ယောသပ်သည်လည်း ဝန်စာရေးကိုခေါ်၍ ထိုသူတို့အိတ်များ၌ ရိက္ခာပါနိုင်သမျှ အပြည့်ထည့်လော့။ လူတိုင်းဆိုင်သောငွေကို မိမိတို့အိတ်ဝတွင်လည်းကောင်း၊ စပါးအဖိုးငွေနှင့် ငါ့ငွေဖလားကို၊ အငယ်ဆုံးသောသူ၏အိတ်ဝတွင်လည်းကောင်း ထည့်ထားလော့ဟု မှာသည်အတိုင်း ဝန်စာရေးပြုလေ၏။ နံနက်မိုးလင်းသောအခါ၊ ထိုသူတို့ကိုမြည်းများနှင့်တကွ လွှတ်လိုက်လေ၏။ မြို့ပြင်သို့ရောက်၍ မဝေးသေးသောအခါ၊ ယောသပ်သည်ဝန်စာရေးကိုခေါ်၍၊ ထိုသူတို့ကို မြန်မြန်လိုက်လော့။ မီသောအခါ သင်တို့သည်ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့်ဆပ်ကြသနည်း။ ငါ့သခင်သောက်သောဖလားမဟုတ်လော။ ထူးဆန်းသောဉာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ်လော။ သင်တို့ပြုသောဤအမှုသည် မကောင်းပါတကားဟု ပြောဆိုလော့ဟု မှာသည်အတိုင်း၊ ဝန်စာရေးလိုက်၍မီသောအခါ ပြောဆိုလေ၏။ သူတို့ကလည်း ဤစကားကို သခင်သည် အဘယ်ကြောင့်ပြောပါသနည်း။ ကိုယ်တော်ကျွန်တို့နှင့် ထိုသို့သောအမှုဝေးပါစေသတည်း။ ယမန်ကအိတ်ဝတွင် တွေ့သောငွေကို၊ ခါနာန်ပြည်မှ ကိုယ်တော်ထံသို့ တစ်ဖန်ဆောင်ခဲ့ပါပြီ။ သို့ဖြစ်လျှင် ကိုယ်တော်၏သခင်အိမ်၌ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း။ ကိုယ်တော်၏ကျွန်တို့တွင် မည်သူ၌တွေ့လျှင်၊ ထိုသူကိုသေစေ။ ကျွန်တော်တို့သည်လည်း သခင်၏ကျွန်ခံကြပါမည်ဟု ဆိုကြ၏။ ဝန်စာရေးကလည်း၊ သင်တို့စကားအတိုင်းဖြစ်စေ။ သို့သော်လည်း မည်သူ၌တွေ့လျှင်၊ ထိုသူသည်ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အပြစ်လွှတ်ကြစေဟု ဆိုသော်၊ ထိုသူအပေါင်းတို့သည် အသီးအသီး မိမိတို့အိတ်များကို မြေ၌ချ၍ဖွင့်ကြ၏။ ဝန်စာရေးသည်လည်၊ အကြီးမှစ၍ အငယ်တိုင်အောင်ရှာသဖြင့် ဗင်္ယာမိန်အိတ်၌ဖလားကိုတွေ့၏။ ထိုအခါသူတို့သည် မိမိအဝတ်ကိုဆုတ်၍ လူတိုင်းမိမိမြည်းပေါ်မှာ ဝန်ကိုတင်ပြန်သဖြင့် မြို့သို့ပြန်သွားကြ၏။
ကမ္ဘာဦး 44 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 44:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ