အို ဇိအုန်မြို့၊ နိုးလော့။ နိုး၍ ခွန်အားကို ယူလော့။ အို ယေရုရှလင်မြို့တည်းဟူသော၊ သန့်ရှင်းသောမြို့၊ သင်၏တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား၊ နောက်တစ်ဖန် အရေဖျားလှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသောသူတို့သည် သင်၏အထဲသို့ မဝင်ရကြ။ အိုယေရုရှလင်မြို့၊ ကိုယ်၌ကပ်သော မြေမှုန့်ကိုခါလိုက်၍၊ မြင့်သောအရပ်၌ ထိုင်လော့။ အို ချုပ်ထားလျက်ရှိသော ဇိအုန်သတို့သမီး၊ သင်၏လည်ကြိုးကိုချွတ်လော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်ဖိုးငွေကိုမရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည်။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့သည် အထက်က အဲဂုတ္တုပြည်၌ တည်းခိုအံ့သောငှာ သွားကြ၏။ နောက်မှ အာရှုရိလူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို အကြောင်းမရှိဘဲ ယူသွား၍၊ အစိုးရသောသူတို့သည် ဝါကြွားလျက် ငါ့နာမကို နေ့တိုင်းကဲ့ရဲ့ကြသည်ဖြစ်၍၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ သို့ဖြစ်၍၊ ငါ၏လူတို့သည် ငါ့ကိုသိကြလိမ့်မည်။ ကတိထားသောသူကား၊ ငါဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ်ငါရှိသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်း ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ သင်၏ဘုရားသခင်စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား။ သင်၏ကင်းစောင့်တို့၏အသံကို နားထောင်ကြလော့။ သူတို့သည် အသံကိုလွှင့်၍၊ ရွှင်လန်းသောအသံနှင့် တညီတညွတ်တည်း ကြွေးကြော်ကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူကြောင်းကို ကိုယ်တိုင်မြင်ရကြ၏။ ယေရုရှလင်မြို့၌ ပြိုပျက်ရာအရပ်တို့၊ တညီတညွတ်တည်း သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူပြီ။ ယေရုရှလင်မြို့ကို ရွေးနုတ်တော်မူပြီ။ ထာဝရဘုရားသည် ခပ်သိမ်းသော လူအမျိုးမျိုးတို့ရှေ့မှာ၊ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြတော်မူသဖြင့်၊ မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတ္တံ့။
ဟေရှာယ 52 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 52:1-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ