ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှားတော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာသွားလာ၍ စုံလင်ခြင်းရှိလော့။ ငါ၏ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကိုငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။ အာဗြံသည်လည်းပျပ်ဝပ်လျင်၊ ဘုရားသခင်က၊ ငါပြုသောပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည်လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တစ်ဖန်သင်၏အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည်သင့်ကို များစွာသောလူအမျိုးတို့၏ အဘအရာ၌ခန့်ထားပြီ။ ငါသည် သင့်ကိုအလွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။ ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ဘုရားဖြစ်မည်ဟု၊ သင်နှင့် သင်၏အမျိုးအနွယ်အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။ သင်သည် ယခုဧည့်သည်ဖြစ်၍နေသောပြည်တည်းဟူသော၊ ခါနာန်ပြည်တစ်လျှောက်လုံးကို၊ သင်အားလည်းကောင်း၊ သင့်နောက်၌သင်၏အမျိုးအနွယ်အားလည်းကောင်း၊ အစဉ်အမြဲအပိုင်ပေးမည်။ သူတို့၏ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။ တစ်ဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ်ကို စောင့်ရှောက်ရကြမည်။ သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာစောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံရမည်။ အရေဖျားလှီးမင်္ဂလာသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည်။ သင်တို့အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ဖွားသောသူဖြစ်စေ၊ ကိုယ်အမျိုးမဟုတ်၊ တစ်ပါးအမျိုးသား၌ ငွေနှင့် ဝယ်သောသူဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ ကိုယ်အိမ်၌ဖွားသောသူ၊ ကိုယ်ငွေနှင့်ဝယ်သောသူသည်၊ အရေဖျားလှီးမင်္ဂလာကိုခံရမည်။ ငါ့ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။ အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကိုမခံသောသားယောက်ျားကို သူ၏အမျိုးမှ ပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကိုဖျက်လေပြီဟု အာဗြဟံအားမိန့်တော်မူ၏။
ကမ္ဘာဦး 17 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 17:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ