YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 45

45
ကု​ရု​ဘု​ရင်​ကို​အ​သုံး​ပြု​ခြင်း
1အ​ကြင်​သူ၏​ရှေ့​မှာ အ​ပြည်​ပြည်​တို့​ကို နှိမ့်​ချ၍၊ ရှင်​ဘု​ရင်​တို့​ကို တန်​ဆာ​ချွတ်​လျက်၊ အ​တွင်း​တံ​ခါး​တို့​ကို မ​ပိတ်​ရ​ဘဲ၊ နှစ်​ရွက်​ရှိ​သော တံ​ခါး​တို့​ကို ဖွင့်​ခြင်း​ငှာ၊ အ​ကြင်​သူ၏ လက်​ယာ​လက်​ကို ငါ​ထောက်​မ၏။ ထို​သူ​တည်း​ဟူ​သော ကု​ရု​မင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​မင်း​အား မိန့်​တော်​မူ​သည်​ကား၊ 2သင့်​ရှေ့​မှာ ငါ​သွား၍ မြင့်​သော​အ​ရပ်​ကို ညီ​စေ​မည်။ ကြေး​ဝါ​တံ​ခါး​တို့​ကို ချိုး၍၊ သံ​ကန့်​လန့်​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​မည်။ 3မှောင်​မိုက်၌​ရှိ​သော ဘ​ဏ္ဍာ၊ လုံ​ခြုံ​စွာ ဝှက်​ထား​သော​ဥ​စ္စာ​တို့​ကို သင့်​အား​ငါ​ပေး​မည်။ သို့​ဖြစ်၍၊ ငါ​သည် သင့်​ကို နာ​မည်​ဖြင့်​ခေါ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။ 4ငါ့​ကျွန်​ယာ​ကုပ်၊ ငါ​ရွေး​ကောက်​သော​သူ ဣ​သ​ရေ​လ​အ​တွက်၊ ငါ​သည် သင့်​ကို နာ​မည်​ဖြင့်​ခေါ်၏။ သင်​သည် ငါ့​ကို​မ​သိ​သော်​လည်း၊ သင်၌ နာ​မည်​သစ်​ကို ထပ်၍​ပေး၏။ 5ငါ​တစ်​ပါး​တည်း​သာ ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။ သင်​သည် ငါ့​ကို မ​သိ​သော်​လည်း၊ သင်၏​ခါး​ကို ငါ​စည်း၏။ 6သို့​ဖြစ်၍ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​မ​ရှိ၊ ငါ​တစ်​ပါး​တည်း​သာ ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို၊ နေ​ထွက်​ရာ​အ​ရပ်​သား​နှင့် အ​နောက်​မျက်​နှာ​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ 7ငါ​သည် အ​လင်း​ကို​လုပ်၏။ အ​မိုက်​ကို​လည်း ဖန်​ဆင်း၏။ ငြိမ်​သက်​ခြင်း​ကို ဖြစ်​စေ၏။ အ​မင်္ဂ​လာ​ကို​လည်း ဖန်​ဆင်း၏။ ခပ်​သိမ်း​သော အ​မူ​အ​ရာ​တို့​ကို ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ၏။
ဖန်​ဆင်း​ရှင်ထာ​ဝ​ရ​ဘု​ရား
8မိုး​ကောင်း​ကင်​တို့၊ အ​ထက်​မှ​ယို​ကြ​လော့။ မိုး​တိမ်​တို့​သည် တ​ရား​မိုး​ရွာ​ကြ​စေ။ မြေ​ကြီး​သည် ပွင့်၍ ကယ်​တင်​ခြင်း​အ​သီး​ကို သီး​စေ။ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် တစ်​ပြိုင်​နက်​ပေါက်​စေ။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား ဖန်​ဆင်း၏။
9အ​ကြင်​သူ​သည် မိ​မိ​ကို ဖန်​ဆင်း​သော​သူ​နှင့် ဆန့်​ကျင်​ဘက်​ပြု၏၊ ထို​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ မြေ​အိုး​ခြမ်း​တို့​တွင် အိုး​ခြမ်း​ပါ​တ​ကား။ အိုး​မြေ​က၊ သင်​သည် အ​ဘယ်​သို့​သော​အ​ရာ​ကို လုပ်​သ​နည်း​ဟု အိုး​ထိန်း​သ​မား​ကို ဆို​ရ​မည်​လော။ ငါ့​ကို​လုပ်​သော​သူ၌ လက်​မ​ရှိ​ဟု သင်​လုပ်​သော​အ​ရာ​က ဆို​ရ​မည်​လော။#ရော၊ ၉:၂၀။ 10မိ​မိ​အ​ဘ​အား၊ သင်​သည် အ​ဘယ်​သို့​သော အ​ရာ​ကို ဖြစ်​ပွား​စေ​သ​နည်း ဟူ၍​လည်း​ကောင်း၊ မိ​မိ​အ​မိ​အား၊ သင်​သည် အ​ဘယ်​သို့​သော အ​ရာ​ကို မွေး​ဖွား​သ​နည်း ဟူ၍​လည်း​ကောင်း ဆို​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။
11ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၊ ထို​အ​မျိုး​ကို ဖန်​ဆင်း​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ဖြစ်​လ​တ္တံ့​သော​အ​မှု​တို့​ကို ငါ့​ထံ၌ မေး​မြန်း​ကြ​လော့။ ငါ့​သား​တို့​အ​တွက်၊ ငါ့​ကိုယ်​တိုင်​ပြု​သော အ​မှု​အ​တွက်​ကြောင့်၊ ငါ့​ကို စီ​ရင်​ကြ​လော့။ 12မြေ​ကြီး​ကို ငါ​လုပ်​လေ​ပြီ။ မြေ​ကြီး​ပေါ်​မှာ လူ​ကို​လည်း ဖန်​ဆင်း​လေ​ပြီ။ မိုး​ကောင်း​ကင်​ကို ကိုယ်​လက်​နှင့် ငါ​ကြက်​လေ​ပြီ။ မိုး​ကောင်း​ကင်​တန်​ဆာ​အ​ပေါင်း​တို့​ကို ငါ​ခန့်​ထား​လေ​ပြီ။ 13ထို​သူ​ကို​လည်း တ​ရား​တော်​အ​တိုင်း ငါ​ပေါ်​ထွန်း​စေ၏။ သူ​သွား​သော​လမ်း​ကို ငါ​ဖြောင့်​စေ​မည်။ သူ​သည် ငါ၏​မြို့​ကို တည်​ဆောက်​လိမ့်​မည်။ သိမ်း​သွား​ချုပ်​ထား​ခြင်း​ကို ခံ​ရ​သော ငါ၏​လူ​တို့​ကို သူ​သည် အ​ဖိုး​မ​ခံ၊ ဆု​မ​ယူ​ဘဲ လွှတ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
14တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဆည်း​ပူး​သော​ဥ​စ္စာ၊ ကု​ရှ​ပြည်​သား၊ အ​ရပ်​မြင့်​သော သေ​ဘ​အ​မျိုး​သား ပြု​စု​သော​ကုန်​သွယ်​ဥ​စ္စာ​သည် သင့်​ဘက်​သို့​ရောက်၍၊ သင်၏​ဥ​စ္စာ ဖြစ်​ရ​လိမ့်​မည်။ ထို​သူ​တို့​သည် သင့်​နောက်​သို့​လိုက်၍ သံ​ကြိုး​နှင့်​ချည်​နှောင်​လျက် လမ်း၌ လျှောက်​သွား​ကြ​လိမ့်​မည်။ သင့်​ရှေ့​မှာ ပျပ်​ဝပ်၍၊ အ​ကယ်​စင်​စစ် ကိုယ်​တော်၌ ဘု​ရား​သ​ခင်​ရှိ​တော်​မူ၏။ ထို​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သာ​ဘု​ရား​သ​ခင် မည်​မျှ​မ​ရှိ​ပါ​ဟူ၍ တောင်း​ပန်​ကြ​လိမ့်​မည်။
15အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ကိုယ်​ကို​ထင်​ရှား​စွာ ပြ​တော်​မ​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ 16ရုပ်​တု​ကို​လုပ်​သော သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်၍ မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ အ​ရှက်​ကွဲ၍ တစ်​ပြိုင်​နက် ဆုတ်​သွား​ကြ​လိမ့်​မည်။ 17ဣ​သ​ရေ​လ​အ​မျိုး​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ထာ​ဝ​ရ ကယ်​တင်​ခြင်း​သို့​ရောက်၍၊ သင်​တို့​သည် ရှက်​ကြောက်​ခြင်း၊ မှိုင်​တွေ​ခြင်း​နှင့် က​မ္ဘာ​အ​ဆက်​ဆက် ကင်း​လွတ်​ကြ​လိမ့်​မည်။
18မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ မြေ​ကြီး​ကို ပြု​ပြင်​ဖန်​ဆင်း၍ အ​မြဲ​တည်​စေ​တော်​မူ​သော အ​ရှင်၊ အ​ချည်း​နှီး​ဖန်​ဆင်း​သည် မ​ဟုတ်၊ သ​တ္တ​ဝါ​နေ​စ​ရာ​ဖို့ ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား မ​ရှိ။ 19ငါ​သည် တိတ်​ဆိတ်​စွာ မ​ဟော။ မြေ​ကြီး​ထဲ​မှာ မှောင်​မိုက်​သော​အ​ရပ်၌ မ​ဟော။ သင်​တို့​သည် ကျေး​ဇူး​မ​ရှိ​ဘဲ ငါ့​ကို​ရှာ​ကြ​လော့​ဟု ယာ​ကုပ်​အ​မျိုး​အား ငါ​မ​ပြော။ ငါ​သည် ဖြောင့်​မတ်​စွာ​ပြော၍ အ​တည့်​အ​လင်း ဟော​တတ်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။
ထာ​ဝ​ရ​ဘု​ရား​နှင့်​ဗာ​ဗု​လုန်​ရုပ်​တု​များ
20သင်​တို့​သည် စည်း​ဝေး၍ လာ​ကြ​လော့။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​မှ ဘေး​လွတ်​သော​သူ​တို့၊ စည်း​ဝေး​ကြ​လော့။ မိ​မိ​ထု​လုပ်​သော သစ်​သား​ကို ဆောင်​ရွက်​သော​သူ၊ မ​ကယ်​တင်​နိုင်​သော ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​တို့​သည် ပ​ညာ​မ​ရှိ​ကြ။ 21သ​တင်း​ကြား​ပြော​ကြ​လော့။ လူ​များ​ကို အ​နီး​သို့​ခေါ်​ခဲ့၍ တိုင်​ပင်​ကြ​စေ။ ဤ​အ​မှု​ကို ရှေး​ကာ​လ​မှ​စ၍ အ​ဘယ်​သူ ဖော်​ပြ​သ​နည်း။ အ​ထက်​က အ​ဘယ်​သူ ဟော​ပြော​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား ဟော​ပြော​သည် မ​ဟုတ်​လော။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။ ငါ​သည် ဖြောင့်​မတ်​သော​ဘု​ရား၊ ကယ်​တင်​သော​ဘု​ရား ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။ 22မြေ​ကြီး​စွန်း​သား အ​ပေါင်း​တို့၊ ငါ့​ကို​မျှော်​ကြည့်၍၊ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို ခံ​ကြ​လော့။ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား မ​ရှိ။ 23ငါ့​ရှေ့၌ လူ​တိုင်း​ဒူး​ထောက်​ရ​မည်၊ လူ​တိုင်း မိ​မိ​နှုတ်​နှင့် သ​စ္စာ​ခံ​ရ​မည်​ဟု ကိုယ်​ကို​ကိုယ် တိုင်​တည်၍ ငါ​ကျိန်​ဆို​သော တ​ရား​စ​ကား​သည် ငါ့​နှုတ်​မှ ထွက်​သည်​ဖြစ်၍၊ မ​ပြည့်​စုံ​ဘဲ မ​နေ​ရ။#ရော၊ ၁၄:၁၁။ ဖိ၊ ၂:၁၀-၁၁။ 24ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့်​သာ ဖြောင့်​မတ်​ခြင်း​နှင့် အ​စွမ်း​သ​တ္တိ​ကို ရ​ပါ​သည်​ဟု လူ​တိုင်း​လျှောက်​ရ​မည်။ ကိုယ်​တော်​ကို မ​နာ​လို​သော သူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ 25ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​ရောက်၍ ဝါ​ကြွား​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 45: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ