YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 17:1-14

ကမ္ဘာဦး 17:1-14 JBMLE

ထို​နောက်၊ အာ​ဗြံ​သည် အ​သက်​ကိုး​ဆယ်​ကိုး​နှစ်​ရှိ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား​တော်​မူ၍၊ ငါ​သည် အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ့​ရှေ့​မှာ​သွား​လာ၍ စုံ​လင်​ခြင်း​ရှိ​လော့။ ငါ၏​ပ​ဋိ​ညာဉ်​ကို သင်​နှင့် ငါ​ပြု​မည်။ သင့်​ကို​ငါ​အ​လွန်​များ​ပြား​စေ​မည်​ဟု မိန့်​တော်​မူ​၏။ အာ​ဗြံ​သည်​လည်း​ပျပ်​ဝပ်​လျင်၊ ဘု​ရား​သ​ခင်​က၊ ငါ​ပြု​သော​ပ​ဋိ​ညာဉ်​သည် သင်၌​ရှိ၏။ သင်​သည်​လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​လိမ့်​မည်။ နောက်​တစ်​ဖန်​သင်၏​အ​မည်​ကို အာ​ဗြံ​ဟု​မ​ခေါ်​ရ။ သင်၏​အ​မည်​ကို အာ​ဗြ​ဟံ​ဟု​ခေါ်​ရ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​သင့်​ကို များ​စွာ​သော​လူ​အ​မျိုး​တို့၏ အ​ဘ​အ​ရာ၌​ခန့်​ထား​ပြီ။ ငါ​သည် သင့်​ကို​အ​လွန်​ပွား​များ​စေ​မည်။ သင်​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်၌​လည်း ရှင်​ဘု​ရင်​ဖြစ်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​သင်၏​ဘု​ရား၊ သင့်​နောက်၌ သင့်​အ​မျိုး​အ​နွယ်၏​ဘု​ရား​ဖြစ်​မည်​ဟု၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့၌၊ ငါ့​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ သင်​သည် ယ​ခု​ဧည့်​သည်​ဖြစ်၍​နေ​သော​ပြည်​တည်း​ဟူ​သော၊ ခါ​နာန်​ပြည်​တစ်​လျှောက်​လုံး​ကို၊ သင်​အား​လည်း​ကောင်း၊ သင့်​နောက်၌​သင်၏​အ​မျိုး​အ​နွယ်​အား​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​အ​ပိုင်​ပေး​မည်။ သူ​တို့၏​ဘု​ရား​လည်း ငါ​ဖြစ်​မည်​ဟု မိန့်​မြွက်​တော်​မူ၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သို့​ဖြစ်၍ သင်​နှင့်​တ​ကွ​သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​တို့​သည်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​ရ​ကြ​မည်။ သင်​နှင့်​တ​ကွ သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ်​သည်၊ ငါ့​ရှေ့​မှာ​စောင့်​ရှောက်​ရ​သော ငါ၏​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ သင်​တို့​တွင် သား​ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ရ​မည်။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​သည်၊ ငါ​နှင့် သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့၌ သား​ယောက်ျား​တိုင်း၊ ကိုယ်​အိမ်၌​ဖွား​သော​သူ​ဖြစ်​စေ၊ ကိုယ်​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​၌ ငွေ​နှင့် ဝယ်​သော​သူ​ဖြစ်​စေ၊ အ​သက်​ရှစ်​ရက်​မြောက်​လျှင်၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​ရ​မည်။ ကိုယ်​အိမ်၌​ဖွား​သော​သူ၊ ကိုယ်​ငွေ​နှင့်​ဝယ်​သော​သူ​သည်၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ရ​မည်။ ငါ့​ပ​ဋိ​ညာဉ်​လည်း သင်​တို့၏​အ​သား၌ ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​လိမ့်​မည်။ အ​ရေ​ဖျား​မ​လှီး၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သား​ယောက်ျား​ကို သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ရ၏။ ထို​သူ​သည် ငါ့​ပ​ဋိ​ညာဉ်​ကို​ဖျက်​လေ​ပြီ​ဟု အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။