ကမ္ဘာဦး 17
17
အရေဖျားလှီးခြင်းမင်္ဂလာ
1ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှားတော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာသွားလာ၍ စုံလင်ခြင်းရှိလော့။ 2ငါ၏ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကိုငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။ 3အာဗြံသည်လည်းပျပ်ဝပ်လျင်၊ ဘုရားသခင်က၊ 4ငါပြုသောပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည်လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ 5နောက်တစ်ဖန်သင်၏အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည်သင့်ကို များစွာသောလူအမျိုးတို့၏ အဘအရာ၌ခန့်ထားပြီ။#ရော၊ ၄:၁၇။ 6ငါသည် သင့်ကိုအလွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။ 7ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ဘုရားဖြစ်မည်ဟု၊ သင်နှင့် သင်၏အမျိုးအနွယ်အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။#လု၊ ၁:၅၅။ 8သင်သည် ယခုဧည့်သည်ဖြစ်၍နေသောပြည်တည်းဟူသော၊ ခါနာန်ပြည်တစ်လျှောက်လုံးကို၊ သင်အားလည်းကောင်း၊ သင့်နောက်၌သင်၏အမျိုးအနွယ်အားလည်းကောင်း၊ အစဉ်အမြဲအပိုင်ပေးမည်။ သူတို့၏ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။#တ၊ ၇:၅။
9တစ်ဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ်ကို စောင့်ရှောက်ရကြမည်။ 10သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာစောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံရမည်။#တ၊ ၇:၈၊ 11အရေဖျားလှီးမင်္ဂလာသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည်။ 12သင်တို့အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ဖွားသောသူဖြစ်စေ၊ ကိုယ်အမျိုးမဟုတ်၊ တစ်ပါးအမျိုးသား၌ ငွေနှင့် ဝယ်သောသူဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ 13ကိုယ်အိမ်၌ဖွားသောသူ၊ ကိုယ်ငွေနှင့်ဝယ်သောသူသည်၊ အရေဖျားလှီးမင်္ဂလာကိုခံရမည်။ ငါ့ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။ 14အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကိုမခံသောသားယောက်ျားကို သူ၏အမျိုးမှ ပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကိုဖျက်လေပြီဟု အာဗြဟံအားမိန့်တော်မူ၏။
15တစ်ဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကိုမူကား၊ စာရဲဟူသော အမည်ဖြင့်မခေါ်ရ၊ စာရာဟူသောအမည်ဖြင့် ခေါ်ရ၏။ 16သူ့ကိုငါကောင်းချီးပေး၍၊ သူ့အားဖြင့်လည်း သင်အားသားကိုပေးမည်။ အကယ်စင်စစ်သူ့ကို ကောင်းချီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်၌လည်း၊ အပြည်ပြည်သောရှင်ဘုရင်ဖြစ်ကြလိမ့်မည်ဟု၊ အာဗြဟံအားမိန့်တော်မူ၏။ 17ထိုအခါအာဗြဟံသည်ပျပ်ဝပ်လျက်၊ အသက်တစ်ရာရှိသောသူသည် သားကိုရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည်သားကိုဖွားလိမ့်မည်လောဟု ရယ်လျက်၊ စိတ်နှလုံးထဲမှာအောက်မေ့ပြီးလျှင်၊ 18ဣရှမေလသည် ရှေ့တော်၌အသက်ရှင်ပါစေသောဟု၊ ဘုရားသခင်ကို လျှောက်သောအခါ၊ 19ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဖွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့်မှည့်ရမည်။ သူ၌လည်းကောင်း၊ သူ့နောက်မှ သူ၏အမျိုးအနွယ်၌လည်းကောင်း ငါ၏ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။ 20ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းချီးပေး၏။ သူ့အနွယ်ကိုတိုးပွားစေ၍ သူ့ကိုအလွန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသောလူမျိုးဖြစ်စေခြင်းငှာလည်း ငါပြုမည်။ 21သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဖွားလတ္တံ့သောသားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင်၊ 22မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည်အာဗြဟံထံမှ တက်ကြွတော်မူ၏။
23အာဗြဟံသည်လည်း၊ သားဣရှမေလမှစ၍၊ ကိုယ်အိမ်၌ ဖွားသောသူအပေါင်း၊ ကိုယ်ငွေနှင့်ဝယ်သောသူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကိုယူ၍၊ ဘုရားသခင်မိန့်တော်မူသည်အတိုင်း၊ တစ်နေ့ချင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။ 24အာဗြဟံသည် ကိုယ်တိုင်အရေဖျားလှီးမင်္ဂလာကိုခံသောအခါ၊ အသက်ကိုးဆယ်ကိုးနှစ်ရှိ၏။ 25သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကိုခံသောအခါ၊ အသက်တစ်ဆယ်သုံးနှစ်ရှိ၏။ 26တစ်နေ့ချင်းတွင် အာဗြဟံနှင့် သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကို ခံလေ၏။ 27သူ၏အိမ်၌ဖွားသောသူ၊ တစ်ပါးအမျိုးသား၌ သူ၏ငွေနှင့်ဝယ်သောသူ၊ သူ၏အိမ်နှင့်ဆိုင်သောယောက်ျားအပေါင်းတို့သည်၊ သူနှင့်အတူ အရေဖျားလှီးမင်္ဂလာကို ခံကြလေ၏။
လက်ရှိရွေးချယ်ထားမှု
ကမ္ဘာဦး 17: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.