ကမ္ဘာဦး 44
44
ပျောက်သွားသောဖလား
1ယောသပ်သည်လည်း ဝန်စာရေးကိုခေါ်၍ ထိုသူတို့အိတ်များ၌ ရိက္ခာပါနိုင်သမျှ အပြည့်ထည့်လော့။ လူတိုင်းဆိုင်သောငွေကို မိမိတို့အိတ်ဝတွင်လည်းကောင်း၊ 2စပါးအဖိုးငွေနှင့် ငါ့ငွေဖလားကို၊ အငယ်ဆုံးသောသူ၏အိတ်ဝတွင်လည်းကောင်း ထည့်ထားလော့ဟု မှာသည်အတိုင်း ဝန်စာရေးပြုလေ၏။ 3နံနက်မိုးလင်းသောအခါ၊ ထိုသူတို့ကိုမြည်းများနှင့်တကွ လွှတ်လိုက်လေ၏။ 4မြို့ပြင်သို့ရောက်၍ မဝေးသေးသောအခါ၊ ယောသပ်သည်ဝန်စာရေးကိုခေါ်၍၊ ထိုသူတို့ကို မြန်မြန်လိုက်လော့။ မီသောအခါ သင်တို့သည်ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့်ဆပ်ကြသနည်း။ 5ငါ့သခင်သောက်သောဖလားမဟုတ်လော။ ထူးဆန်းသောဉာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ်လော။ သင်တို့ပြုသောဤအမှုသည် မကောင်းပါတကားဟု ပြောဆိုလော့ဟု မှာသည်အတိုင်း၊ 6ဝန်စာရေးလိုက်၍မီသောအခါ ပြောဆိုလေ၏။ သူတို့ကလည်း ဤစကားကို သခင်သည် အဘယ်ကြောင့်ပြောပါသနည်း။ 7ကိုယ်တော်ကျွန်တို့နှင့် ထိုသို့သောအမှုဝေးပါစေသတည်း။ 8ယမန်ကအိတ်ဝတွင် တွေ့သောငွေကို၊ ခါနာန်ပြည်မှ ကိုယ်တော်ထံသို့ တစ်ဖန်ဆောင်ခဲ့ပါပြီ။ သို့ဖြစ်လျှင် ကိုယ်တော်၏သခင်အိမ်၌ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း။ 9ကိုယ်တော်၏ကျွန်တို့တွင် မည်သူ၌တွေ့လျှင်၊ ထိုသူကိုသေစေ။ ကျွန်တော်တို့သည်လည်း သခင်၏ကျွန်ခံကြပါမည်ဟု ဆိုကြ၏။ 10ဝန်စာရေးကလည်း၊ သင်တို့စကားအတိုင်းဖြစ်စေ။ သို့သော်လည်း မည်သူ၌တွေ့လျှင်၊ ထိုသူသည်ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အပြစ်လွှတ်ကြစေဟု ဆိုသော်၊ 11ထိုသူအပေါင်းတို့သည် အသီးအသီး မိမိတို့အိတ်များကို မြေ၌ချ၍ဖွင့်ကြ၏။ 12ဝန်စာရေးသည်လည်၊ အကြီးမှစ၍ အငယ်တိုင်အောင်ရှာသဖြင့် ဗင်္ယာမိန်အိတ်၌ဖလားကိုတွေ့၏။ 13ထိုအခါသူတို့သည် မိမိအဝတ်ကိုဆုတ်၍ လူတိုင်းမိမိမြည်းပေါ်မှာ ဝန်ကိုတင်ပြန်သဖြင့် မြို့သို့ပြန်သွားကြ၏။
14ယုဒနှင့် ညီအစ်ကိုတို့သည် ယောသပ်အိမ်သို့ရောက်၍၊ သူသည်အိမ်၌ရှိသေးသဖြင့်၊ သူ့ရှေ့မှာပျပ်ဝပ်လျက် နေကြ၏။ 15ယောသပ်ကလည်း၊ သင်တို့သည် အဘယ်သို့ပြုပြီးသနည်း။ ငါကဲ့သို့သောယောက်ျားသည် ထူးဆန်းသောဉာဏ်ရှိကြောင်းကို သင်တို့မသိကြသလောဟု ဆို၏။ 16ယုဒကလည်း၊ ကျွန်တော်တို့သည်သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း။ အဘယ်သို့ပြောရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့လွတ်နိုင်ပါအံ့နည်း။ ကိုယ်တော်ကျွန်တို့၏အပြစ်ကို ဘုရားသခင်စစ်၍ တွေ့တော်မူပြီ။ အကြင်သူ၌ ဖလားတော်ကိုတွေ့၏။ ထိုသူမှစ၍ ကျွန်တော်တို့ရှိသမျှသည် သခင်၏ကျွန်ဖြစ်ကြပါ၏ဟု လျှောက်လေသော်၊ 17ထိုသို့ငါမပြုရ။ အကြင်သူ၏လက်၌ ငါ့ဖလားကိုတွေ့၏။ ထိုသူသည် ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အဘထံသို့ ငြိမ်ဝပ်စွာသွားကြလော့ဟု စီရင်လေ၏။
ဗင်္ယာမိန်အတွက်အသနားခံခြင်း
18ထိုအခါ ယုဒသည်ချဉ်းကပ်လျက်၊ သခင်ဘုရား၊ ကိုယ်တော်ကျွန်သည် စကားတစ်ခွန်းဖြင့် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ်တော်သည် ဖာရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏။ 19သခင်က၊ သင်တို့သည်အဘရှိသလော။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင်၊ 20ကျွန်တော်တို့က၊ ကျွန်တော်တို့အဘ အသက်ကြီးသောသူရှိပါ၏။ အဘအသက်ကြီးစဉ်အခါရသော သားငယ်တစ်ယောက်ရှိပါ၏။ သူ၏အစ်ကိုသေပါပြီ။ သူ့အမိဖွားသောသားတို့တွင် သူတစ်ယောက်တည်းကျန်ရစ်ပါ၏။ ထိုကြောင့် သူ၏အဘသည်သူ့ကိုချစ်ပါ၏ဟု သခင်အား ပြန်လျှောက်လေသော်၊ 21ကိုယ်တော်က၊ ထိုသူကိုငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏။ 22ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့်မခွာနိုင်ပါ။ အဘနှင့်ခွာလျှင် အဘသေပါလိမ့်မည်ဟု သခင်အားလျှောက်သော်လည်း၊ 23ကိုယ်တော်က၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကိုနောက်တစ်ဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏။ 24ထိုနောက်ကျွန်တော်တို့သည် ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘထံသို့ ပြန်၍ရောက်သောအခါ၊ သခင်စကားတော်ကို အဘအားပြန်ကြားပါ၏။ 25ကျွန်တော်တို့အဘကလည်း၊ တစ်ဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဟုဆိုသောအခါ၊ 26ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ။ ညီပါလျှင်သွားနိုင်ပါ၏။ ညီမပါလျှင် ထိုသူ၏မျက်နှာကိုမမြင်ရပါဟု ပြန်ပြောပါ၏။ 27ကိုယ်တော်ကျွန်၊ ကျွန်တော်အဘကလည်း၊ သင်တို့သိသည်အတိုင်း ငါ့မယားသည် ငါ့အားသားနှစ်ယောက်ကိုဖွား၏။ 28တစ်ယောက်ကား ငါ့ထံမှထွက်သွား၏။ အကယ်စင်စစ် သူသည် အပိုင်းအပိုင်းကိုက်ဖြတ်ခြင်းကို ခံရပါပြီတကားဟု ငါဆိုရ၏။ ထိုကာလမှစ၍ သူ့ကိုငါမမြင်ရ။ 29ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အားဆိုပါ၏။ 30သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ရောက်သောအခါ၊ သူငယ်မပါလျှင် အဘ၏အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသောကြောင့်၊ 31သူငယ်မရှိသည်ကိုမြင်သောအခါ အဘသေပါလိမ့်မည်။ ကိုယ်တော်ကျွန်တို့သည်၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏနိုင်ငံသို့ သက်ရောက်စေကြပါလိမ့်မည်။ 32ကိုယ်တော်ကျွန်က၊ အကျွန်ုပ်သည် တစ်ဖန်သူငယ်ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ အစဉ်မပြတ် အဘရှေ့မှာအပြစ်ကိုခံပါစေဟုဆိုသဖြင့်၊ အဘထံမှာ သူငယ်၏အာမခံဖြစ်ပါ၏။ 33သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် သူငယ်အတွက်နေရစ်၍ သခင်ထံကျွန်ခံရသောအခွင့်၊ သူငယ်ကိုကား အစ်ကိုတို့နှင့်အတူ သွားရသောအခွင့်ကို ပေးတော်မူပါ။ 34သူငယ်သည် ကျွန်တော်၌မပါလျှင်၊ ကျွန်တော်အဘထံသို့ အဘယ်သို့ကျွန်တော်သွားနိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော်အဘ၌ရောက်လတ္တံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟု လျှောက်လေ၏။
လက်ရှိရွေးချယ်ထားမှု
ကမ္ဘာဦး 44: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.