ထိုအခါ ယုဒအမျိုးသားတို့သည်၊ ဂိလဂါလမြို့၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုး ယေဖုန္နာ၏သားကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကိုရည်ဆောင်၍၊ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော်သိပါ၏။ ဤပြည်ကိုစူးစမ်းစေခြင်းငှာ ဘုရားသခင်၏ကျွန် မောရှေသည် အကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ၊ အကျွန်ုပ်သည် အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါ၏။ အကျွန်ုပ်နှင့်အတူသွားသော ညီအစ်ကိုတို့သည်၊ လူများစိတ်ပျက်စရာကို ပြုသော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်ပါ၏။ ထိုနေ့ရက်၌ မောရှေက၊ သင်သည် ငါ၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ အကယ်၍ သင်နင်းပြီးသောမြေသည် အစဉ်အဆက် သင်၏အမွေ၊ သင်၏သားမြေးတို့၏အမွေ ဖြစ်ရလိမ့်မည်ဟု ကျိန်ဆိုလေ၏။ ဣသရေလအမျိုးသည် တော၌လှည့်လည်စဉ်အခါ၊ ထာဝရဘုရားသည် ထိုသို့မောရှေအား မိန့်တော်မူသောနေ့မှစ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည်အတိုင်း၊ အနှစ်လေးဆယ်ငါးနှစ်ပတ်လုံး အကျွန်ုပ်အသက်ကို ရှင်စေတော်မူသဖြင့်၊ ယနေ့မှာ အကျွန်ုပ်သည် အသက်ရှစ်ဆယ်ငါးနှစ်ရှိပါပြီ။ သို့ရာတွင် မောရှေစေလွှတ်သောနေ့၌ ခွန်အားရှိသကဲ့သို့ ယနေ့၌ရှိပါ၏။ ထိုအခါ ထွက်ဝင်ခြင်းအမှု၊ စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သကဲ့သို့ ယခုလည်းတတ်စွမ်းနိုင်ပါ၏။ သို့ဖြစ်၍ ထိုနေ့၌ ထာဝရဘုရားမိန့်တော်မူသော ဤတောင်ကို အကျွန်ုပ်အားပေးပါ။ ဤတောင်ပေါ်မှာ အာနကလူရှိကြောင်းကိုလည်းကောင်း၊ ကြီးမားခိုင်ခံ့သောမြို့တို့နှင့် ပြည့်စုံကြောင်းကိုလည်းကောင်း၊ ထိုနေ့၌ ကိုယ်တော်သည်ကြားရပြီ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင်၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ကိုနှင်ထုတ်ခြင်းငှာ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။ ထိုအခါ ယောရှုသည် ကောင်းချီးပေး၏။ ဟေဗြုန်ပြည်ကိုလည်း၊ ယေဖုန္နာ၏သားကာလက် အမွေခံစရာဖို့ အပ်ပေးလေ၏။ သို့ဖြစ်၍ ကေနက်အမျိုး ယေဖုန္နာ၏သားကာလက်သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ ဟေဗြုန်ပြည်သည် ယနေ့တိုင်အောင် ကာလက်၏အမွေမြေဖြစ်သတည်း။ ဟေဗြုန်မြို့သည် အထက်က ကိရယသာဘအမည်ရှိ၏။ အာဗသည် အာနကအမျိုးသားတို့တွင်လူကြီးဖြစ်၏။ ထိုအခါ တစ်ပြည်လုံးစစ်ငြိမ်းလေ၏။
ယောရှု 14 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောရှု 14:6-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ