ဝယ်​ယူ​ခွင့်​ရှိ​သည်။- လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​သည်​မိ​မိ​နေ​ထိုင် ရာ​မြို့​တွင် မိ​မိ​၏​အိမ်​ကို​ရောင်း​ပြီး​နောက် ပြန်​၍​မ​ဝယ်​လျှင် ပြန်​လည်​ပေး​အပ်​ခြင်း ဆိုင်​ရာ​နှစ်​၌​ထို​အိမ်​ကို​သူ့​အား​ပြန်​ပေး ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ နိုင်​ငံ​တွင် လေ​ဝိ​မြို့​များ​ကို​လေ​ဝိ​အ​နွယ် ဝင်​တို့​အ​မြဲ​ပိုင်​သော​ကြောင့်​ဖြစ်​သည်။- သို့​ရာ​တွင်​လေ​ဝိ​မြို့​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​ကို​မူ မည်​သည့်​အ​ခါ​မျှ​မ​ရောင်း​ရ။ ထို စား​ကျက်​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​စဉ် အ​မြဲ​ပိုင်​၏။ သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​တစ်​ဦး သည် ဆင်း​ရဲ​နွမ်း​ပါး​၍​အား​ကိုး​ရာ​မဲ့​ဖြစ် နေ​လျှင် သင့်​အိမ်​နီး​ချင်း​အ​ဖြစ်​ဆက်​လက်​၍ အ​သက်​ရှင်​နေ​ထိုင်​နိုင်​စေ​ရန် သူ့​အား​မိ​မိ ၏​သူ​ရင်း​ငှား​ကဲ့​သို့​ထောက်​ပံ့​ရ​မည်။- ထို​သူ​အား​ငွေ​ချေး​ရာ​၌​အ​တိုး​မ​ယူ​ရ။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍ သူ့​အား​သင် ၏​အိမ်​နီး​ချင်း​အ​ဖြစ်​အ​သက်​ရှင်​နေ​ထိုင် စေ​လော့။- သူ့​အား​ချေး​ငွေ​အ​ပေါ်​တွင်​အ​တိုး​မ​ယူ​ရ။ အ​စား​အ​စာ​ကို​အ​မြတ်​တင်​၍​သူ့​အား မ​ရောင်း​ရ။- ဤ​ကား​သင်​တို့​အား​ခါ​နာန်​ပြည်​ကို​ပေး​ရန် နှင့် သင်​တို့​၏​ဘု​ရား​ဖြစ်​ရန် သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​လာ​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ဖြစ်​၏။ သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​သည် အ​လွန်​ဆင်း​ရဲ​နွမ်း​ပါး​၍​သင့်​ထံ​တွင် မိ​မိ ကိုယ်​ကို​ကျွန်​အ​ဖြစ်​ဖြင့်​ရောင်း​လျှင် သူ့ အား​ကျွန်​ကဲ့​သို့​မ​စေ​ခိုင်း​ရ။- သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​ရောက်​သည်​အ​ထိ သင့်​ထံ​မှာ​သူ​ရင်း​ငှား အ​ဖြစ်​သင်​၏​အ​မှု​ကို​ထမ်း​စေ​ရ​မည်။- ထို​အ​ချိန်​ရောက်​သည့်​အ​ခါ​သူ​နှင့်​သူ​၏​သား သ​မီး​တို့​သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​များ ရှိ​ရာ​ဇာ​တိ​ရပ်​ရွာ​သို့​ပြန်​စေ​ရ​မည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျွန်​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​ကို​ကျွန် ရောင်း​ကျွန်​ဝယ်​မ​ပြု​ရ။- သူ​တို့​အ​ပေါ်​ညှာ​တာ​ထောက်​ထား​သော သ​ဘော​ထား​ရှိ​ရ​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရိုသေ​ရ​မည်။- စေ​ခိုင်း​ရန်​ကျွန်​လို​လျှင်​သင်​တို့​၏​ပတ်​ဝန်း ကျင်​နိုင်​ငံ​များ​မှ​ကျွန်​များ​ကို​ဝယ်​ယူ​လော့။- သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​၏​သား​သ​မီး​များ​ကို​လည်း​ဝယ်​ယူ​နိုင် သည်။ သင်​တို့​၏​ပြည်​တွင်​မွေး​ဖွား​သော​ယင်း က​လေး​များ​ကို​သင်​တို့​ဝယ်​ယူ​နိုင်​သည်။- သင်​တို့​၏​သား​သ​မီး​များ​သည်​သူ​တို့​ကို အ​မွေ​အ​ဖြစ်​ဆက်​ခံ​နိုင်​သည်။ သူ​တို့​သည် သင်​တို့​သား​များ​၏​အ​စေ​ကို​တစ်​သက်​လုံး ခံ​စေ​ရ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​ကို​မူ​ကား​ထောက်​ထား​ညှာ​တာ ရ​မည်။ အ​ကယ်​၍​ဆင်း​ရဲ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ဦး​သည် သင်​တို့​နှင့်​အ​တူ​နေ​ထိုင် သည့်​လူ​မျိုး​ခြား​တစ်​ဦး​သို့​မ​ဟုတ်​သူ​၏ မိ​သား​စု​တစ်​ဦး​ထံ​တွင် မိ​မိ​ကိုယ်​ကို​ကျွန် အ​ဖြစ်​ရောင်း​ခဲ့​သည်​ရှိ​သော်၊- သူ့​ကို​ပြန်​၍​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​သည်။ သူ​၏​ညီ အစ်​ကို​တစ်​ဦး​က​သော်​လည်း​ကောင်း၊- ဦး​ကြီး​ဦး​လေး​က​သော်​လည်း​ကောင်း၊ ညီ​အစ် ကို​ဝမ်း​ကွဲ​က​သော်​လည်း​ကောင်း၊ နီး​စပ်​သူ​ဆွေ​မျိုး တစ်​ဦး​က​သော်​လည်း​ကောင်း​သူ့​အား​ပြန်​၍​ဝယ် ယူ​နိုင်​သည်။ သို့​တည်း​မ​ဟုတ်​သူ​ကိုယ်​တိုင်​ငွေ ကြေး​တတ်​နိုင်​လျှင်​မိ​မိ​ကိုယ်​ကို​ဝယ်​ယူ​နိုင် သည်။- မိ​မိ​အား​ဝယ်​ယူ​သူ​နှင့်​ညှိ​နှိုင်း​ပြီး​လျှင် မိ​မိ​ကိုယ်​ကို​မိ​မိ​ရောင်း​သည့်​နှစ်​မှ​အ​စ ပြု​၍ ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း ဆိုင်​ရာ​နှစ်​အ​ထိ မိ​မိ​ရ​မည့်​သူ​ရင်း​ငှား​ခ အ​ပေါ်​မူ​တည်​၍​အ​ဖိုး​အ​ခ​ကို​သတ်​မှတ် ရ​မည်။

ဝတ်ပြုရာ 25:8-50 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​သည် ဥပုသ်​နှစ် ခုနစ်​နှစ်​ကို မိမိဘာသာမိမိ ခုနစ်​နှစ် ခုနစ်​လီ ရေတွက်​ရ​မည်​။ ဥပုသ်​နှစ် ခုနစ်​နှစ် ခုနစ်​လီ​၏​ကာလ​သည် လေးဆယ့်​ကိုး​နှစ်​ဖြစ်​၏​။ သတ္တမ​လ​၊ ဆယ်​ရက်​နေ့​၌ သင်​သည် တံပိုး​ကို ကျယ်လောင်​စွာ​မှုတ်​ရ​မည်​။ အပြစ်ဖြေလွှတ်​ခြင်း​နေ့​၌ သင်​တို့​သည် တစ်ပြည်လုံး​အနှံ့ တံပိုး​ကို မှုတ်​ရ​မည်​။ သင်​တို့​သည် ငါးဆယ်​မြောက်​နှစ်​ကို သန့်ရှင်း​စေ​၍ ထို​ပြည်​၌​နေထိုင်​သော​သူ​အပေါင်း​တို့ လွတ်လပ်ခွင့်​ရ​ကြောင်း တစ်ပြည်လုံး​ကြေညာ​ရ​မည်​။ ထို​နှစ်​သည် သင်​တို့​အဖို့ မင်္ဂလာရတု​နှစ်​ဖြစ်​၍ သင်​တို့​အသီးသီး မိမိ​ပိုင်ဆိုင်​ရာ​မြေ​သို့​လည်းကောင်း​၊ မိမိ​မျိုးနွယ်စု​ထံသို့​လည်းကောင်း ပြန်​ရ​မည်​။ ငါးဆယ်​မြောက်​နှစ်​သည် သင်​တို့​အဖို့ မင်္ဂလာရတု​နှစ်​ဖြစ်​ရ​မည်​။ ထို​နှစ်​တွင် မျိုး​မ​ကြဲ​ရ​။ အလေ့ကျ​ပေါက်​သော​အပင်​မှ​သီးနှံ​ကို မ​ရိတ်သိမ်း​ရ​။ မပြုစု​ထား​သော​စပျစ်ပင်​မှ​စပျစ်သီး​ကို​လည်း မ​ဆွတ်ခူး​ရ​။ အကြောင်းမူကား ထို​မင်္ဂလာရတု​နှစ်​သည် သင်​တို့​အဖို့ သန့်ရှင်း​ရ​မည်​။ သင်​တို့​သည် လယ်ယာ​မှ​အလေ့ကျပေါက်သောအပင်​၏​အသီးအနှံ​ကို​သာ စား​ရ​မည်​။ ထို​မင်္ဂလာရတု​နှစ်​တွင် သင်​တို့​အသီးသီး မိမိ​ပိုင်ဆိုင်​ရာ​မြေ​သို့ ပြန်​ရ​မည်​။ သင်​တို့​သည် မိမိ​၏​အိမ်နီးချင်း​အား တစ်စုံတစ်ရာ​ကို ရောင်း​သည်​ဖြစ်စေ​၊ မိမိ​အိမ်နီးချင်း​ထံမှ ဝယ်​သည်​ဖြစ်စေ တစ်ယောက်​ကို​တစ်ယောက် နိုင်ထက်စီးနင်း​မ​ပြု​ရ​။ သင့်​အိမ်နီးချင်း​ထံမှ လယ်ယာ​ကို သင်​ဝယ်​သောအခါ မင်္ဂလာရတု​နှစ်​ပြီး​၍​ကျန်ရှိ​သော​နှစ်​အရေအတွက်​နှင့်အညီ ဝယ်​ရ​မည်​။ သူ​သည်​လည်း သီးနှံရိတ်သိမ်း​နိုင်​မည့်​နှစ်​အရေအတွက်​နှင့်အညီ သင့်​အား ရောင်း​ရ​မည်​။ ဖြစ်ထွန်း​သော​သီးနှံ​အရေအတွက်​နှင့်အညီ သင့်​အား ရောင်း​ရ​ခြင်း​ဖြစ်​သောကြောင့် နှစ်​အရေအတွက်​များ​လျှင် တန်ဖိုး​ကို​တိုး​၍ နှစ်​အရေအတွက်​နည်း​လျှင် တန်ဖိုး​ကို​လျှော့​ရ​မည်​။ အချင်းချင်း နိုင်ထက်စီးနင်း​မ​ပြု​ရ​။ သင်​၏​ဘုရားသခင်​ကို သင်​ကြောက်ရွံ့​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်နာ​ရ​မည်​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​ပြုကျင့်​ရ​မည်​။ သို့ပြုလျှင် သင်​တို့​သည် ငါ​ပေး​သော​ပြည်​၌ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​မည်​။ ထို​ပြည်​၌ အသီးအနှံ​ဖြစ်ထွန်း​၍ သင်​တို့​သည် ဝ​စွာ​စား​ရ​မည်​။ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​မည်​။ သင်​တို့​က “​အကျွန်ုပ်​တို့​သည် မျိုး​မ​ကြဲ​ရ​၊ ကိုယ့်​အသီးအနှံ​ကို​လည်း မ​စုသိမ်း​ရ​လျှင် သတ္တမ​နှစ်​၌ မည်သည့်​အရာ​ကို​စား​ရ​မည်နည်း​”​ဟု မေး​ကြ​လိမ့်မည်​။ ငါ​သည် ဆဋ္ဌမ​နှစ်​၌ သင်​တို့​အပေါ်​သို့ ငါ​၏​ကောင်းချီးမင်္ဂလာ​ကို သက်ရောက်​စေ​မည်​။ ထို​နှစ်​၌ သုံး​နှစ်​စာ​အသီးအနှံ ထွက်​လိမ့်မည်​။ သင်​တို့​သည် အဋ္ဌမ​နှစ်​မျိုးကြဲ​ချိန်​၌ သီးနှံ​အဟောင်း​ကို စား​ကြ​ရ​မည်​။ အသီးအနှံ​ထွက်​သည့်​နဝမ​နှစ်​တိုင်အောင် အဟောင်း​ကို​စား​ကြ​ရ​မည်​။ မြေ​သည် ငါ့​အပိုင်​ဖြစ်​၏​။ သင်​တို့​သည် ငါ့​ထံ၌​တည်းခို​သော တိုင်းတစ်ပါးသား​များ​၊ ဧည့်သည်​များ​ဖြစ်​သောကြောင့် မြေ​ကို​အပြီးအပိုင်​မ​ရောင်း​ရ​။ သင်​တို့​ပိုင်ဆိုင်​ရာ​မြေ​အားလုံး​ကို သင်​တို့​ရွေးနုတ်ခွင့်​ပေး​ရ​မည်​။ သင်​၏​အမျိုးသားချင်း​တစ်ဦး​သည် ဆင်းရဲ​သွား​၍ သူ့​လက်ဝယ်ရှိမြေ​အချို့​ကို ရောင်း​လျှင် ရွေးနုတ်​ခွင့်​ရှိ​သော သူ​၏​ဆွေမျိုးသားချင်း​သည်​လာ​၍ သူ​ရောင်း​သော​မြေ​ကို ရွေးနုတ်​ရ​မည်​။ ထို​သူ​၌ ရွေးနုတ်​ပေး​မည့်​သူ မ​ရှိ​ဘဲ သူ​သည် ကြီးပွား​လာ​၍ သူ့​မြေ​ကို ပြန်​ရွေးနုတ်​ရန် ငွေ​အလုံအလောက်​ရှိ​လျှင် သူ​သည် မိမိ​ရောင်း​ထား​သော​နှစ်​ကို​တွက်​၍ လို​ငွေ​ကို ဝယ်​သူ​အား ပေး​ပြီးမှ မိမိ​ပိုင်​သော​မြေ​သို့ ပြန်သွား​ခွင့်​ရှိ​မည်​။ သူ​သည် ပြန်ပေး​ရန် ငွေ​အလုံအလောက်​မ​ရှိ​လျှင် သူ​ရောင်း​ထား​သော​မြေ​သည် မင်္ဂလာရတု​နှစ်​အထိ ဝယ်​သူ​၏​လက်​ထဲ၌ ရှိ​နေ​ရ​မည်​။ မင်္ဂလာရတု​နှစ်​၌ သူ​သည် မြေ​ကို​ပြန်ရ​သဖြင့် သူ​သည်​မိမိ​ပိုင်​သော​မြေ​သို့ ပြန်သွား​ခွင့်​ရှိ​မည်​။ တစ်စုံတစ်ယောက်​သည် တံတိုင်း​ခတ်​ထား​သော​မြို့​ထဲ​ရှိ နေ​အိမ်​ကို ရောင်း​လျှင် ရောင်း​သော​နေ့​မှ တစ်​နှစ်​အတွင်း ရွေးနုတ်ခွင့်​ရှိ​၏​။ ထို​အချိန်​အတွင်း ရွေးနုတ်​ရ​မည်​။ သူ​သည် တစ်​နှစ်​ပြည့်​သွား​သည်​အထိ မ​ရွေးနုတ်​လျှင် တံတိုင်း​ခတ်​ထား​သော​မြို့​ထဲ​ရှိ အိမ်​ကို​ဝယ်​သူ​သည် မျိုးဆက်​အစဉ်အဆက် အမြဲ​ပိုင်​ရ​မည်​။ မင်္ဂလာရတု​နှစ်​ရောက်​သော်လည်း အိမ်​ကို ပြန်ပေး​ရ​မည်​မ​ဟုတ်​။ သို့သော် တံတိုင်း​မ​ခတ်​ထား​သော​ရွာ​ရှိ နေအိမ်​များ​ကို လယ်ယာ​ကဲ့သို့​သတ်မှတ်​ရ​မည်​။ သူ​သည် နေအိမ်​ကို ရွေးနုတ်ခွင့်​ရှိ​၏​။ မင်္ဂလာရတု​နှစ်​ရောက်​သောအခါ သူ​သည် အိမ်​ကို ပြန်လည်​ရရှိ​မည်​။ လေဝိ​အမျိုး​တို့​ပိုင်​သော​မြို့​များ​ရှိ သူ​တို့​၏​အိမ်​များ​ကို​ကား လေဝိ​အမျိုး​တို့​သည် ရွေးနုတ်ခွင့်​အစဉ်အမြဲ​ရှိ​၏​။ တစ်စုံတစ်ယောက်​သည် လေဝိ​အမျိုး​တို့​ထံမှ​အိမ်​ကို​ဝယ်ယူ​လျှင် လေဝိ​အမျိုး​တို့​ပိုင်ဆိုင်​ရာ​မြို့​ရှိ ထို​ရောင်း​ထား​သော​အိမ်​ကို မင်္ဂလာရတု​နှစ်​ရောက်​သောအခါ ပြန်ပေး​ရ​မည်​။ အကြောင်းမူကား အစ္စရေး​အမျိုးသား​တို့​တွင် လေဝိ​အမျိုး​တို့​ပိုင်​သော​မြို့​များ​ရှိ အိမ်​များ​သည် သူ​တို့​၏​အပိုင်​ဖြစ်​၏​။ သူ​တို့​၏​မြို့​များ​ရှိ​စားကျက်မြေ​သည် သူ​တို့​အစဉ်အမြဲ​ပိုင်​သော​မြေ​ဖြစ်​သောကြောင့် မ​ရောင်း​ရ​။ သင်​၏​အမျိုးသားချင်း​တစ်​ဦး​သည် ဆင်းရဲ​သွား​၍ သင့်​အား မှီခို​နေ​ရ​လျှင် သူ့​အား တိုင်းတစ်ပါးသား​၊ သို့မဟုတ် ဧည့်သည်​ကဲ့သို့ ထောက်မ​ရ​မည်​။ သင်​နှင့်အတူ နေထိုင်​ခွင့်​ပေး​ရ​မည်​။ သူ့​ထံမှ အတိုး​အမြတ် မ​ယူ​ရ​။ သင်​၏​ဘုရားသခင်​ကို ကြောက်ရွံ့​ပြီး သင်​၏​ညီအစ်ကို​ကို သင်​နှင့်အတူ​နေထိုင်​ခွင့်​ပြု​ရ​မည်​။ သင်​၏​ငွေ​ကို သူ့​အား အတိုး​ဖြင့် မ​ချေး​ရ​။ သင်​၏​အစားအစာ​ကို​လည်း သူ့​အား အမြတ်​ဖြင့် မ​ရောင်း​ရ​။ ငါ​သည် သင်​တို့​အား ခါနာန်​ပြည်​ကို​ပေး​၍ သင်​တို့​၏​ဘုရား​ဖြစ်​ဖို့​အတွက် အီဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​၏​အမျိုးသားချင်း​တစ်​ဦး​သည် ဆင်းရဲ​သွား​၍ သင့်​ထံ၌ သူ့ကိုယ်သူ​ရောင်း​လျှင် သင်​သည် သူ့​အား ကျွန်​ကဲ့သို့ မ​စေခိုင်း​ရ​။ သူ​သည် သင့်​ထံ၌ သူရင်းငှား​ကဲ့သို့​လည်းကောင်း​၊ ဧည့်သည်​ကဲ့သို့​လည်းကောင်း နေ​၍ မင်္ဂလာရတု​နှစ်​အထိ သင့်​ထံ၌ အလုပ်​လုပ်​ရ​မည်​။ ထို့နောက်တွင် သူ​သည် မိမိ​သားသမီး​များ​နှင့်တကွ သင့်​ထံ​မှ​ထွက်သွား​၍ မိမိ​မျိုးနွယ်စု​ရှိ​ရာ​သို့​ပြန်သွား​ရ​မည်​။ မိမိ​ဘိုးဘေး​တို့​ပိုင်ဆိုင်​ရာ​မြေ​သို့ ပြန်သွား​ရ​မည်​။ အကြောင်းမူကား သူ​တို့​သည် အီဂျစ်​ပြည်​မှ​ငါ​ထုတ်ဆောင်​ခဲ့​သော ငါ​၏​အစေအပါး​များ​ဖြစ်​ကြ​၏​။ သူ​တို့​ကို ကျွန်​အဖြစ်​မ​ရောင်း​ရ​။ သူ့​အပေါ် ရက်စက်ကြမ်းတမ်း​စွာ​မ​အုပ်စိုး​ရ​။ သင်​၏​ဘုရားသခင်​ကို သင်​ကြောက်ရွံ့​ရ​မည်​။ သင်​ပိုင်​သော ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​သည် သင်​တို့​ဝန်းကျင်​၌​ရှိ​သော​လူမျိုးခြား​တို့​ထဲမှ​ဖြစ်​ရ​မည်​။ ထို​သူ​တို့​ထဲမှ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​ကို သင်​တို့ ဝယ်ယူ​ရ​မည်​။ ထို့ပြင် သင်​တို့​ထံ၌ တည်းခိုနေထိုင်​သော​ဧည့်သည်​တို့​၏​သားသမီး​များ​ထဲမှ​လည်းကောင်း​၊ သင်​တို့​ပြည်​၌​မွေးဖွား​၍ သင်​တို့​နှင့်အတူ​နေထိုင်​သည့် သူ​တို့​၏​မျိုးနွယ်စု​ထဲမှ​လည်းကောင်း သင်​တို့​ဝယ်ယူ​ခွင့်​ရှိ​၏​။ ထို​သူ​တို့​သည် သင်​တို့​၏​အပိုင်​ဖြစ်​ရ​မည်​။ သင်​တို့​သည် ထို​သူ​တို့​ကို နောင်လာမည့်​သင်​တို့​၏​သားမြေး​တို့ ပိုင်ဆိုင်​သော​အမွေ​အဖြစ် ချန်ထား​ခဲ့​နိုင်​၏​။ ထို​သူ​တို့​ကို တစ်သက်လုံး​ကျွန်ပြု​ခွင့်​ရှိ​၏​။ သို့သော် သင်​တို့​၏​အမျိုးသားချင်း​ဖြစ်​သော အစ္စရေး​အမျိုးသား​တို့​သည် အချင်းချင်း​တစ်ဦး​အပေါ်​တစ်ဦး ရက်စက်ကြမ်းတမ်း​စွာ​မ​အုပ်စိုး​ရ​။ အကယ်၍ သင်​နှင့်အတူ​နေထိုင်​သည့် တိုင်းတစ်ပါးသား​ဧည့်သည်​သည် ကြီးပွား​၍ သူ​နှင့်အတူ​နေထိုင်​သည့် သင်​၏​အမျိုးသားချင်း​သည် ဆင်းရဲ​သွား​သဖြင့် သူ​သည် သင်​နှင့်အတူ​နေထိုင်​သည့်​တိုင်းတစ်ပါးသား​ဧည့်သည်​ထံ၌​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​၏​မျိုးနွယ်စုဝင်​ထံ၌​ဖြစ်စေ သူ့ကိုယ်သူ​ရောင်း​လျှင် ရောင်း​ပြီးနောက် သူ့​ကို ရွေးနုတ်ခွင့်​ရှိ​ရ​မည်​။ သူ​၏​ညီအစ်ကို​များ​ထဲမှ တစ်စုံတစ်ယောက်​က သူ့​ကို ရွေးနုတ်​ရ​မည်​။ သူ​၏​ဘကြီး​ဖြစ်စေ​၊ သူ့​ဘကြီး​၏​သား​ဖြစ်စေ သူ့​ကို ရွေးနုတ်​ရ​မည်​။ သို့မဟုတ် သူ​၏​မျိုးနွယ်စု​ထဲမှ သူ​နှင့်​သွေးသားတော်စပ်သူ​တစ်ယောက်ယောက်​က သူ့​ကို ရွေးနုတ်​ရ​မည်​။ သို့မဟုတ် သူ​ကိုယ်တိုင်​ကြီးပွား​သောအခါ သူ့ကိုယ်သူ ရွေးနုတ်​ရ​မည်​။ သူ​သည် သူ့ကိုယ်သူ ရောင်း​သော​နှစ်​မှစ၍ မင်္ဂလာရတု​နှစ်​အထိ နှစ်ပေါင်း​ကို ဝယ်သူ​နှင့်အတူ ရေတွက်​ရ​မည်​။ သူ့ကိုယ်သူ​ရောင်း​သော​တန်ဖိုး​သည် ရေတွက်​သော​နှစ်​အလိုက်​ဖြစ်​ရ​မည်​။ ဝယ်​သူ​နှင့်​နေ​ရ​သော​ကာလ​သည် သူရင်းငှား​တစ်​ယောက်​နေ​ရ​သော​ကာလ​အတိုင်း ဖြစ်​ရ​မည်​။